ခရီးသည်တင်ယာဉ်လိုင်းတွေ အခက်ခဲဆုံးအခြေအနေနဲ့ ရင်ဆိုင်နေရ


ခရီးသည်တင်ယာဉ်လိုင်းတွေ အခက်ခဲဆုံးအခြေအနေနဲ့ ရင်ဆိုင်နေရ

စက်သုံးဆီဈေးတွေတက်နေတဲ့အပြင် ခရီးသွားလည်းနည်းနေတာကြောင့် လုပ်ငန်းမရပ်အောင်ထိန်းပြီး ပြေးဆွဲနေရတယ်လို့ ပြည်တွင်း ခရီးသည်ယာဉ်လိုင်းလုပ်ငန်းရှင်တွေက ပြောပါတယ်။ လက်ရှိအခြေအနေဟာ ရုန်းကန်ရအခက်ခဲဆုံး အချိန်ဖြစ်ပြီး အခြေအနေ ပိုဆိုးလာရင်တော့ ခရီးသည်ပို့ဆောင်ရေး လုပ်ငန်းတွေအနေနဲ့ အပြောင်းအလဲတခုခု လုပ်ရလိမ့်မယ်လို့ ယာဉ်လိုင်းပိုင်ရှင်တွေက ပြောပါတယ်။ 

ဓာတ်ဆီတလီတာကို ကျပ်နှစ်ထောင်ကျော်၊ ဒီဇယ်တလီတာကို ကျပ်နှစ်ထောင့်ငါးရာ ကျော်လာပြီးတဲ့နောက်မှာ ပြည်တွင်း ခရီးသည်ပို့ဆောင်ရေး လုပ်ငန်းတွေလည်း တဖြည်းဖြည်း ရပ်တည်ဖို့ခက်ခဲလာတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။ အမြတ်မရတဲ့ ခရီးစဉ်တွေရှိပေမဲ့လည်း လုပ်ငန်းမရပ် သွားအောင် ထိန်းပြီးလည်ပတ်နေရတယ်လို့ ရန်ကုန်- မန္တလေး ခရီးသည်ပို့ဆောင်ရေး လုပ်ငန်းရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။

"ရုန်းကန်ရခက်ခဲတဲ့ အနေအထားမျိုးတွေ ရောက်နေတာပေါ့နော်။ ဆီဈေးက တအားတက်သွားတဲ့ အခါကျတော့ ကုန်ကျစရိတ်က ဆီပေါ်မှာတင် ၁၅၀,၀၀၀ လောက် ပိုတက်သွားတာလေ။ စိုက်ရတဲ့အခေါက်တွေလည်း စိုက်ရ အဲလိုမျိုးတွေရှိတာပေါ့။ မကိုက်လို့ လုပ်ငန်းကြီးရပ်ပစ်ဖို့ဆိုတာမျိုးက အဲဒါမှ ပိုအဆင်မပြေ ဖြစ်သွားမှာပေါ့နော်။ တခါတလေ ထားပါတော့ ဒီတခေါက်က တသိန်းလောက် စိုက်ရတယ်။ ဒီတခေါက်က သုံးသိန်းလောက်ကျန်တယ်ဆိုရင် စိုက်ရတဲ့အခေါက်က တသိန်းနုတ်လိုက်ရင် နှစ်သိန်းလောက်ပဲ ကိုယ့်အတွက် အကျိုးအမြတ် ရှိတော့တာပေါ့။"

ရန်ကုန်- မန္တလေးပြေးဆွဲနေတဲ့ ခရီးသည်ယာဉ်လိုင်းတစီးရဲ့ အသွားအပြန်ကုန်ကျစရိတ်က ဆီဖိုး၊ ဝန်ထမ်းဖိုး၊ လမ်းတံတားကြေး အားလုံးပေါင်းရင် ကျပ်ဆယ်သိန်းလောက် ရှိပါတယ်။ တခါတလေ ဒီကုန်ကျစရိတ်ရဲ့ ထက်ဝက်လောက်ပဲ ပြန်ရတယ်လို့ ခရီးသည်ပို့ဆောင်ရေး လုပ်ငန်းရှင်တချို့က ပြောပါတယ်။

၂၀၂၁ ထဲမှာ ကိုဗစ်ကြောင့် ခရီးသွားလုပ်ငန်းတွေ ထိခိုက်ခဲ့တုန်းက ယာဉ်စီးခနှုန်းတားတွေကို ယာဉ်လိုင်းတချို့က တိုးပြီး ကောက်ယူခဲ့ပါတယ်။ အခုတော့ စက်သုံးဆီဈေးတက်ပြီး ခရီးသွားလည်း ကျသွားတဲ့အတွက် ဒီထက်တိုးပြီးယူဖို့တော့ မဖြစ်နိုင်ဘူးလို့ မန္တလေး-ပုဂံ-ညောင်ဦး ပြေးဆွဲနေတဲ့ ယာဉ်လိုင်းပိုင်ရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။

" ၂၀,၀၀၀ ယူတဲ့လိုင်းဆိုရင် ၂၃,၀၀၀ အထိ တက်သွားတယ်၊ ၂၅,၀၀၀ အထိ တက်သွားတာမျိုးတွေ ရှိတယ်ဗျ။ မန္တလေး-ပုဂံ-ညောင်ဦး ဆွဲနေတဲ့လိုင်းတွေဆိုရင် ၁၅,၀၀၀ နဲ့ပဲ ဆက်ဆွဲနေရတာတွေ ရှိတယ်။ တကယ်တမ်း ဆီဈေးနှုန်းအရ ကိုက်လားဆိုတော့ မကိုက်ဘူး။ ခရီးသည်တွေကလည်း အခုလက်ရှိအနေအထားက ဆယ်ယောက်တောင် မပြည့်ဘူးဗျ ၅ယောက်၊ ၆ယောက် တခါတလေ ၄ ယောက်လောက်နဲ့ ထွက်နေရတာ။ အဲဒါမျိုးဆိုရင် သေချာပေါက်က ရှုံးတာ ၅၀,၀၀၀၊ ၆၀,၀၀၀ အထက်ပဲ။ ဒါပုံမှန်တခေါက် ရှုံးတာပေါ့နော်။"

ရန်ကုန်မှာ အောက်တိန်း 95 တလီတာကို ၂,၂၅၀ ကျပ်ရှိပြီး စစ်ကိုင်းတိုင်း၊ တမူးမြို့မှာတော့ ၂,၄၃၀ ကျပ်ရှိပါတယ်။ ပရီမီယံဒီဇယ်ကတော့ တလီတာကို ရန်ကုန်မှာ ၂,၆၂၀ ကျပ်ဖြစ်ပြီး မန္တလေးတိုင်း မိုးကုတ်မြို့မှာတော့ ကျပ် ၂,၇၇၀ ဈေးရှိပါတယ်။ ဒါကတော့ လိုင်စင်ရ လက်ကား ဆီဆိုင်တွေက ရောင်းချတဲ့ဈေးနှုန်းတွေဖြစ်ပြီး ပြင်ပလက်လီဈေးကွက်မှာတော့ ဒီဈေးနှုန်းတွေထက် ပိုများပါတယ်။ မကြာသေးခင်က ကချင်ပြည်နယ် ပူတာအိုမှာ ဓာတ်ဆီတဂါလံကို ကျပ် ၄၀,၀၀၀ ထိ အမြင့်ဆုံးတက်ခဲ့ပါတယ်။

" ဒီ (စက်သုံးဆီ) ဈေးကလည်း တသမတ်တည်းလည်း ဖြစ်ချင်မှဖြစ်မယ်လေ၊ ဒါ့ထက် ပိုဆိုးသွားရင်တော့ တခုခုတော့ စီစဉ်ရမှာပေါ့နော်။ လက်ရှိအနေအထားလေး အတိုင်းကတော့ လက်မှတ်ခ တိုးဖို့ဆိုတာကတော့ တအားကြီး မဖြစ်သေးပါဘူး။ ကိုယ်က ကိုယ်မကိုက်လို့ တိုးလိုက်ပြန်ရင်လည်း သူများတဖက်သားပေါ်ကျ charges က ပိုတက်သွားပြန်ပြီလေ၊ ကျန်တဲ့ဟာတွေပါ အကုန်တွဲလျက်တွေ အကုန်လိုက်တက်ကုန်တာလေ။"

စက်သုံးဆီဈေးတွေ သိသိသာသာ တက်လာနေတာကြောင့် နိုင်ငံတိုင်းလိုလိုမှာ ကုန်တင်ခနဲ့ ခရီးစရိတ်တွေ လိုက်တက်နေပါတယ်။ အိမ်နီးချင်းထိုင်းနိုင်ငံမှာလည်း ကားလက်မှတ်ဈေးနှုန်းတွေကို တိုးပေးဖို့ အဝေးပြေးယာဉ်လိုင်း လုပ်ငန်းရှင်အသင်းက သူတို့အစိုးရကို တောင်းဆိုနေပါတယ်။ မလိုက်လျောဘူးဆိုရင်တော့ လာမယ့်ဇူလိုင် ၁ ရက်ကစပြီး ယာဉ်လိုင်းပြေးဆွဲတာကို ၈၀ ရာခိုင်နှုန်းလောက် လျှော့ချလိုက်မယ်ဆိုပြီး ထိုင်းအစိုးရကို ဖိအားပေးနေတာပါ။ တချို့လည်း ကုန်ကျစရိတ်ကြောင့် လုပ်ငန်း ခဏရပ်ထားကြတယ်လို့ ထိုင်းသတင်းတချို့က ဒီနေ့ဖော်ပြထားပါတယ်။

 ဗွီအိုအေ

 

Read 1251 times