လိပ်ခုံးကားလေးရဲ့အစ


၁၉၃၄ ခုနှစ် နာဇီပါတီရဲ့ ခေါင်းဆောင်ကြီး ဟစ်တလာက အင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ ဖာဒီနန် ပေါရှေးနဲ့ ဆွေးနွေးတိုင်ပင်ပြီး ကားတစ်စီး တည်ဆောက်ခိုင်းခဲ့ပါတယ်။

အဲ့ဒီအချိန်က ကားတွေဆိုတာ သူဌေးကြီးတွေပဲ စီးနိုင်တယ်။

ဒါကြောင့် ဂျာမနီမှာ ကားစီးနိုင်တဲ့သူတွေ အရမ်းနည်းနေသေးပါတယ်။

ရှိတဲ့ကားတွေကလည်း သူဌေးတွေပဲ စီးနိုင်တဲ့ ဇိမ်ခံကားတွေ။ ဟစ်တလာက သူ့လူမျိုးတွေကို ကားပေါပေါသီသီစီးစေချင်ပါတယ်။

ဒါနဲ့ပဲ ပေါရှေးနဲ့ ဆွေးနွေးခဲ့ကြတာ။ ပြည့်သူ့ကား လို့အဓိပ္ပါယ်ရတဲ့ Volks Wagen ဆိုတဲ့ နာမည်နဲ့ ကားတစ်စီးထုတ်ပေးဖို့။ ကုန်ကျစရိတ်ကို နာဇီ ပါတီကပဲ ကျခံပေးခဲ့ပါတယ်။

Beetle ကတော့ ကားရဲ့ဒီဇိုင်းက ပိုးတောင်မာ နဲ့တူလို့ Beetle ဖြစ်သွားရတာပါ။

ဟစ်တလာက ပြည်သူ့ရေဒီယိုဆိုပြီး People's Radio ကို ထုတ်ပေးခဲ့ပြီးပြီ။ ပြည်သူတွေ သတင်းတွေ ကြားရအောင်ဆိုပေမယ့် အမှန်ကတော့ နာဇီဝါဒတွေ ဖြန့်ဖို့အတွက်ထုတ်ပေးထားတာ ဖြစ်ပါတယ်။

ဟစ်တလာလိုချင်တာက မိသားစုတစ်စု တက်နိုင်တဲ့ဈေးတဲ့ တစ်မိသားစုလုံးစီးလို့ဆန့်တဲ့ ကားတစ်စီး။ ဒါနဲ့ပဲ လူကြီး ၂ ယောက် ကလေး ၃ ယောက်ဆန့်ရမယ်ဆိုပြီး သတ်မှတ်ပေးလိုက်တယ်။

အမြန်နှုန်းကို တစ်နာရီကီလို ၁၀၀ လောက်ရှိရမယ်။ ဆီစားနှုန်း ကီလို ၁၀၀ ကို ဆီက ၇ လီတာလောက်ပဲ ကုန်ရမယ်။ နောက် ပစ္စည်းအစိတ်အပိုင်းတွေပျက်တဲ့အခါ ဈေးသက်သက်သာသာ မြန်မြန်ဆန်ဆန်နဲ့ လဲလှယ်ပေးနိုင်ဖို့ကို ညွှန်ကြားခဲ့တယ်။

အင်ဂျင်က လေအအေးခံ (Air- cooled) စနစ်နဲ့ ဖြစ်လာပုံကတော့ အဲ့ဒီအချိန်အခါတုန်းက ကားရှိတဲ့သူတွေ နည်းသလို အိမ်တိုင်းမှာလည်း ကားထားဖို့ ဂိုထောင်တွေ မရှိသလောက် ရှားတယ်။

ဂျာမနီမှာက အေးတယ်။ ကားဝယ်ပြီးရင် အပြင်လေ အေးအေးထဲမှာပဲ ထားရဖို့များတယ်။

ဒီတော့ အင်ဂျင်ကို ရေအအေးခံစနစ်နဲ့ပဲ သုံးလိုက်ရင် မနက်ကျရင် အင်ဂျင်ကူးလန့်တွေက အေးခဲနေလိမ့်မယ်။

စက်နှိုးဖို့အတွက် အင်ဂျင်ကို အရင်မီးမြိုက်နေရလိမ့်မယ်။ (Anti freezeတွေကလည်း ပေါ်ခါစမို့ စွမ်းဆောင်ရည်မြင့် လေယာဉ်တွေမှာပဲ သုံးနိုင်သေးတယ်။ ဈေးကြီးနေဆဲ။)

ဒါနဲ့ပဲ လေအအေးခံစနစ်နဲ့ အင်ဂျင်နဲ့ စတင်ခဲ့ရတယ်။

အင်ဂျင်ကို နောက်မှာထားရတာကလည်း အကြောင်းရှိတယ်။

ရှေ့အင်ဂျင် နောက်ဘက်ကို Drive shaft ပြေးပြီး မောင်းနှင်တဲ့ နောက်ယက် စနစ်က Drive shaft ကြောင့် တုန်ခါမှုတွေများတယ်။

ဒါကြောင့် စွမ်းအင်ဆုံးရှုံးမှုတွေ ရှိတယ်။ ဒီလိုမဖြစ်အောင်ဆိုပြီး နောက်အင်ဂျင် နောက်ယက်စနစ်ကို ဖန်တီးခဲ့တယ်။

နောက်ဆုံးမှာတော့ လိမ်ခုံးကား လို့ခေါ်တဲ့ Volkswagen Beetle ကားလေးထွက်ပေါ်လာခဲ့တယ်။

ဈေးနှုန်းကိုလည်း အဲ့ဒီအချိန်ခါက ဆိုင်ကယ်တစ်စီးစာလောက် ဈေးနှုန်းနဲ့ ရောင်းချခဲ့တယ်။

လူကြိုက်များခဲ့တဲ့ ကားတစ်စီးလည်း ဖြစ်ခဲ့ပါတယ်။ အခုချိန်ထိလည်း လူကြိုက်များနေဆဲပါပဲ။

Read 5927 times