၆၆၀ စီစီ လုပ်ငန်းသုံးဟိုက်ဂျက်ယာဉ်များ ဈေးကွက်အတွင်း ဈေးတက်အကြမ်းဆုံးဖြစ်


ဂျပန်ညာမောင်းယာဉ်တင်သွင်းခွင့်မရှိခြင်း၊ စီးပွားရေးလုပ်ငန်းများတွင် လိုအပ်ချက်မြင့် တက်လာခြင်းတို့ကြောင့် ပြည်တွင်းသို့တင်သွင်း ထားသော လက်ကျန်ဟိုက်ဂျက်ယာဉ်များအဝယ် လိုက်လာသဖြင့် ယခုကဲ့သို့ ဈေးအတက်ကြမ်း ရခြင်းဖြစ်ကြောင်း ယာဉ်ဝယ်ရောင်းပြုလုပ်သူ အများစုက သုံးသပ်ပြောဆိုလျက်ရှိပါတယ်။

တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများအတွက် မရှိမဖြစ်လိုအပ်သော ဂျပန်နိုင်ငံထုတ်ယာဉ်များမှာ ယာဉ်ကြံ့ခိုင်မှု ကောင်းမွန်ခြင်း၊ ပြင်ဆင်ရလွယ်ကူခြင်း၊ အပို ပစ္စည်းပေါများခြင်းတို့ကြောင့် မြန်မာပြည်အတွက် အသုံးတည့်နေသဖြင့် ထိုယာဉ်များကို ဝယ်ယူမှုများပြားလာရာ ယခင်ကျပ်သိန်း ၁၀ဝ အောက်၊ သိန်း ၇၀ ခန့်သာရှိသော ဟိုက်ဂျက် ယာဉ်ဈေးမှာ ၂၀၁၈ ခုနှစ် နှစ်လယ်ပိုင်းခန့် တွင် ကျပ် ၁၀ သိန်း၊ ၁၅ သိန်း စသည်ဖြင့် ဖြည်းဖြည်းချင်းမြင့်တက်လာကာ ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းလောက်၌ ကျပ်သိန်း ၁၃၀ ခန့် အထိပေါက်ဈေးရှိခဲ့ပါတယ်။

၂၀၁၉ နှစ်စပိုင်းခန့်တွင် ပေါက်ဈေး ကျပ်သိန်း ၁၃၀ မှ တဖြည်းဖြည်းဈေးများ ဆက်လက်မြင့်တက်လာရာ ယခုလက်ရှိအချိန်၌ ကျပ်သိန်း ၁၈၀ ခန့်ပေါက်ဈေးရှိနေသဖြင့် တစ်နှစ်တာကာလအတွင်း ကျပ်သိန်း ၁၀ဝ ခန့်မြင့်တက်သွားသောပေါက်ဈေးဖြင့် ဈေးတက် အကြမ်းဆုံးယာဉ်အမျိုးအစားအဖြစ် ကားဈေး ကွက်တွင်စံချိန်တင်နေခြင်းဖြစ်ပါတယ်။

"လက်ရှိဖြစ်နေတာက အင်ဂျင်ပါဝါ ၆၆၀ စီစီ လုပ်ငန်းသုံးဟိုက်ဂျက်ကားလေးတွေ ဈေးအတက်ဆုံးဖြစ်နေတယ်။ နယ်က တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းလုပ်တဲ့သူတွေကလည်းဂျပန် ၆၆၀ စီစီကားကိုပဲ အမေးများတယ်။ နယ်တွေ မှာ ကုန်သယ်ဖို့အတွက် မိုးတွင်းမရောက်ခင် ဝယ်ထားကြဖို့ပေါ့။ ဒီကားတွေက ဆီစားနှုန်း လည်း သက်သာတယ်။ ကားကြံ့ခိုင်မှုရှိသလို ပြင်ဆင်ရတာလည်းလွယ်တယ်။ အပိုပစ္စည်းဆို လည်း အရမ်းပေါတဲ့အတွက် ဂျပန်ကားလေးတွေပဲ သုံးလာကြတယ်။ မြန်မာလူမျိုးက အရင်ကတည်းက ဂျပန်ကားနဲ့ အဆင်ပြေနေပြီးသား ဖြစ်လို့ အဆင်ပြေတယ်။ ကားမူဝါဒချမယ်ဆိုရင် အပေါ်ကထိုင်နေပြီး အောက်ခြေကို မလေ့လာဘဲ မူဝါဒတွေ မချမှတ်သင့်ဘူး။ တကယ်မြေပြင်မှာ ဖြစ်နေတဲ့ အခြေအနေတွေ၊ ဈေးကွက်တွေကိုလေ့လာပြီး ပြည်သူ့အသံ နားထောင်ပေးဖို့လိုတယ်။ ကားဈေးအဲဒီလောက် တက်နေတာ ထိန်းချုပ်ဖို့လုပ်ပေးသင့်တယ်။ ဂျပန်လုပ်ငန်းသုံးကားတွေကို ညာမောင်းပြန်ခွင့်ပြုပေးသင့်တယ်"ဟု လုပ်ငန်းသုံးကားများ အရောင်းအဝယ်ပြုလုပ်နေသူ ကိုထွန်း(ခ) ကိုခေါင်းဖြူက မတ် ၁၆ ရက်၌ ပြောဆိုခဲ့တာဖြစ်ပါတယ်။

 

Read 5273 times