EU က e-fuel အသုံးပြုခွင့်ပေးသဖြင့် Honda နှင့် Porsche တို့ ထိပ်ဆုံးတွင် ယှဉ်ပြိုင်


ဥရောပသမဂ္ဂ ( EU ) ဟာ မတ်လ ၂၆ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲတွင် လောင်စာဆီအသုံးပြုသည့် အင်ဂျင်ကားများကို ၂၀၃၅ ခုနှစ်နောက်ဆုံးထား၍ ရောင်းချမှု ပိတ်သိမ်းရန် စီစဉ်ခဲ့သော်လည်း E-fuel ဟုခေါ်သည့် ဓာတုလောင်စာအသုံးပြုမည်ဆိုပါက ၂၀၃၅ ခုနှစ်ကျော်အထိရောင်းချမှု ခွင့်ပြုရန် သဘောတူညီမှု ပေးခဲ့သည်။ 

 

ဂျပန်မော်တော်ယာကုမ္ပဏီ Honda Motor နှင့် ဂျာမနီမော်တော်ယာဉ်ကုမ္ပဏီ Porsche တို့သည် EU ၏ သဘောထားကို ပြောင်းလဲနိုင်ရန် အခြေအနေကောင်းများ ပိုင်ဆိုင်နေပြီး ၎င်းတို့တွင် E-fuel ထုတ်လုပ်ရန်အတွက် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထုတ်လုပ်ရေး အစီအစဉ်များ နေရာတကျရှိနေပြီဖြစစ်သည်။ 

 

E-fuel ဟုခေါ်သည့် အထူးပြုပြင်ထားသည့် ဓာတုလောင်စာ ထုတ်လုပ်သူများသည် မော်တော်ယာဉ်များကဲ့သို့ လျှပ်စစ်မော်တာများ အလွယ်တကူ ကူးပြောင်းနိုင်ခြင်းမရှိသည့် လေယာဉ်နှင့် သင်္ဘောများအတွက် ဦးတည်ထုတ်လုပ်နေကြသည်။

 

ဓာတုလောင်စာ များသည် ထုတ်လုပ်ရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် Carbon Dioxide များနှင့် ပြန်လည်အသုံးပြုနိုင်သော  စွမ်းအင်အဖြစ် အသုံးပြုနိုင်သည့် Green Hydrogen များဖြင့် ပေါင်းစပ်ကာ လောင်စာအဖြစ် ပြန်လည် ထုတ်လုပ်ခြင်းဖြစ်သည်။ ဤပြုပြင်ထားသည့် ဓာတုလောင်စာများကို လက်ရှိ လောင်စာအင်ဂျင်များနှင့် ဓာတ်ဆီဆိုင်များတွင် ထည့်သွင်းအသုံးပြုနိုင်သည့် အားသာချက်ရှိသည်။ 

 

ဓာတုလောင်စာထုတ်လုပ်ပုံ အကြမ်းဖျင်း ရှင်းလင်းချက်


 

သို့သော်လည်း ရေမှ ဟိုက်ဒရိုဂျင်ထုတ်လုပ်ခြင်း၊ ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် ပေါင်းစပ်ကာ အင်ဂျင်အတွင်းရှိ လောင်စာဆီ လောင်ကျွမ်းခြင်း အပါအဝင် မော်တော်ယာဉ် ထုတ်လုပ်မှုမှ မောင်းနှင်မှုအထိ အချက်ပေါင်း မြောက်မြားစွာတွင် စွမ်းအင်များ ဆုံးရှုံးနိုင်သည်။ 

 

အဆိုပါ ဓာတုလောင်စာစွမ်းအင်၏ စွမ်းဆောင်ရည်နှင့်ပတ်သက်၍ နည်းပညာအခက်အခဲများစွာ ရှိနေပြီး ပြန်လည်ဖြည့်စွက်အသုံးပြုနိုင်သည့် စွမ်းအင်သုံး လျှပ်စစ်ကားတစ်စီးသည် ပြုပြင်ထားသည့် ဓာတုလောင်စာသုံးကားထက် ၅ ဆ ပိုကွာဝေးအောင် သွားလာနိုင်သည်ဟု သိရသည်။ 

 

ဓာတုလောင်စာများသည် ဓာတ်ဆီ၊ ဒီဇယ်ဆီများနှင့် တူညီသည့် ဓာတုဖွဲ့စည်းပုံ ရှိပြီး လောင်ကျွမ်းသည့်အချိန်တွင် Nitrogen Oxide ဓာတ်ငွေ့ကဲ့သို့ ဓာတ်ငွေ့ အညစ်အကြေးများ ထွက်ရှိမည်ဖြစ်ပြီး Mercedes-Benz ၏ ဥက္ကဌဖြစ်သူ Ola Källenius က ဓာတုလောင်စာများဟာ လက်ရှိ ကားများမှ ထုတ်လွှတ်နေသည့် ဓာတ်ငွေ့များကို လျှော့ချရန် အစားထိုးရမည်ဖြစ်ပြီး ကားများအတွက် စွမ်းအင်သစ် အနေဖြင့် အသုံးချရန် မဟုတ်ကြောင်း ပြောကြားခဲ့သည်။ 

 

Porsche နှင့် ၎င်းနည်းတူ ဂျာမနီအခြေစိုက် Siemens Energy ကုမ္ပဏီတို့သည် ဒီဇင်ဘာလတွင် Chile နိုင်ငံတောင်ပိုင်းတွင် ဂျာမနီအစိုးရ၏ ထောက်ပံ့ငွေဖြင့် ရှေ့ပြေးစက်ရုံများ တည်ဆောက်ခဲ့ကြပြီး အဆိုပါစက်ရုံသည် ၂၀၂၄ ခုနှစ်တွင် တစ်နှစ်အတွင်း ဓာတုလောင်စာ လီတာပေါင်း ၅၅ သန်း ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ၂၀၂၇ ခုနှစ်တွင် လီတာပေါင်း သန်း ၅၅၀ အထိထုတ်လုပ်နိုင်ရန် တိုးချဲ့သွားမည် ဖြစ်သည်။ 

 

Advertisement

Click Here >>> Asia Concrete Products

 

Honda သည် အမြန်ဆုံးအရှိန်ဖြင့် ခရီးရှည် မောင်းနှင်ရသည့် ကားပြိုင်ပွဲများတွင် အထူးပြုပြင်ထားသည့် လောင်စာများကို အသုံးပြုရန်ကြံစဉ်နေပြီး မော်တော်ကား တီထွင်ထုတ်လုပ်သူများသည် စီးပွားဖြစ် ပြုလုပ်နိုင်ရန်အတွက် ဓာတ်ကူပစ္စည်းများနှင့် အခြားသော လိုအပ်သည့် ပါဝင်ပစ္စည်းများကို ထုတ်လုပ်ရန် HondaJet အပေါ့စား လေယာဉ်တစ်စီးဖြင့် စမ်းသပ်ကာ လေ့လာလျက်ရှိသည်။ ဒါ့အပြင် Toyota Motor မှ ထုတ်လုပ်ခဲ့သည့် ဓာတုလောင်စာသုံးကားတစ်စီးသည် အကြမ်းခံသည့် စမ်းသပ်မှုပြိုင်ပွဲ တစ်ခုတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။ 

 

ဓာတုလောင်စာဖြင့် ပြိုင်ပွဲတွင် မောင်းနှင်ခဲ့သည့် Toyota ကား

 

ဂျပန် မော်တော်ကားထုတ်လုပ်သည့် ကဏ္ဍမှ လုပ်ငန်းရှင်များက EU ၏ ဆုံးဖြတ်ချက်ကို လက်ခံ ကြိုဆိုခဲ့ကြပြီး Isuzu Motors ၏ ဥက္ကဌဖြစ်လာမည့် Shinsuke Minami က လက်ရှိ သုံးစွဲနေသည့် လောင်ကျွမ်းအင်ဂျင် နည်းပညာကို ဆက်လက် အသုံးပြုလို့ရဦးမည် ဖြစ်သည်ဟု ပြောကြားခဲ့သည်။ 

 

ယခုလို အထူးပြုပြင်ထားသည့် လောင်စာများအား လေကြောင်းပိုင်း ယာဉ်များတွင် တွင်တွင်ကျယ်ကျယ် အသုံးပြုကြပါက ဈေးနှုန်းသက်သာလာနိုင်ပြီး မော်တော်ကားများသို့ ပျံ့နှံ့လာရန် တွန်းအားပေးနိုင်လိမ့်မည်ဟု Nissan Motor ၏ အမှုဆောင်တစ်ဦးက ပြောကြားခဲ့သည်။ 

 

မော်တော်ကားများတွင် ဓာတုလောင်စာ အသုံးပြုခြင်းက လျှပ်စစ်ကားထုတ်လုပ် လည်ပတ်မှုကြောင့် လျော့ကျသွားသည့် အလုပ်အကိုင်များနှင့် စက်ရုံများကို ပြန်လည် ထိန်းသိမ်းပေးနိုင်မည် ဟူ၍ အချို့သော သူများက ယုံကြည်ကြသည်ဟု ဆိုသည်။ 

 

သူတို့ဟာ ပြုပြင်ထားသည့် ဓာတုလောင်စာအတွက် လိုအပ်လာမည့် အင်ဂျင်အစိတ်အပိုင်းများဟာ ဝယ်လိုအားများလာအောင် ဖန်တီးပေးလိမ့်မည်ဖြစ်သည်ဟု ဂျပန်စက်ပစ္စည်းတင်သွင်းရောင်းချသူ Riken ၏ အမှုဆောင်တစ်ဦးက ပြောကြားခဲ့သည်။ 

 

ကုန်ကျစရိတ်ကြီးမားခြင်းသည် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနိုင်ရန်အတွက် အကြီးမားဆုံး အခက်အခဲတစ်ခု ဖြစ်နေပြီး ၂၀၂၁ ခုနှစ်တွင် Porsche သည် ၎င်း၏ Chile စက်ရုံမှ ထုတ်လုပ်မည့် ဓာတုလောင်စာကုန်ကျစရိတ်သည် ၁ လီတာလျှင် အမေရိကန် ၁၀ ဒေါ်လာမှစ၍ ရှိနိုင်ကြောင်း ခန့်မှန်းခဲ့ပြီး နောက်ပိုင်း အပြည့်အဝထုတ်လုပ်နိုင်သည့် အခြေအနေတွင် ၁ လီတာလျှင် အမေရိကန် ၂ ဒေါ်လာ အထိ ကျဆင်းနိုင်လိမ့်မည်ဟု ခန့်မှန်းထားခဲ့သည်။ 

 

ဂျပန်နိုင်ငံ၏ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနသည် နိုင်ငံတွင်း ဓာတုလောင်စာ ထုတ်လုပ်မှု ကုန်ကျစရိတ်မှာ သမားရိုးကျ ဓာတ်ဆီရောင်းဈေးထက် တစ်လီတာလျှင် ယန်း ၇၀၀ သို့မဟုတ် အမေရိကန် ဒေါ်လာ ၅.၃၀ ခန့် အထိ မြင့်မားနိုင်သည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

 

Zero Petroleum ဓာတုလောင်စာ

 

လေယာဉ်နှင့် သင်္ဘောများ၏ အပြိုင်အဆိုင် ဖြစ်လာမည့် ဝယ်လိုအားသည်လည်း ပြဿနာတစ်ခု ဖြစ်လာနိုင်ပြီး LMC Automotive ၏မျှော်မှန်းချက်အရ ၂၀၂၆ ခုနှစ်သို့ ရောက်ရှိလျှင် ဓာတုလောင်စာ ၂ ဘီလီယံ ဂါလံ အထိ ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ၂၀၂၈ ခုနှစ်တွင် ၅ ဘီလီယံ ဂါလံထုတ်လုပ်နိုင်မည် ဖြစ်ကာ ဤပမာဏသည် လေကြောင်းယာဉ်များ လိုအပ်ချက်၏ ၅.၅% သာရှိကြောင်းသိရသည်။ ဒါ့အပြင် မော်တော်ယာဉ်များတွင် အသုံးပြုဖို့ ဖြစ်နိုင်ချေနည်းမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

 

ဂျပန်မှ ရေနံလက်ကားရောင်းချသူများသည် ယခုလို ကြီးထွားလာသည့် ဈေးကွက်အတွင်းသို့ ဝင်ရောက်နိုင်ရန် ကြိုးပမ်းနေကြပြီး Eneos ကုမ္ပဏီသည် တစ်နေ့လျှင် စည် ၁ စည် ထုတ်လုပ်နိုင်မည့် စက်ရုံအသေးစားကို ၎င်း၏ Yokohama သုတေသနစင်တာအတွင်း တည်ဆောက်နေသည်ဟု သိရသည်။ 

 

၎င်းသည် ၂၀၄၀ ခုနှစ်တွင် စီးပွားရေးအရ ရောင်းဝယ်ရေးအတွက် ထုတ်လုပ်ရေးလုပ်ငန်းများ ပြုလုပ်နိုင်ရန် မျှော်မှန်းထားကာ ထိုနှစ်မတိုင်ခင် ၂၀၂၈ ခုနှစ်အတွင်း အလယ်အလတ်တန်းစား စက်ရုံတစ်ခုအဖြစ် အဆင့်မြှင့်သွားမည်ဖြစ်ပြီး တစ်နေ့လျှင် စည်ပေါင်း ၃၀၀ အထိ ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားသည်။ 


Source - Nikkei Asia

Read 275 times