ပြည်တွင်းကားဈေးကွက်တွင် Hybrid Car ဟု ဆိုလိုက်လျှင် Honda Civic နှင့် Honda Insight တို့ကို မြင်ယောင်မိမည် ဖြစ်ပါသည်။
ထိုကားများက ၁၃ဝဝ စီစီ ကားဈေးကွက်ထဲတွင် လူကြိုက်အများဆုံးဖြစ်နေ၍ ယခုအချိန်တွင် ကားအရောင်းစင်တာများက တင်သွင်းထားသော လက်ကျန်ကားများနှင့် တစ်ဦးချင်း တင်သွင်းသူများဆီမှာရှိသောကားများကိုရှာဖွေဝယ်ယူနေကြသည့်အတွက် တခြားကားများထက် ပိုပြီး အရောင်းအဝယ်ဖြစ်နေပါသည်။
Civic Hybrid ကို ၂ဝဝ၁ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပြီး အမေရိကန်က ပထမဆုံး Hybrid Automobile အနေဖြင့် California Air Resources Board (CARB) က ချီးမြှင့်ခဲ့သော Advance Technology Partial ZeroEmissions Vehicle (AT-PZEV) ဆုကို ရရှိခဲ့ပါသည်။
Hybrid Electric Powertrain အင်ဂျင်အမျိုးအစား အင်ဂျင်ပါဝါ ၁၃ဝဝ စီစီ ဖြစ်ပါသည်။ ထိုကား၏ အင်ဂျင်က တစ်ကုမ္ပဏီတည်းဖြစ်သော Honda Insight နှင့် အမျိုးအစားချင်းတူပါသည်။ ဒုတိယမျိုးဆက်မှစ၍ အရည်အသွေးပိုကောင်းမွန်သော ဘက်ထရီများ အသုံးပြုခဲ့ပြီး မတော်တဆ ဘက်ထရီ ချွတ်ယွင်းပျက်စီးသည့်အခါ အသစ်လဲလှယ်မည်ဆိုလျှင် ဒေါ်လာတစ်ထောင်ကျော် ကျသင့်မည် ဖြစ်ပါသည်။
Civic Hybrid တွင် MXST ၊ MX နှင့် MXB ဂရိတ်သုံးမျိုးရှိပါသည်။ MXST ဂရိတ်က အမြင့်ဆုံးဖြစ်၍ Smart Key ၊ Digital Aircon ၊ ဘက်မှန်မီးခြောက်ပါရှိပြီး ထိုင်ခုံ ကြိုးချုပ်ဖြစ်သွားပါသည်။ ထို့နောက် MXST ဂရိတ်တွင်Steering Volume Control ၊ ရှေ့နှင်းခွဲမီး၊ ရှေ့/နောက် Spoiler များ ပါသွားသကဲ့သို့ Leather Steering နှင့် Original အလွိုင်းဆိုက် ၁၆ လက်ဖြစ်သွားပါသည်။ MX ဂရိတ်မှာ Digital Aircon ၊ Smart Key ၊ Volume Control ပါ မပါခြင်းမှာ ဂရိတ်အခြေအနေအပေါ်တွင်သာ မူတည်ပါသည်။ MXB မှာ ဂရိတ်အနိမ့်ဆုံးဖြစ်ပြီး ဘက်မှန်မီးခြောက်ကအစ မပါတော့ပေ။
Honda Civic Hybrid ၂ဝ၁ဝ မိုဒယ်ကို ရန်ကုန်လိုင်စင်နှင့် ဝယ်ယူမည်ဆိုလျှင် အက္ခရာ၊ ဂရိတ်နှင့် ကားအရောင်အပေါ်မူတည်ပြီး သိန်း ၂၃ဝ မှ ၂၇ဝ ကြားမှာ ရှိပါသည်။