အထူးကုန်စည်ခွန်ပေးဆောင်ရန်မလိုသော Honda CR-V, 2017


မြန်မာနိုင်ငံတွင် မော်တော်ကားတင်သွင်းသည့်အခါ ပေးဆောင်ရသော အခွန်ရာခိုင်နှုန်းများသည် ကိုယ်တင်သွင်းသော ကား၏ အင်ဂျင်အပေါ်မူတည်ပြီး ပြောင်းလဲလေ့ရှိပါသည်

အင်ဂျင်အကြီးနှင့် အသေးတွင် အင်ဂျင်ပါဝါအသေးများသည် အခွန်ရာခိုင်နှုန်းသိသိသာသာ ပိုပြီးသက်သာစေပါသည်။

ဥပမာအားဖြင့် အင်ဂျင် 1500 CC/1.5L နှင့် အောက်ကားများဆို အထူးကုန်စည်ခွန်ပေးဆောင်ရန်မလိုပေ။

တိုက်တိုက်ဆိုင်ဆိုင် Honda CR-V ၏ နောက်ဆုံး Generation ဖြစ်သော ၂၀၁၇ မိုဒယ်သည် အင်ဂျင် 1.5L နှင့် ထုတ်လုပ်ထားခြင်းဖြစ်သည့်အတွက် တင်သွင်းရန် ထည့်သွင်းစဉ်းစားသင့်သော ကားအမျိုးအစားတစ်ခု ဖြစ်လာခဲ့ပါသည်။

Honda CR-V ဆိုသည်မှာ အထူးတလည် မိတ်ဆက်ပေးနေရန် မလိုပေ။

Compact Crossover SUV အနေနှင့် ထုတ်လုပ်ထားပြီး မြို့တွင်းစီးစီး၊ ခရီးသွားသွား အထူးသင့်လျော်သော ကားအမျိုးအစား တစ်ခုဖြစ်ပါသည်။

ဟိုအရင် ၁၉၉၉-၂၀၀၀ မိုဒယ်မှ ၂၀၁၂-၂၀၁၃ မိုဒယ်များခန့်အထိကို နိုင်ငံတွင် လူစီးများနေသော ကားအမျိုးအစားလည်းဖြစ်ပါသည်။

CR-V ကို ၂၀၁၇ မိုဒယ်တွင် 5th Generation အနေဖြင့် ပုံစံသစ် စတင်ထုတ်လုပ်လိုက်ပါသည်။

New Generation ဖြစ်ခြင်းနှင့်အညီ ကား၏ ရုပ်ထွက်၊ Turbocharged Engine၊ ပိုမိုကောင်းမွန်သော အတွင်းခန်းဖွဲ့စည်းပုံများအပါအဝင် လုံးဝကို ဒီဇိုင်းကွဲထွက်သွားပါသည်။

ဂရိတ်ခွဲများအနေဖြင့် LX၊ EX၊ EX-L နှင့် Touring ဟူ၍ ခွဲခြားထားပါသည်။

LX ကိုတော့ အင်ဂျင် 2.4L နှင့်ထုတ်လုပ်ပြီး ကျန်သော ဂရိတ်အားလုံးကိုတော့ 1.5L နှင့် ထုတ်လုပ်ထားပါသည်။

LX ဂရိတ်က အင်ဂျင် 2.4L ဖြစ်၍ အခွန်ရာခိုင်နှုန်းလည်း ပိုများမည်ဖြစ်သကဲ့သို့ ကား၏ ဂရိတ်ကလည်း Base ဖြစ်နေပါသည်။ Turbocharged လည်းမဟုတ်သကဲ့သို့ TV ဆိုလျှင်လည်း ငါးလက်မအရွယ်လေးနှင့် Touch Screen တောင်မဖြစ်ပေ။

ထို့ကြောင့် Honda CR-V, 2017 ကို ရွေးချယ်မည်ဆိုပါက ဂရိတ်မြင့်ပြီး အခွန်ရာခိုင်နှုန်းလည်း ပိုသက်သာစေမည့် 1.5L ကိုသာ ရွေးချယ်သင့်ပါသည်။

အင်ဂျင် 1.5L ထဲတွင် EX ဆိုလျှင် Turbocharged 4-cylinder Engine ဖြစ်သွားပြီး ၁၈ လက်မအလွိုင်း၊ နှင်းခွဲမီး (fog lights)၊ နောက်ခန်းမှန်ကာလာ၊ Smart Key၊ Sunroof၊ ခုနစ်လက်မ Touch Screen များအပြင် အဆင့်မြင့် Safety Features များလည်း ပါဝင်လာပါမည်။

EX-L ဆိုလျှင် နောက်ဖုံးမိုတာ Power Liftgate၊ Driver Seat Memory၊ Speaker ရှစ်လုံး ပါဝင်လာပါသည်။

အမြင့်ဆုံး ဂရိတ်ဖြစ်သော Touring ဆိုလျှင် အရှေ့မီး LED Headlights၊ ခေါင်မိုးတန်း၊ Exhaust နှစ်ပေါက်၊ Hands-free Power Liftgate၊ Subwoofer စသည်တို့ ပါဝင်လာပါလိမ့်မည်။

Honda CR-V, 2017 model, 1.5L ကို USA မှတစ်ဆင့် မိမိအမည်ပေါက် မှာယူတင်သွင်းမည်ဆိုလျှင် ကားဖိုး၊ အခွန်အပါအဝင်အပြီးအစီးကို ကျပ်သိန်း ၇၅၀ မှ ကိုးရာဝန်းကျင် ကျသင့်ပါမည်။

အကယ်၍သာ နိုင်ငံတော်က ဝင်ငွေခွန်ရာခိုင်နှုန်း လျှော့ချလိုက်ခြင်းများ၊ လူအမည်ပေါက်မဟုတ်ဘဲ ကုမ္ပဏီအမည်တင်သွင်းခြင်းများ၊ သို့မဟုတ် ကိုယ့်တွင် ငွေဖြူပြစရာရှိခြင်းတိုဆိုလျှင် နောက်ထပ် ကျပ်သိန်း ခုနစ်ဆယ်၊ ရှစ်ဆယ်ဝန်းကျင်ခန့် ပိုပြီး သက်သာသွားပါမည်။

ရန်ကုန်လိုင်စင်လိုချင်လျှင် ကားအဟောင်းအပ်စလစ်၊ COE/ YVQC ဖိုး ထပ်မံကုန်ကျမည်ဖြစ်ပါသည်။

နယ်လိုင်စင်ဆိုပါက မည်သည့်ကုန်ကျစရိတ်များ ထပ်မံကုန်ကျတော့မည်မဟုတ်ပေ။

ကိုယ်ရွေးသော ကား၏ ဂရိတ်၊ အရောင်၊ မောင်းနှင်ပြီး မိုင်အနည်းအများအပေါ်မူတည်၍ ကားတန်ဖိုးတွင်ရော အခွန်တွင်ပါ ဈေးနှုန်း ပြောင်းလဲနိုင်ပါသည်။

 

Read 6624 times