တရုတ်နိုင်ငံ YUE DI နှင့် မြန်မာနိုင်ငံ Khaing Khaing Sangda ကားစက်ရုံတို့ ပူးပေါင်းထားသော ကားထုတ်လုပ်ရေးစက်ရုံမှ လျှပ်စစ်ကားအစီးရေ တစ်ရက်လျှင် အစီးရေ ၄၀ အထိ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေပြည်သာမြို့နယ် ၊ သာဓုကန် စက်မှုဇုန်ရှိ စက်ရုံမှ KSD-V1 နှင့် KSD- V2 နှစ်မျိုးကို ယခုလအတွင်း ထုတ်လုပ်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ပထမဆုံးလျှပ်စစ်ကားထုတ်လုပ်မှှုလည်း ဖြစ်ပါတယ်။“ ကျွန်တော် တို့ရဲ့ ရင်းနှီးမြှုပ်နှံမှုက တရုတ်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေဖို့ အဓိက ရည်ရွယ်ပါတယ်။ ဒီကားတွေ တင်သွင်းမှုအတွက် တရုတ်အစိုးရက အခွန်မယူပါဘူး။ မြန်မာနိုင်ငံသားတွေ ဈေးပေါပေါနဲ့ ဝယ်ယူ အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးသွားမှာပါ။ အရစ်ကျ စနစ်နဲ့လည်း ဆောင်ရွက်ပေးနိုင်ဖို့ အစီအစဉ်ရှိပါတယ်။
ကားတွေကို တရုတ်နိုင်ငံမှာ ထုတ်လုပ်ပြီး မြန်မာနိုင်ငံမှာ တပ်ဆင်ထုတ်လုပ်ပေးသွားမှာပါ”ဟု ထုတ်လုပ်သွားမည်ဖြစ်ကြောင်း Khaing Khaing Sangda ကားစက်ရုံ၏ မန်နေဂျင်းဒါရိုက်တာ မစ္စတာ Yu Jian Chen က သတင်းမီဒီယာများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။
KSD- V1 အမျိုးအစားသည် ငါးယောက်စီးနှင်းအသုံးပြုနိုင်သည့် ကားအမျိုးအစားဖြစ်ပြီး တစ်နာရီလျှင် အမြန်နှုန်း ၅၀ကီလိုမီဖြင့် မောင်းနှင်အသုံးပြုနိုင်မည့်အပြင် အင်ဂျင်ပါဝါမှာ ၂၀၀စီစီ ရှိကြောင်း သိရပါတယ်။ KSD-V2 အမျိုးအစားမှာလည်း ငါးယောက်စီးဖြစ်ပြီး အင်ဂျင်ပါဝါမှာ ၈၀၀ စီစီ ပါရှိသည့်အတွက် တစ်နာရီလျှင် ၅၅ကီလိုမီတာ မြန်နှုန်းမြင့် မောင်းနှင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။
KSD-V1ကို မြန်မာကျပ်ငွေ ၉၃သိန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး ဘက်ထရီ အာမခံအနေဖြင့် တစ်နှစ်ခွဲပါဝင်ပြီး KSD-V2 ကိုမူ ကျပ်ငွေ ၁၃၉သိန်းဖြင့် ရောင်းချမည်ဖြစ်ပြီး ဘက်ထရီ အာမခံ ငါးနှစ်အထိ ရရှိမည်ဖြစ်ကြောင်း သိရပါတယ်။ ထို့ပြင် အာမခံပေးထားသည့် ကာလအတွင်း ကား၏ စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းချက်များ ဖြစ်ပေါ်ပါက စက်ရုံမှ ပြန်လည်ပြုပြင်ပေးမည်ဖြစ်ကြောင်း သိရပါတယ်။
“ဘက်ထရီအားကုန်တယ်ဆိုရင်လည်း လျှပ်စစ်မီးရှိတဲ့ နေရာတွေမှာ အလွယ်တကူ အားသွင်းပြီး အသုံးပြုနိုင်မှာပါ။ အကယ်၍ ဟိုင်းဝေးလမ်းပေါ်ရောက်နေလို့ ဘက်ထရီအားနည်းနေပြီဆိုရလည်း ဆီထည့်ပြီး ကားရဲ့ဘက်ထရီကို အားဖြည့်ပေးနိုင်တဲ့ စက်ကိုလည်း ထည့်သွင်းပေးထားပါတယ်။
ဒါကြောင့် ဟိုင်းဝေးမှာလည်း ကောင်းစွာ အသုံးပြုနိုင်ပါတယ်”ဟု မစ္စတာ Yu Jian Chenက ထပ်မံဖြည့်စွက် ပြောကြားခဲ့ပါတယ်။ ထိုသို့ စက်ရုံများ ပေါ်ပေါက်လာသည့်အတွက် ပြည်တွင်း၌ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေမည့်အပြင် ကားထုတ်လုပ်မှုနှင့် ပတ်သက်သည့် နည်းပညာ ကျွမ်းကျင်ဝန်ထမ်းများကိုလည်း မွေးထုတ်ပေးနိုင်မှာလဲဖြစ်ပါတယ်။