Head-Up Displays ပါဆိုင်ကယ်ဦးထုပ်


ဂျာမန် မော်တော်ယာဉ်ကော်ပိုရေးရှင်း BMW မှ မော်တော်ဆိုင်ကယ်မောင်းနှင်သူများအတွက် ပို၍ လုံခြုံစိတ်ချမှုပေးနိုင်သော ဆိုင်ကယ်ဦးထုပ်ကိုထုတ်လုပ်နိုင်ရန် ကြိုးမဲ့အာရုံပစ္စည်းများ သုတေသနပြု ထုတ်လုပ်နေသည့် DigiLens နှင့် ပူးပေါင်းနေကြောင်းသိရသည်။

BMW သည်ယင်းတို့ထုတ်လုပ်သည့် မော်တော်ကားများတွင် ၂၀၀၃ ခုနှစ်မှ စတင်အသုံးပြုနေသော ကားအတွင်းဒိုင်ခွက်များကို ငုံ့ကြည့်စရာမလိုဘဲ လေကာမှန်ပေါ်တွင် မျက်စိနှင့် တစ်တန်းတည်း မြင်တွေ့နိုင်သည့် Head-Up Displays စနစ်ကို မော်တော်ဆိုင်ကယ်ဦးထုတ်တွင် တပ်ဆင်သုံးစွဲနိုင်ရန် ကြိုးပမ်းနေကြောင်းသိရသည်။

၂၀၁၆ ခုနှစ် မတ်လတွင် Head-Up Displays ပါဝင်သကဲ့သို့ ဒီဂရိ ၁၈၀ သုံးနိုင်သည့် Blindspot ကင်မရာ၊ GPS လမ်းညွှန်စနစ်၊ Bluetooth ဖုန်းသုံးစွဲခြင်း၊ သီချင်းနားထောင်ခြင်းတို့ အသုံးပြုနိုင်သော Skully AR1 ဆိုင်ကယ်ဦးထုပ်ပေါ်ထွက်လာသော်လည်း မအောင်မြင်ခဲ့ကြောင်းသိရသည်။

BMW မှပိုမိုဘေးကင်းစိတ်ချရမည့် ဆိုင်ကယ်ဦးထုပ်ထုတ်လုပ်ရန် ပစ်မှတ်ထားကြိုးပမ်းသွားမည်ဟု သိရသည်။

အမေရိကန် စစ်တပ်အတွက် အမြင်အာရုံခံပစ္စည်းများထုတ်လုပ်ပေးနေသည့် DigiLens နှင့် BMW တို့ပူးပေါင်းထုတ်လုပ်မည့် မော်တော်ဆိုင်ကယ်ဦးထုပ်တွင် ရှေ့ကင်မရာနှင့် နောက်ကင်မရာမြင်ကွင်းကိုပါ ကြည့်ရှု့နိုင်မည်ဖြစ်သည်။

ထို့ပြင် ဆိုင်ကယ်တာယာများ၏ လေဖိအား၊ လောင်စာဆီနှင့် အင်ဂျင်ဝိုင်လက်ကျန်အခြေအနေ၊ မောင်းနေသည့်အမြန်နှုန်းအလိုက်ရွေးချယ်သင့်သည့် ဂီယာနံပါတ်၊ မောင်းရမည့် အမြန်နှုန်းသတ်မှတ်ချက်၊ ရှေ့ခပ်လှမ်းလှမ်းမှလမ်းအချက်ပြမှုများနှင့် ကြုံတွေ့နိုင်မည့် အန္တရယ်များ ကြိုတင်သတိပေးသည့်စနစ်တို့ ပါဝင်မည်ဖြစ်ပြီး ဆိုင်ကယ်စီးနင်းသွားမည့် ခရီးလမ်းတစ်လျှောက်တွင်လည်း ရုပ်သံမှတ်တမ်း ရိုက်ကူးထားနိုင်မည်ဖြစ်သည်။

BMW မှယင်းဆိုင်ကယ်ဦးထုပ်ကို ယခုနှစ်အတွင်းထုတ်လုပ်နိုင်ရန် ကြိုးစားနေကြောင်းသိရသည်။

ယင်းဆိုင်ကယ်ဦးထုပ်ထွက်ပေါ်လာပါက ရောင်းဈေးမှာ အမေရိကန်ဒေါ်လာ ရှစ်ရာကျော်ရှိမည်ဟုသိရသည်။

Read 2150 times