ဓာတ်ဆီအင်ဂျင်တွဲဘက်သည့် လျှပ်စစ်ကားများ အပါအဝင်လျှပ်စစ်ယာဉ်များသည်ပတ်ဝန်းကျင်သို့ ကာဗွန်ထုတ်လွှတ်မှု အကြီးအကျယ် လျှော့ချနိုင်သည်။
ကျန်းမာရေးနှင့်မညီညွတ်သော ကာဗွန်ဒိုင်အောက်ဆိုက်၊ ကာဗွန်မိုနောက်ဆိုဒ်နှင့် နိုက်ထရိုဂျင်အောက်ဆိုဒ်တို့ကို ပတ်ဝန်းကျင်သို့ ထုတ်လွှတ်သော သမားရိုးကျကားများနှင့် နှိုင်းယှဉ်ပါက ဘက်ထရီ - လျှပ်စစ်ကားများသည် ထုတ်လွှတ်မှုမရှိသည့် ထုတ်လွှတ်မှုသုညကို ထိရောက်စွာရရှိသည်။
Bloomberg Energy Finance မှ ခန့်မှန်းထားသည်မှာ ကမ္ဘာတစ်လွှား ရောင်းချသည့် ကားမျာတွင် လျှပ်စစ်ကား အရေအတွက် ပိုများလာမည် ဖြစ်ပြီး ၂၀၄၀ ခုနှစ်တွင် ၅၄% သည် လျှပ်စစ်ကားများ Electric Vehicles (EVs) ဖြစ်လိမ့်မည်။ ကမ္ဘာပေါ်တွင် သုံးစွဲလျက် ရှိသော ကားများတွင် ၃၃ % သည် လျှပ်စစ်ကားများ Electric Vehicles (EVs) ဖြစ်လိမ့်မည်။
၂၀၁၈ ခုနှစ်တွင် Nissan မှ လေ့လာမှုတစ်ရပ်ပြုခဲ့ရာ အရှေ့တောင်အာရှနိုင်ငံများတွင် EV ဝယ်စီးဖို့ စိတ်အားထက်သန်မှု ရှိမရှိကို ဆန်းစစ်ခဲ့သည်။ ‘Future of Electric Vehicles in Southeast Asia’ ဟု အမည်ပေးထားသော အဆုိပါလေ့လာမှု အစီရင်ခံစာတွင် အာဆီယံ နိုင်ငံများတွင် လျှပ်စစ်ကား ရောင်းအားသည် အားနည်းနေဆဲ ဖြစ်သည်ဟု ဖော်ပြထားသည်။ သို့သော် အနာဂတ်တွင် EV ဝယ်စီးဖို့ စိတ်အားထက်သန်ကြသည်။ ဖိလစ်ပိုင်၊ ထိုင်းနှင့် အင်ဒိုနီးရှားတို့တွင် စိတ်အားထက်သန်မှု မြင့်မားကြောင်း တြေ့ရသည်။
ပျမ်းမျှအားဖြင့် ၃၇ % သာ လျှပ်စစ်ကား ဝယ်စီးဖို့ စိတ်အားထက်သန်ကြသည်ဖြစ်ရာ အစိုးရများအနေဖြင့် မှန်ကန်သည့် မူဝါဒများနှင့် မက်လုံးများ ဖန်တီးပေးဖို့ လိုအပ်သည့် အပြင် ကားကို အားသွင်းရန်အတွက် အခြေခံအဆောက်အအုံကို ဖန်တီးပေးဖို့လည်း လိုအပ်မည် ဖြစ်သည်။ ASEAN Secretariat မှ ထုတ်ဝေသော ‘ASEAN Fuel Economy Roadmap for Transport Sector 2018-2025: With Focus on Light-Duty Vehicles’ တွင် အမေရိကန်၊ ဥရောပ၊ ဂျပန်နှင့် တရုတ် နိုင်ငံများတွင် မူဝါဒများဖြင့် တွန်းပို့ပေးသည့်အပြင် အထောက်အပံ့ အဖြစ် လျှပ်စစ်ကား တစ်စီးအတွက် အနည်းဆုံး အမေရိကန်ဒေါ်လာ ၃,၀၀၀ ပေးအပ်ရန် စီစဉ်ပေးထားကြောင်း တြေ့ရသည်။
မော်တော်ယာဉ်အသစ် မှတ်ပုံတင်ကြေးကို လျှပ်စစ်ကားများအတွက် ကင်းလွတ်ခွင့် ပြုပေးထားသည့် မူဝါဒကို နယ်သာလန်၊ နော်ဝေး၊ ဆီွဒင်၊ ယူကေ အစရှိသည့် နိုင်ငံများတွင်ကျင့်သုံးသည်။ လမ်းခွန် ကင်းလွတ်ခွင့် ပေးခြင်းမျိုးကိုလည်း ကျင့်သုံးကြသည်။ အမေရိကန်နိုင်ငံသည် လျှပ်စစ်ကား တစ်စီးဝယ်ယူတိုင်း ထောက်ပံ့မှု အမေရိကန်ဒေါ်လာ ၇,၅၀၀ ပေးအပ်ရန် စီစဉ်ပေးထားသည်။
ထိုင်းနိုင်ငံတွင် လျှပ်စစ်ကားများသည် သမားရိုးကျ ကားများထက် ဈေးပိုကြီးနေဆဲ ဖြစ်သည်။ ဓာတ်ဆီအင်ဂျင် ကားများသည် အမေရိကန်ဒေါ်လာ ၁၉,၁၅၀ မှ ၂၂,၃၄၀ အထိ ရောင်းဈေး ရှိပြီး လျှပ်စစ်ကားများသည် အမေရိကန်ဒေါ်လာ ၃၁,၉၂၀ မှ ၆၃,၈၄၂ အထိ ရောင်းဈေး ရှိသည်ဖြစ်ရာ ဈေးအတော်ကွာနေသည်။
ထိုင်းအစိုးရက EV အတွက် လမ်းမြေပုံ ရေးဆွဲထားပြီး ဖြစ်ရာ လာမည့် ၅ နှစ်အတွင်း ထိုင်းနိုင်ငံတွင် လျှပ်စစ်ကားများ အကြီးအကျယ် ထုတ်လုပ်အောင် ယခုနှစ်မှ စတင်၍ ဆောင်ရွက်မည် ဖြစ်သည်။ ၂၀၂၂ မတိုင်ခင်တွင် လမ်းများပေါ်မှာ လျှပ်စစ်ကား စီးရေ ၆၀,၀၀ မှ ၁၁၀,၀၀ မောင်းနှင်နေကြအောင် လုပ်ဆောင်ရန် ရည်မှန်းချက် ထားရှိသည်။
အင်ဒိုနီးရှား အစိုးရသည်လည်း လျှပ်စစ်ကားများ ထုတ်လုပ်ပြီး ပြည်ပသို့ တင်ပို့ရန် ရည်မှန်းချက် ထားရှိသည်။ ပြည်တွင်း ကားထုတ်လုပ်မှုတွင် ၂၀၂၅ ၌ ၂၀% သည် လျှပ်စစ်ကားများ ဖြစ်ရန် ရည်မှန်းချက် ထားရှိသည်။ ၂၀၂၅ ခုနှစ်တွင် ကားစီးရေ တစ်သန်း ပြည်ပသို့ တင်ပို့ရန် ရည်မှန်းချက် ထားရှိပြီး ၂၀% သည် လျှပ်စစ်ကားများ ဖြစ်ရန် ရည်မှန်းချက် ထားရှိသည်။ လျှပ်စစ်ကားတွင် သုံးစွဲသည့် ဘက်ထရီအတွက် လိုအပ်သည့် ကုန်ကြမ်းများ ဖြစ်သော ကိုဘော့၊ ဇင့်၊ မဂ္ဂနိတို့ အင်ဒိုနီးရှားတွင် ထွက်ရှိသဖြင့် ဘက်ထရီ ထုတ်လုပ်သည့် လုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။