Suzuki စက်မှုဇုန်ပြောင်းရွှေ့မှုကြောင့် Suzuki ကားထုတ်လုပ်မှု တစ်လခန့်နား


တောင်ဒဂုံစက်မှုဇုန်၌ တပ်ဆင်ထုတ်လုပ်နေသော Suzuki ကားစက်ရုံကို သီလဝါစက်မှုဇုန်ရှိ Suzuki ကားစက်ရုံသို့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်း ပြောင်းရွှေ့မည်ဖြစ်သည့်အတွက် ကားထုတ်လုပ်ခြင်းကို တစ်လခန့် ရပ်နားမည်ဖြစ်ကြောင်း Suzuki မြန်မာထံမှ သိရပါသည်။

Suzuki မှ ထုတ်လုပ်နေသည့် Suzuki Ciaz နှင့် Ertiga ကားအမျိုးအစားများ ထုတ်လုပ်မှုကို စျေးကွက်လိုအပ်ချက် ပမာဏအတိုင်း ထုတ်လုပ်နို်င်စေရန် တောင်ဒဂုံစက်ရုံ၌ တပ်ဆင်ထုတ်လုပ်ခဲ့ရာမှ ပိုမိုကျယ်ဝန်းသော သီလဝါစက်ရုံသို့ ပြောင်းရွှေ့ခြင်းဖြစ်ကြောင်း ယင်းကုမ္ပဏီထံမှ သိရပါသည်။

ထို့ကြောင့် ထုတ်လုပ်တပ်ဆင်ရေး စက်ကိရိယာများကို ရွှေ့ပြောင်းရမည်ဖြစ်သည့်အတွက် ဒီဇင်ဘာလအတွင်း ကားထုတ်လုပ်မှုများကို ခေတ္တရပ်ဆိုင်းထာမည်ဖြစ်ကြောင်း၊ နိုဝင်ဘာလကုန် ဒီဇင်ဘာလဆန်း၌ Ciaz ကားများ လက်ခံရရှိမည့် ဝယ်ယူသူများသည် ကားလက်ခံရရှိမှု တစ်လခန့် နောက်ကျမည်ဖြစ်ပြီး ဇန်နဝါရီလတွင် ၂၀၁၈ ခုနှစ်ထုတ် Ciaz ကားသစ်များကို လက်ခံရရှိမည်ဖြစ်ကြောင်း Suzuki ၏ အရောင်းကိုယ်စားလှယ်များက ပြောကြားပါသည်။

၂၀၁၈ ခုနှစ်ထုတ် Suzuki Ciaz ကားများ၏ စက်ရုံထုတ်စျေးမှာ ယခင်စျေးထက် ကျပ် ၁၇၀၀၀၀ ခန့် စျေးပိုများသွားမည်ဖြစ်သည့်အတွက် Ciaz တစ်စီးလျှင် ကျပ် ၂၄၆ သိန်းကျော်နှင့် Ertiga ၂၀၁၈ မိုဒယ်တစ်စီးလျှင် ကျပ် ၂၃၁ သိန်းကျော် စျေးရှိမည်ဖြစ်ကြောင်း Suzuki မြန်မာထံမှ သိရပါသည်။

တောင်ဒဂုံစက်မှုဇုန်အတွင်းရှိ စက်ရုံက Suzuki Carry Truck များကို ၂၀၁၄ ခုနှစ်အထိ အစီးရေ ၁၄၀၀ ကျော် ထုတ်လုပ်ခဲ့ပြီး Suzuki Ertiga ကို ၂၀၁၆ ခုနှစ်အတွင်းက စျေးကွက်သို့ စတင်မိတ်ဆက်ခဲ့ရာ Ciaz ကို ၂၀၁၇ ခုနှစ်အတွင်း ဖြန့်ချိရောင်းချခဲ့ပါသည်။

 

Read 723 times