Nissan Z-car အိမ်စီး ပြိုင်ကားရဲ့ ရာဇဝင်


အမေရိကန်ဈေးကွက်အတွက် တည်ဆောက်ခဲ့သော ပြိုင်ကားဖြစ်ပြီး တစ်မူထူးသည့် ရာဇဝင်နောက်ကြောင်းကို ပိုင်ဆိုင်ထားသည်။ 

Nissan သည်အားကစားကားများကိုနှစ် ၅၀ ကျော်ဆောက်လုပ်ခဲ့ပြီး ၁၉၆၉ ခုနှစ်ကျမှ ပထမဆုံး Nissan Z-car ကိုပြသခဲ့သည်။ ၎င်းသည် ၁၉၅၉ ခုနှစ်တွင် စတင်ခဲ့သော Datsun Sports / Datsun Fairlady / Nissan Fairlady ပြိုင်ကားများထံမှ ဆင်းသက်လာသည်။ ထိုအချိန်ကဗြိတိန်နှင့် အီတလီ နိုင်ငံတိို့တွင် ထုတ်လုပ်သည့် အမိုးဖွင့်မောင်း၍ရသော အိမ်စီးပြိုင်ကားများကို ကားဈေးကွက်ထဲ ယှဉ်ပြိုင်နိုင်သည့်ကားကို ဂျပန်ကားလုပ်ငန်းတစ်ခုအနေဖြင့် ပထမဆုံး ထုတ်လုပ်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။

 

အခြားဂျပန်ကားကုမ္ပဏီများက အလားတူ ကြိုးပမ်းခဲ့ကြရာ Honda က  S500 ကို ထုတ်လုပ်သည်။  Toyota  က  Sports 800 ကို ထုတ်လုပ်သည်။ Nissan က နိုင်ငံတကာစျေးကွက်တွင် ရောင်းချဖို့ ဖြစ်နိုင်စေသည့် ပြိုင်ကားတစ်စီး ရှိထားခြင်းသည် ကုမ္ပဏီ တိုးတက်မှုအတွက် မရှိမဖြစ် လိုအပ်ကြောင်း ခံယူသည်။ ၎င်း၏ Fairlady ကို အစားထိုးရန် Yamaha နှင့်လက်တွဲခဲ့သည်။ ထို့နောက် Nissan က Yamaha ၏ အင်ဂျင်ဟာ လုံလောက်အောင် ကောင်းမွန်ခြင်း မရှိဘူးလို့ ယူဆသည့်အတွက်  Yamaha YX-30 ရှေ့ပြေးပုံစံကို ဆက်မလုပ်ဘဲ ဖျက်သိမ်းလိုက်သည်။ 

 

ထိုအချိန်တွင်  Nissan  လက်ထဲမှာ  Prince Motor Company  ရှိနေသည်။ Prince Motor Company  သည် ပထမဆုံးသော Skyline  ပြိုင်ကားမော်ဒယ်ကို တီထွင်ခဲ့သည့် ကုမ္ပဏီ ဖြစ်သည်။

 

 

သို့ဖြစ်ရာ  Nissan အဖို့ ကုမ္ပဏီကို ဂုဏ်တက်စေမည့် ပြိုင်ကားတစ်စီး ထုတ်လုပ်ဖို့ အင်ဂျင်နီယာနှင့်ထုတ်ကုန်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့တို့ ရေကန်အသင့်ကြာအသင့် ရှိနေသည်ဟု ဆိုနိုင်သည်။ 

 

အိမ်စီးပြိုင်ကားတို့သည် ဈေးကြီးသည်မှာ ထုံးစံဖြစ်သည်။ Nissan က ၎င်း၏ အခြားကားမော်ဒယ်များတွင် သုံးစွဲထားသည့် အစိတ်အပိုင်းများဖြင့် သုံးစွဲထားသော အိမ်စီးပြိုင်ကားကို ဒီဇိုင်းထုတ်ပြီး တည်ဆောက်ခြင်းဖြင့် ဈေးသက်သာအောင် စီမံလုပ်ကိုင်သည်။ ၁၉၆၉ ခုနှစ် အောက်တိုဘာလတွင် နီဆန်း၏ ပထမဆုံးဖြစ်သော Nissan Fairlady Z ကို ဈေးကွက်ထဲသို့ မောင်းဝင်စေခဲ့သည်။  အမေရိကန် အိမ်စီးပြိုင်ကားဈေးကွက်ကို ဦးတည်ချက် ထားရှိသည်။

 

 

Nissan Fairlady Z / Datsun 240Z

 

၁၉၆၉ ခုနှစ်တွင် Nissan Fairlady Z သည် ရှည်လျားသော စက်ခန်အဖုံးပုံစံဖြင့် ထိုကာလ၌ ထုတ်လုပ်လေ့ရှိသည့် ဒီဇိုင်းပုံစံဖြင့် လမ်းများပေါ်သို့ ရောက်ရှိလာခဲ့သည်။ ဂျပန်ပြည်တွင်းဈေးကွက်အတွက် ဆလင်ဒါ အဖြောင့်ခြောက်လုံးထိုး ၂.၀ လီတာ အင်ဂျင်အရွယ်အစားရှိ အင်ဂျင်နှစ်မျိုးဖြင့် ထုတ်လုပ်ပေးထားသည်။ အင်ဂျင်ပါဝါမှာ မြင်းကောင်ရေ ၁၃၀ ရှိသည်။

 

ထို့နောက် ၁၉၇၁ ခုနှစ်တွင် အမေရိကန်နိုင်ငံသို့ တင်ပို့မှု စတင်ခဲ့ရာတွင် ကားအမှတ်တံဆိပ်ကို Datsun ဟု တံဆိပ်ကပ်သည်။ Datsun 240Z မော်ဒယ်အမည်ဖြင့် ဈေးကွက်ထဲ ဖြန့်ချိသည်။ ဆလင်ဒါ အဖြောင့်ခြောက်လုံးထိုး အင်ဂျင်ကို သုံးစွဲထားသော်လည်း  ဂျပန်ပြည်တွင်းအတွက် ထုတ်လုပ်သော ကားများထက် အင်ဂျင်အရွယ်အစား ပိုကြီးသည်။ ၂.၄ လီတာအင်ဂျင်ဖြစ်ပြီး ပါဝါမှာ ၁၅၁ မြင်းကောင်ရေ ရှိသည်။

 

ကားအတွင်းပိုင်းကို ကားသမားများအကြိုက်ဖြစ်အောင် လုပ်ပေးထားသည်။  ထိုခေတ်ထိုအခါက အလွန်စတိုင်ကျသည့်ကား ဖြစ်စေခဲ့ရာ အမေရိကန်တွင် အောင်မြင်မှု ချက်ချင်း ရရှိခဲ့သည်။ စစချင်း ပထမဆုံး တစ်နှစ်တွင် စီးရေ ၁၆၂,၂၁၅ ကို ရောင်းချနိုင်စေခဲ့သည်။ အိမ်စီးပြိုင်ကားများအကြားတွင် ဈေးချိုပြီး ထိုက်ထိုက်တန်တန် ဖြစ်သည့် အရည်အသွေးရှိသောကားဟု မှတ်ချက်ပြုခံရသည်။ ထိုခေတ်ငွေဈေးအရ ကားရောင်းဈေးမှာ အမေရိကန်‌ဒေါ်လာ ၃,၆၀၁  ဖြစ်သည်။ ယခုခေတ် ငွေဈေးအရ တွက်လျှင် အကြမ်းအားဖြင့် အမေရိကန်‌ဒေါ်လာ ၂၆,၀၀၀ ၀န်းကျင် ရှိသည်။

 

Nissan သည် ၁၉၇၄ တွင် ၎င်းပြိုင်ကားကို အဆင့်မြှင့်ခဲ့ပြီး 260Z ဟု အမည်ပေးခဲ့သည်။ ရှေ့ဘီးနှင့် နောက်ဘီး ဝင်ရိုးများကြား အကွာအဝေးဖြစ်သည့် wheelbase ကို  တစ်ပေနီးပါး (၁၁.၉ လက်မ) ပိုရှည်ပေးထားသည်။ ရှေ့တွင် နှစ်ယောက်စီး ဖြစ်ပြီး နောက်ထိုင်ခုံတွင်လည်း ၂ ယောက်စီး ဖြစ်သော်လည်း နေရာကျဉ်းသည်။ ကလေး ၂ ယောက် ထိုင်ဖို့ လုပ်ပေးထားသည့်သဘောဖြစ်သော 2+2 version ဖြစ်သည်။

 

၂.၆ လီတာအင်ဂျင်ကို  အခြေခံထားသည်။ ဆီထိုးကျွေးစနစ် fuel injection system အသစ် သုံးထားသည်။ မြင်းကောင်ရေ ၁၃၉ အထိသာ သုံးနိုင်အောင် ကန့်သတ်ချုပ်ချယ်ထားသည်။

 

Datsun 280Z နှင့် 280ZX 

 

Datsun အဖြစ် တံဆိပ်ကပ်ထားဆဲဖြစ်သော 280Z သည် အမေရိကန်ရှိ ပြိုင်ကားဈေးကွက်ထဲ ဆက်လက်ရှင်သန်နိုင်စေသည်။ ၁၉၇၅ တွင် အမေရိကန်ဈေးကွက်အတွက် အလန်းစား အိမ်စီးပြိုင်ကားအဖြစ် ထုတ်လုပ်ရောင်းချခဲ့ရာ အောင်မြင်မှုများ ရရှိခဲ့သည်။ အင်ဂျင်ကို ၂.၈ လီတာအထိတိုးချဲ့ခဲ့ပြီး ၁၇၀ မြင်းကောင်ရေရရှိစေခဲ့သည်။ 

 

၁၉၇၇ ခုနှစ်တွင် 280Z ကို  ဂီယာ ၅ ချက် လက်ထိုးဂီယာဖြင့်လည်း ထုတ်လုပ်သည်။  Datsun 280ZX ကို ဒုတိယမျိုးဆက်အဖြစ် ၁၉၈၀ ခုနှစ်တွင် ထုတ်လုပ်သည်။ ရောင်းအား မကောင်းချေ။ ၁၉၈၁ ခုနှစ်တွင် Datsun အမှတ်တံဆိပ် သုံးစွဲခြင်းကို Nissan  က အဆုံးသတ်လိုက်သည်။ 280ZX အတွက် ာက်ဆုံးမော်ဒယ်မှာ ၁၉၈၃ ခုနှစ်မော်ဒယ် ဖြစ်ပြီး ဒုတိယမျိုးဆက် ပြီးဆုံးသွားခြင်းလည်း ဖြစ်သည်။

 

 

Nissan 300ZX (Z31)

 

Z-car တတိယမျိုးဆက် စတင်သည့်အခါ Nissan အမည်ကိုသာ သုံးစွဲပြီး မော်ဒယ်နံပါတ်မှာ Nissan 300ZX (Z31)ဖြစ်သည်။ ၁၉၈၃ ခုနှစ်တွင် ဂျပန်မှာ စတင်ရောင်းချခဲ့ပြီး နောက်တစ်နှစ် ၁၉၈၄ ခုနှစ်တွင် အမေရိကန်မှာ ရောင်းချသည်။

 

ယခင် Z-car မျိုးဆက်ကို မွမ်းမံထားခြင်းမဟုတ်ဘဲ လုံးဝကွဲပြားသော အသစ် ဖြစ်သည်။ နည်းပညာပိုင်းတွင် ပိုမြင့်မားသည်။ အိမ်စီးပြိုင်ကားကို ဈေးချိုချိုဖြင့် ဈေးကွက်စေုရဖို့ လုပ်ကိုင်ခြင်းမျိုး မဟုတ်တော့ချေ။ အကောင်းစား အိမ်စီးပြိုင်ကားကို ဈေးအမြင့်ဖြင့် ဈေးဖွင့်ပြီးရောင်းသည်ဖြစ်ရာ ယခင် Z-car များထက် ဈေးပိုကြီးသည်။

 

စက်ဖုံးကို ဖွင့်ကြည့်လိုက်လျှင် မြင်ကောင်ရေ ၁၆၀ ရှိသည့် 3.0-liter အင်ဂျင်ကို တွေ့ရမဉ်။ ဆလင်ဒါ ၆ လုံး အင်ဂျင်ဖြစ်သော်လည်း ယခင်ကလို အဖြောင့်မဟုတ်တော့ချေ။ အစောင်းဖြစ်သည့်  V6 တာဘို အင်ဂျင် ဖြစ်သည်။ တာဘိုသုံးလျှင် နောက်ဘီးများ ယက်ဖို့ မြင်ကောင်ရေ ၂၀၀ အထိ ထုတ်ပေးသည်။

 

ကားအတွင်းပိုင်းမှာ ယခင်လိုပင် ရှေ့ခန်း ၂ယောက်နှင့် နောက်ခန်းကျဉ်း နှစ်ယောက် 2+2 ဖြစ်ပြီး ၂ယောက်စီး အိမ်စီးပြိုင်ကားကိုလည်း မူကွဲတစ်ခုအဖြစ် ထုတ်လုပ်သည်။ Nissan ၏ အိမ်စီးပြိုင်ကားZ-car ဆိုလျှင် ဈေးချိုသည်ဟု အစွဲရှိထားသော Nissan ပရိသတ်က ဈေးမြင့်နေသဖြင့် နောက်တွန့်ကြသည်။ ကားက ကောင်းသော်လည်း အစဉ်အလာက လမ်းပိတ်ထားသဖြင့်  Nissan 300ZX (Z31)ရောင်းအား မှန်းထားသလောက် မပေါက်။ ၁၉၈၉ ခုနှစ်တွင် ထုတ်လုပ်မှု အဆုံးသတ်လိုက်သည်။

 

 

Nissan 300ZX (Z32)

 

Nissan က သင်ခန်းစာယူသည်။ အမြင့်တင်ပြီး ရောင်းသည်မှာ အဆင်မပြေသောအခါ အနိမ့်ပြန်ဆင်းသည်။ Z-car အစဉ်အလာထဲ ပြန်ဝင်ပြီး ၁၉၉၀ ခုနှစ်တွင် Z32 ကို ထုတ်လုပ်သည်။ 3.0-liter V6 တာဘို အင်ဂျင် ကို ဆက်သုံးထားပြီး ကိုယ်ထည်ချာစီပိုင်းကို ပြောင်းလဲလိုက်သည်။  twin-turbo မူကွဲတစ်မျိုးဖြင့်လည်း ထုတ်လုပ်သည်။ Nissan 300ZX twin-turbo သည် ရပ်ထားရာမှ တစ်နာရီ မိုင် ၆၀ အမြန်နှုန်းသို့ ၅ စက္ကန့်ဖြင့် ရောက်အောင် အရှိန်တင်ပေးနိုင်စွမ်း ရှိသည်။

 

 

Nissan 350Z

၁၉၉၇ မှ ၂၀၀၂ ခုနှစ်အထိ Z-car မော်ဒယ်အသစ် မထွက်ချေ။ ထို့နောက် 350Z  မော်ဒယ် ထွက်လာသည်။ Nissan 350Z သည် အိမ်စီးကားဆိုသည်ထက် ပြိုင်ကား ပိုဆန်သည်။ အမေရိကန်ဒေါ်လာ ၂၆ ၀၀၀ ဖြစ်ပေရာ ပြိုင်ကားဆန်သော အိမ်စီးပြိုင်ကားများကြားတွင် ဈေးချိုသည်ဟု ဆိုနိုင်သည်။

 

 

Nissan 370Z

၂၀၀၉ ခုနှစ်တွင် Nissan က ဆဌမမျိုးဆက်  Z-car  ကို ထုတ်လုပ်သည်။ ယခင် 350Z ကို အခြေခံပြီး ပိုမိုကောင်းမွန်အောင် လုပ်ထားသည်။ မော်ဒယ်နံပါတ်မှာ Nissan 370Z ဖြစ်သည်။

 

ယခင်အတိုင်း ၅စက္ကန့်အတွင်း သုံညမိုင်မှ တစ်နာရီမိုင် ၆၀ အရှိန်တင်နိုင်သည့် စံချိန်ကို ပြန်ထိန်းပေးထားသည်။ ရောင်းဈေးမှာ အမေရိကန်ဒေါ်လာ ၂၉၉၃၀ မှ ၃၅ ၇၆၀ အထိ ဖြစ်ပေရာ ဈေးထိုက်တန်သည့် အိမ်စီးပြိုင်ကား ဖြစ်သည်။ လက်ချိုးရေတွက်ကြည့်လျှင် ယခုအခါ ၁၀နှစ်ကျော်ပြီ ဖြစ်သော်လည်း 370Z သည် ရောင်းနေရဆဲ ဖြစ်သည်။ သို့သော် 370Z ထုတ်လုပ်မှုကို အနားပေးတော့မည်။

 

 

Nissan 400Z

 

Nissan က နောက်ထုတ်မဉ့် အိမ်စီးပြိုင်ကား 400Z Proto ကြေညာခဲ့သည်။ အလန်းစား Z-car မျိုးဆက်ကို လမ်းများပေါ် တင်ပေးဖို့ လုပ်ကိုင်နေပြီ ဖြစ်သည်။ မြင်တွေ့လိုက်သည့်အခါ Nissan  ရဲ့  Z-car ဟု တန်းသိအောင်လည်း အစဉ်အလာဒီဇိုင်းကို ထိန်းထားသည်။  လက်ထိုးဂီယာ သုံးထားသည်။အမြောက်အမြား ထုတ်လုပ်ပြီး ဈေးကွက်ထဲ ရောက်လာဖို့ကတော့ စောင့်ရဦးမည်ဟု ဆိုထားသည်။ 

 

Written By Aung Win, Aung Kyaw Oo

Ref: Nissan/CarBuzz

Read 1108 times