အင်ဂျင်ပြဿနာကြောင့် ဂျပန်မှာ Dyna အပါအဝင် Hino  အင်ဂျင်ထရပ်ကားအားလုံး  အရောင်းရပ်ထား


အင်ဂျင်ပြဿနာကြောင့် ဂျပန်မှာ Dyna အပါအဝင် Hino  အင်ဂျင်ထရပ်ကားအားလုံး  အရောင်းရပ်ထား

Toyota Motor  လက်အောက်မှ  Hino Motors သည် ၎င်းရဲ့ အပေါ့စား လုပ်ငန်းသုံး ထရပ်ကားများအတွက်  အင်ဂျင်စွမ်းဆောင်ရည် စမ်းသပ်မှုတွင် လေထုညစ်ညမ်းသည့် ဓာတ်ငွေ့ထုတ်လွှတ်မှုနှင့် ပတ်သက်တဲ့ ချို့ယွင်းချက် ရှိနေသည်ကို သိရှိရကြောင်း ထုတ်ပြန်ကြေညာပါတယ်။  Hino Motors ရဲ့ အကြီးစားထရပ်ကားကြီးများတွင် လေထုညစ်ညမ်းသည့် ဓာတ်ငွေ့ထုတ်လွှတ်မှုများ ရှိနေတာကို ဆယ်စုနှစ်အတန်ကြာ အရေးတယူ မလုပ်ခဲ့တာအတွက် ဝန်ခံခဲ့တာ သီတင်းပတ်အနည်းငယ် ကြာပြီးချိန်မှာ ထရပ်ကား အပေါ့စားတွေမှာလည်း ဓာတ်ငွေ့ထုတ်လွှတ်မှုမှာ အင်ဂျင် အရည်အသွေး မပြည့်ကြောင်း ထပ်မံသိရှိခဲ့တာ  ဖြစ်ပါတယ်။ 

 

အရည်အသွေးထိန်းချုပ်မှု အပိုင်းမှာ အားနည်းနေတဲ့ ထရပ်ကား အမျိုးအစားများ ပိုမို ကျယ်ပြန့်သွားစေပါတယ်။ လေထုညစ်ညမ်းဓာတ်ငွေ့ထုတ်လွှတ်မှု အနည်းအများ အဆင့်ကို ပြဋ္ဌာန်းချက်များနှင့်အညီ လုပ်ဆောင်ဖို့ ပျက်ကွက်ခဲ့ပါကြောင်း ကုမ္ပဏီက ဝန်ခံခဲ့ပါတယ်။  ယခုတစ်ကြိမ်မှာ Hino Dutro အပေါ့စားထရပ်အင်ဂျင်ကို စည်းကမ်းပြဋ္ဌာန်းချက်များနှင့်အညီ အနည်းဆုံးနှစ်ကြိမ် စမ်းသပ်စစ်ဆေးဖို့ လိုအပ်တာကို စစ်ဆေးခြင်းမပြုဘဲ စစ်ဆေးထားသည့်နှယ် စာရွက်စာတမ်းများ ပြင်ဆင်ပြီး အာဏာပိုင်တို့ထံ တင်ပြခဲ့တာ ဖြစ်ပါတယ်။ 

 

ပြဿနာတက်နေတဲ့ အင်ဂျင်တပ်ဆင်ထားတဲ့ ထရပ်ကားများ စက်ရုံမှ ပေးပို့ခြင်းကို Hino ကရပ်ဆိုင်းထားပါတယ်။ ယခုအခါ Hino ရဲ့ အင်ဂျင် တပ်ဆင်ထားတဲ့ ထရပ်ကားမှန်သမျှ ဂျပန်ပြည်တွင်း ကားဈေးကွက်ထဲသို့ ပေးပို့ခြင်း မပြုနိုင်တော့ပါဘူး။ Hino ရဲ့ ကမ္ဘာတစ်လွှား ထုတ်လုပ်မှု ပမာဏရဲ့ ၄၀% ဝန်းကျင် ရပ်ဆိုင်းသွားတာ ဖြစ်ပါတယ်။ ထို့ပြင် Hino ရဲ့ ထရပ်ကား အားလုံးနီးပါး ဂျပန်ဈေးကွက်ထဲ ပေးပို့မှု ဆိုင်းငံ့ထားရပါတယ်။  စက်ရုံမှ ထရပ်ကား ပေးပို့မှုများ ရပ်ထားရတဲ့အတွက် ဂျပန်ပြည်တွင်း ထုတ်လုပ်မှုရဲ့ ၆၀% ခန့်ကို ရပ်ထားရပါတယ်။ 

 

 ဂျပန်မှာ ရှိနေတဲ့ အဆိုပါချို့ယွင်းချက်အင်ဂျင် တပ်ဆင်ထားတဲ့ Toyota ရဲ့ brand များဖြစ်ကြတဲ့ Dyna နှင့် Toyoace အစီး ၁၉,၀၀၀ တို့လည်း ပြဿနာမှာ အကျုံးဝင်‌နေပါတယ်။ "ဒီဟာက လေးနက်ပြင်းထန်တဲ့ ကိစ္စရပ် တစ်ခုပါ။ ဘာမှ ကာကွယ်နေလို့ မရပါဘူး။ ကျွန်တော်တို့ ကိုယ်တိုင်စစ်ဆေးအတည်ပြုတဲ့ ရလဒ်တွေ မမှန်တဲ့အပြင် မူမမှန်တာတွေကို အာဏာပိုင်တွေက တွေ့ရှိခဲ့ပါတယ်" လို့ Hino ရဲ့ ဥက္ကဋ္ဌ Satoshi Ogiso က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားပါတယ်။ 

စုံစမ်းစစ်ဆေးမှုရဲ့ ရလဒ်များ ၃ လအတွင်း ရရှိစေမယ်လို့ Ogiso က ကတိကဝတ်ပြုပါတယ်။ ကုမ္ပဏီအနေဖြင့် အမှားအယွင်းများအတွက် ယခင်နှင့် လက်ရှိစီမံခန့်ခွဲမှုတို့တွင် ဘယ်အတိုင်းအတာအထိ တာဝန်ရှိကြောင်း ဆုံးဖြတ်မယ်လို့ ၎င်းက ပြောကြားပါတယ်။  စည်းမျဥ်းစည်းကမ်းများကို နားလည်မှုမရှိခြင်းနှင့် အတည်ပြုလက်မှတ်ပြုလုပ်ခြင်းလုပ်ငန်းစဉ်ကို စစ်ဆေးအတည်ပြုရန် လုံလောက်သော လုပ်ထုံးလုပ်နည်းများ မရှိခြင်းတို့ကြောင့် ယခုလို ပြဿနာများ တက်ကုန်ခြင်းသာဖြစ်ကြောင်း၊  "ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်ခြင်း"မဟုတ်ကြောင်းကို  ၎င်းက အလေးပေးပြောဆိုခဲ့သည်။

 

ယခင်ပေါ်ပေါက်ထားတဲ့ လေထုညစ်ညမ်း ဓာတ်ငွေ့ ထုတ်လုပ်မှု အချက်အလက် လိမ်လည်မှု ဖြစ်ရပ်များမှတစ်ဆင့် မီးခိုးကြွက်လျှောက် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြပါတယ်။ ဩဂုတ်လဆန်းမှာ အာဏာပိုင်များက ထရပ်ကားများကို လုပ်ငန်းခွင်မှာ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြရာမှ အပေါ့စားထရပ်ကားများမှာလည်း အင်ဂျင် ချို့ယွင်းချက် ရှိနေတာကို ထပ်မံသိရှိခဲ့တာ ဖြစ်ပါတယ်။ 

 

အင်ဂျင်ဓာတ်ငွေ့ထုတ်လွှတ်မှုနှင့် စွမ်းဆောင်ရည်ဆိုင်ရာ အချက်အလက်များကို နှစ် ၂၀ နီးပါး အချက်အလက် အစစ်အမှန်များ တင်ပြခြင်း မပြုခဲ့ကြောင်း Hino က ဝန်ခံပြောကြားခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်ကစလို့ ယခုအထိ Hino Dutro ထရပ်ကား စီးရေ ၇၆,၀၀၀ ခန့်ကို  ရောင်းချခဲ့ပြီး ဖြစ်ပါတယ်။ အချက်အလက်များ အမှန်အတိုင်း မတင်ပြထားတဲ့  ထရပ်ကား ယခင်နှင့် ယခု စုစုပေါင်း စီးရေ ၆၄၀,၀၀၀ ရှိပါတယ်။ 

 

ယခုအခါ ပြဿနာမှာ အကျုံးဝင်နေတဲ့ မော်ဒယ်များကို ဘယ်အချိန်ကျမှ ပြန်လည် ထုတ်လုပ်နိုက်မလဲဆိုတာ မသိနိုင်ပါဘူး။  "အာဏာပိုင်များက စစ်ဆေးရေးကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။ သူတို့ရဲ့ ညွှန်ကြားချက်များကို ကျွန်‌တော်တို့ လိုက်နာဆောင်ရွက်ပါမယ်" လို့  Ogiso မှ ပြောကြားခဲ့ပါတယ်။  Toyota Motor ရဲ့ အကြီးအကဲ Akio Toyoda က “Hino ကုမ္ပဏီရဲ့ မူမမှန်တဲ့ လုပ်ရပ် အသစ်တွေ ထပ်မံသိရှိလာတာကြောင့် သက်ဆိုင်သူတွေရဲ့ မျှော်လင့်ချက်နဲ့ ယုံကြည်မှုတွေ သိသိသာသာ ယိုယွင်းပျက်စီးသွားခဲ့ရတာအတွက် Hino ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့အပြင် အစုရှယ်ယာရှင်အနေနဲ့ပါ  အလွန်ဝမ်းနည်းစရာကောင်းပါတယ်” ပြောကြားပါတယ်။

 

 Hino ဟာ ၎င်းနှင့်သက်ဆိုင်သူများ၏ ယုံကြည်မှုကို ခံယူထိုက်သောကုမ္ပဏီတစ်ခုအဖြစ် ပြန်လည်မွေးဖွားနိုင်မလား ဆိုတာကို တိုယိုတာက  ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။

 

 #MyanmarAutomobileGuide 

 Source Asia.nikkei

Read 6819 times