တရုတ်ပြည်တွင်း အိမ်စီးကား ရောင်းအား မြင့်တက်စေရန် အခွန် ထက်ဝက်လျှော့ချ
တရုတ်နိုင်ငံပြည်တွင်းဈေးကွက် အိမ်စီးကားဈေးကွက် ဇူလိုင်လတွင် ရောင်းအားနှင့် ထုတ်လုပ်မှု မြင့်တက်လာခဲ့ပြီး ခိုင်မာသော ကြီးထွားမှု ဖြစ်ပေါ်ကြောင်း အင်္ဂါနေ့တွင် ထုတ်ပြန်ခဲ့သည့် ကားလုပ်ငန်းကဏ္ဍ အချက်အလက်များအရ သိရပါသည်။
ဇူလိုင်လတွင် လက်လီအရောင်း လမ်းကြောင်းများမှတစ်ဆင့် အိမ်စီးကား စီးရေ ၁.၈၂ သန်း ရောင်းချခဲ့သည်ဟု တရုတ်နိုင်ငံ အိမ်စီးကား အသင်း China Passenger Car Association မှ ထုတ်ပြန်သော အချက်အလက်များတွင် ဖော်ပြထားပါသည်။
ထုတ်လုပ်မှုအပိုင်းကို ကြည့်လျှင် အိမ်စီးကား စီးရေ ၂.၁၆ သန်း ထုတ်လုပ်ခဲ့ပါသည်။
လော့ဂျစ္စတစ်အပိုင်းနှင့် ပစ္စည်းပေးသွင်းသည့် အပိုင်းတို့ အခြေအနေများ တိုးတက်ကောင်းမွန်လာခြင်း၊ ၊ လုပ်ငန်းများ လုပ်ကိုင်မှု တိုးလာခြင်း အစရှိသည့် အချက်များကြောင့် ထုတ်လုပ်မှု တိုးသည့်အပြင် ရောင်းအားလည်း မြင့်တက်လာခဲ့ပါသည်။
တရုတ်အစိုးရက မေလတွင် မူဝါဒအသစ် ထုတ်ပြန်ပြဋ္ဌာန်းပေးခဲ့သည်။ အိမ်စီးကား ဝယ်ယူခြင်းအပေါ် ကားရောင်းဈေးအပေါ် အခြေခံပြီး တွက်ချက် စည်းကြပ်သည့် အခွန်နှုန်းထားကို ထက်ဝက် လျှော့ချကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ထို့ပြင် အဆိုပါ အခွန်ပမာဏသည် ကားအင်ဂျင် အရွယ်အစား 2-liter နှင့်အောက် ဖြစ်ပါက ယွမ် ၃ သိန်း (US$44,389 ခန့်) ထက် မကျော်စေရဟုလည်း ပြဋ္ဌာန်းပေးခဲ့ပါသည်။
အဆိုပါ ပြဋ္ဌာန်းချက်ကို ၂၀၂၂ ဇွန်လ ၁ ရက်တွင် စတင်သက်ရောက်ပြီး ဒီဇင်ဘာလကုန်တွင် သက်တမ်းကုန်ဆုံးမည် ဖြစ်သည်။
အဓိက ကားကုမ္ပဏီများကလည်း ဇူလိုင်လတွင် အရောင်းမြှင့်တင်ရေး အစီအစဉ်များဖြင့် ရောင်းအားတက်ဖို့ လုပ်ဆောင်ခဲ့ကြသည်။ နှစ်စပိုင်းတွင် ကိုဗစ်လော့ဒေါင်းများကြောင့် ရောင်းအား ကျဆင်းထားသည်ကို ပြန်ဖြည့်ပေးခြင်းဖြင့် တစ်နှစ်တာရောင်းအား လျာထားချက် ပြည့်မီစေရန် ကြိုးပမ်းအားထုတ်ကြသည်ဟု အသင်း၏ အစီရင်ခံစာတွင် ဖော်ပြထားပါသည်။
#MyanmarAutomobileGuide
Source: Xinhua