ဈေးကွက် တင်ပြီးသား နာမည်ကျော် ကားမိုဒယ်များကို အဆင့်မြှင့်တင်တည်ဆောက်လေ့ရှိသော Hennessey Performance Engineering ကုမ္ပဏီသည် Hennessey Special Vehicles အမည်နှင့်
မော်တော်ကား တည်ဆောက်ရေးလုပ်ငန်းခွဲတစ်ခုကို ဖန်တီးခဲ့ပြီး ၂ဝ၁၁ ခုနှစ်မှာ ထိုလုပ်ငန်းခွဲက ထုတ်လုပ်တည်ဆောက် ခဲ့သော Hennessey Venom GT ပြိုင်ကားမိုဒယ်ကို ဈေးကွက်တင်ခဲ့ပါသည်။
၂ဝ၁၈ ခုနှစ်မှာတော့ Hennessey Special Vehicles ၏ ဒုတိယမြောက် ကား မိုဒယ်ကို ထပ်မံထုတ်လုပ်ခဲ့ပါသည်။ ထိုကားမှာ Venom GT ရဲ့ ဆက်ခံသူ ပြိုင်ကားမိုဒယ်သစ် Hennessey Venom F5 ဖြစ်ပါသည်။
၂ဝ၁၉ မိုဒယ်အဖြစ် ဈေးကွက်တင်ရောင်းချမည့် ထို Venom F5 ပြိုင်ကား သစ်ကို ၂ဝ၁၇ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်က SEMA ကားပြပွဲမှာ ပထမဆုံးအကြိမ် ပွဲထုတ်ခဲ့ပြီး ၂ဝ၁၈ ခုနှစ်၏ ဂျီနီဗာကားပြပွဲမှာလည်း ထုတ်လုပ်မှုမိုဒယ်
ပြိုင်ကားတစ်စီးအဖြစ် ထပ်မံပွဲထုတ်ပြသခဲ့ပါသည်။ F5 ဆိုသောအမည်သည် စွမ်းအားကြီးမားပြင်းထန်လှသော F5 Tornado မုန်တိုင်းအမည်ကို အစွဲပြုမှည့်ခေါ်ထားခြင်းဖြစ်ပါသည်။
ထူးခြားချက်အနေနှင့် Venom F5 သည် ကား အောက်ခံထည်၊ ကိုယ်ထည်၊ အင်ဂျင်နှင့် အိပ်ဇောစနစ် အပါအဝင် ကားတစ်စီးလုံးကို ကုမ္ပဏီအတွင်းတွင်သာ ပြီးပြည့်စုံအောင် ဖန်တီးတည်ဆောက်ထားသော
ပထမဆုံး Hennessey ကားမိုဒယ်ဟု ဆိုနိုင်ပါသည်။ ၂ဝ၁၉ ခုနှစ် အစောပိုင်းမှာပဲ ရရှိနိုင်မည့် 2019 Hennessey Venom F5 ပြိုင်ကားသစ်ကို ကားအစီးရေ ၂၄ စီးသာ ထုတ်လုပ်မှာဖြစ်ပြီး ဈေးနှုန်းအနေဖြင့်
အမေရိကန်ပြည်ထောင်စုအတွင်းမှာ အမေရိကန် ဒေါ်လာ ၁ ဒသမ ၆ သန်းနှင့်အထက်၊ ဥရောပမှာ ပေါင် ၁ ဒသမ ၂ သန်းနှင့်အထက် ဖြစ်ပါသည်။
Venom F5 ၏ စိတ်ဝင်စားစရာကောင်းသော ကိုယ်ထည်ဒီဇိုင်းသစ်သည် အရင်မိုဒယ်ဟောင်း Venom GT ၏ Lotus ပုံစံနှင့် ခပ်ဆင်ဆင် ဟန်ပန်မျိုးမှ ကွဲထွက်ပြီး ခေတ်သစ် ဟိုက်ပါပြိုင်ကားတစ်စီး၏ ဆန်းသစ်လှပသော
ကောက်ကြောင်းလိုင်းများကို ပိုင်ဆိုင်ထားပါသည်။ ကာဗွန်ဖိုင်ဘာသားနှင့် ဖန်တီး ထားသော အောက်ခံထည်သစ်ပေါ်မှာ ကားကိုယ်ထည် တစ်ခုလုံးကို ကာဗွန်ဖိုင်ဘာနှင့် အလူမီနီယမ်သားများ ပေါင်းစပ်
တည်ဆောက်ထားခြင်းကြောင့် ယခင်လို ကျစ်လျစ်တောင့်တင်းမှု မလျော့ကျဘဲ မလိုအပ်သည့် အလေးချိန်များသာ လျော့ကျသွားပါသည်။
ထို့ကြောင့် ကားတစ်စီးလုံးအလေးချိန်သည် ပေါင် ၂,၉၅ဝ သာရှိသည့်အပြင် ကားကို ပိုလှပစေပြီး လေခွင်းအားလည်း ပိုကောင်းစေမည့် လေခွင်းဒီဇိုင်း အပြင်အဆင်များ တပ်ဆင်ထားပြီး လေခုခံအား အနည်းဆုံးဖြစ်အောင်လည်း
စီမံတည်ဆောက်ထားပါသည်။ Venom F5 သည် Active Aerodynamic ဒီဇိုင်း အပြင်အဆင်များကို ကားကိုယ်ထည်မှာ တွဲဖက်တပ်ဆင်ထားသော ပထမဆုံး Hennessey ကားတစ်စီးဟုလည်း ဆိုနိုင်ပါသည်။
Hennessey သည် Venom F5 ကို ကိုယ်ထည် လေစီး ဆင်းမှု ပိုကောင်းအောင် ထပ်တိုးအဆင့်မြှင့်ထားသော Computational Fluid Dynamics (CFD) တွက်ချက် မှုများကိုလည်း အသုံးပြုထားပါသည်။ ကားကိုယ်ထည်မှာ
Flat Underfloor နှင့် Active Wing Element ဟု ဒီဇိုင်းအပြင်အဆင်မျိုးများ တွဲဖက် တပ်ဆင်ထားပြီး ကား၏ Drag Coefficient သည် ယခင် GT မိုဒယ် ထက် သိသိသာသာ ပိုကောင်းမွန်ပါသည်။
ခပ်ဝပ်ဝပ် တည်ဆောက်ထားသော ကား ကိုယ်ထည်မှာ ခေတ်သစ် ဟိုက်ပါပြိုင်ကားပီသသည့် အတွန့်အချိုးကောက်ကြောင်းများကို အမြင်ဆန်းသစ် လှပစွာ တွေ့မြင်ရမည်ဖြစ်ပါသည်။
Venom F5 ပြိုင်ကားသစ်မှာ အသစ်ဖန်တီးထားသော မြင်းကောင်ရေ ၁၆ဝဝ အား 7.4 Liter Twin Turbo V8 အင်ဂျင် တပ်ဆင်ထားပါသည်။ အင်ဂျင်က ထုတ်လုပ်ပေးလိုက်သော စွမ်းအင်များကိုတော့
Single-clutch Paddle-shift ဂီယာ ခုနစ်ချက်မှတစ်ဆင့် ကားနောက်ဘီးများဆီ ပို့လွတ်မောင်းနှင်စေမည်ဖြစ်ပါသည်။ ကားသည် ၁ဝ စက္ကန့်မတိုင်ခင် အချိန်အတွင်းမှာ သုည မိုင်မှ တစ်နာရီ ၁၈၆ မိုင်နှုန်းရောက်အောင်
အရှိန် မြှင့်တင်နိုင်သောကြောင့် လက်ရှိ Formula One ပြိုင်ပွဲဝင် ကားများထက်တောင် ပိုမြန်ဆန်ပါသည်။
ထို့အပြင် Venom F5 ပြိုင်ကားသစ်၏ အမြင့်ဆုံးအမြန်နှုန်းသည် တစ်နာရီ ကို ၃ဝ၁ မိုင်နှုန်းဖြစ်သောကြောင့် အမြင့်ဆုံး တစ်နာရီ မိုင်သုံးရာနှုန်းအထိ သွားလာနိုင်သော ပထမဆုံး လမ်းပေါ် မောင်းပြိုင်ကားဟုလည်း ဆိုနိုင်ပါသည်။
Venom F5 သည် Bugatti Chiron ကဲ့သို့ ဇိမ်ခံပြိုင်ကားတစ်စီးမဟုတ်သော်လည်း ကားအတွင်းခန်းကို အတော်လေးလှပတင့်တယ်အောင် စီမံထားပြီး GT မိုဒယ်နှင့်လည်း လုံးဝကွဲပြားအောင် ဖန်တီးထားပါသည်။
ကာဗွန်ဖိုင်ဘာသားများကိုသာ ဖောဖောသီသီ အသုံးပြုထားသော အတွင်းခန်းမှာ ထူးခြားချက်အနေဖြင့် ကားတံခါးများ၏ အတွင်းဘက်တွင် ခေတ်ဟောင်းပြိုင်ပွဲဝင်ကားများကဲ့သို့ Leather လက်ကိုင် ကြိုးတစ်စုံကို
တပ်ဆင်ပေးထားပါသည်။
Automobile