Great Wall Motor ရုရှားဈေးကွက် ငွေလဲနှုန်းကြောင့် အရှုံးအမြတ် ဖြစ်ပေါ်


Great Wall Motor ရုရှားဈေးကွက် ငွေလဲနှုန်းကြောင့် အရှုံးအမြတ် ဖြစ်ပေါ်

တရုတ်နိုင်ငံတွင်  SUV စီးရေ အများဆုံး ထုတ်လုပ်သည့်  Great Wall Motor သည် ယခုနှစ် ပထမ ၆လအတွက် အသားတင်အမြတ်ငွေ ယမန်နှစ်ကထက် ၅၉% တိုးလာကြောင်း ကုမ္ပဏီက အင်္ဂါနေ့က ထုတ်ပြန်သည့်  ကြားဖြတ်အစီရင်ခံစာတွင် ပြောကြားခဲ့သည်။ Great Wall Motor သည် ယခုနှစ်  ပထမနှစ်ဝက် အသားတင်အမြတ် ယွမ် ၅.၆ ဘီလီယံ (ကန်ဒေါ်လာ ၈၁၂ သန်း) ရရှိခဲ့သည်။ ယမန်နှစ် ပထမနှစ်ဝက်တွင် အသားတင်အမြတ် ယွမ် ၃.၅၂ ဘီလီယံ ရရှိခဲ့သည်။

 

 "ရုရှားရူဘယ်တွင် ပုံမှန်မဟုတ်သော အတက်အကျကြောင့် လုပ်ငန်းစု၏ ရုရှားနိုင်ငံရှိ  လုပ်ငန်းခွဲများမှာ ငွေလဲနှုန်းကြောင့် အမြတ်နှင့် ဆုံးရှုံးမှုများ" ဖြစ်‌ပေါ်ခဲ့သည်"ဟု အစီရင်ခံစာတွင် တင်ပြထားသည်။ ဖေဖော်ဝါရီလကုန်ပိုင်းတွင် ရုရှားက ယူကရိန်းကို ကျူးကျော်သည်။ မတ်လတွင် ရုရှားနိုင်ငံသုံးငွေ ရူဘယ် ငွေလဲနှုန်းတွင် ဈေးကျသည်။ သို့သော် မကြာခင်မှာပင် စစ်ကြိုကာလ ငွေလဲနှုန်းသို့ ပြန်တက်သွားသည်။ စစ်ကြိုကာလထက် ပိုမြင့်သည်အထိ တက်သည်။ ဇွန်လတွင် အမေရိကန်ဒေါ်လာနှင့် နှိုင်းယှဉ်ပါက စစ်မဖြစ်ခင် ၂၀၂၁ နှစ်ကုန်ထက်ပင်လျှင် ၃၀% ပိုမြင့်နေသည်။

 

Great Wall Motor ၏ ယခုနှစ် ပထမနှစ်ဝက်ကို ခြုံငုံကြည့်လျှင် ဝင်ငွေ ယွမ် ၆၂.၁၃ ဘီလီယံ ရရှိသည်။ ယမန်နှစ် ပထမနှစ်ဝက်ထက် ၀.၃% ပိုများသည်။ ရောင်းအားကို ကြည့်လျှင် ရောင်းအားစုစုပေါင်း၏ ၈၅% သည် တရုတ်ပြည်တွင်းဈေးကွက် ရောင်းအားဖြစ်သည်။ တရုတ်နိုင်ငံတွင်း ကိုဗစ်ကူးစက်မှုများ ဖြစ်ပွားခြင်းနှင့် ချစ်ပ် ပြတ်လပ်မှုကြောင့် ပြည်တွင်းရောင်းအား ယခင်နှစ်ထက် ၄.၅% ကျဆင်းခဲ့သည်။

 

တရုတ်ပြည် ပြင်ပဈေးကွက်များတွင် ရုရှားဈေးကွက်သည် Great Wall Motor ၏ ဝင်ငွေအကြီးမားဆုံး ဈေးကွက်ဖြစ်သည်။ ရုရှားဈေးကွက်တွင် ယခုနှစ် ပထမနှစ်ဝက် ဝင်ငွေ ယွမ် ၂.၂၉ ဘီလီယံ ရရှိခဲ့သည်။ ယမန်နှစ် ပထမနှစ်ဝက်ထက် ၁၄.၂% ပိုများသည်။ Great Wall Motor က အရောင်းပမာဏ ထုတ်ဖော်ပြောကြားခြင်း မပြုပေ။ Association of European Businesses မှ ထုတ်ပြန်သော ရုရှားဈေးကွက်ထဲ ကားအသစ် ရောင်းအား နောက်ဆုံးရ အချက်အလက်များအရ  Great Wall က ၂၀၂၂ ဇန်နဝါရီလမှ ဇူလိုင်လအထိ ၇ လတာအတွင်း စီးရေ ၁၄,၀၄၀ ရောင်းချခဲ့သည်။ ယမန်နှစ် ပထမ ၇ လ ရောင်းအားထက် ၂၇% လျော့ကျပါသည်။

စီးပွားရေး ပိတ်ဆို့အရေးယူခြင်းကြောင့် အနောက်နိုင်ငံမှ မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်းများ ရုရှားမှ ထွက်ခွာကြသဖြင့် ဈေးကွက်ကျုံ့သွားပါသည်။ ကားအသစ်ဝယ်လိုသူတို့သည် အခြေအနေကို စောင့်ကြည့်နေကြပါသည်။ ပြည်ပကားလုပ်ငန်းထံမှ ကားဝယ်ပြီးချိန်တွင် ၎င်းလုပ်ငန်းက ရုရှားမှ ထွက်ခွာမည်ကို စိုးရိမ်ကြသည်။

ရုရှားကားဈေးကွက်တွင် Great Wall ၏ ကားအသစ်ရောင်းအားသည်လည်း ယမန်နှစ်နှင့် နှိုင်းယှဉ်ပါက ယခုနှစ်တွင် ၆၀.၅% ကျုံ့သွားသည်။ 

 

 ဈေးကွက်ဝေစုကို ကြည့်လျှင် Great Wall ၏ အခရာ brand ဖြစ်သော HAVAL သည် ဈေးကွက်ဝေစု ၁.၆% တိုးခဲ့ပြီး ၃.၇% သို့ ရောက်ရှိပါသည်။ ‌အနောက်နိုင်ငံမှ ပြိုင်ဘက်များ လျော့ကျခြင်းကြောင့် Great Wall ၏ ဈေးကွက်ဝေစု တိုးသည်ဟု ယူဆရပေသည်။ Great Wall သည် ရုရှားမှ လုပ်ငန်းကဏ္ဍကို ဆက်လက်လုပ်ဆောင်ရန် သင့်မသင့် ဒွိဟ ဖြစ်နေကြောင်း  အစောပိုင်းကာလတွင် ပြောကြားခဲ့သည်။

 

ကျူးကျော်ပြီး တစ်လခန့်အကြာတွင် ကုမ္ပဏီ၏ ဒါရိုက်တာဘုတ်အဖွဲ့အတွင်းရေးမှူး Xu Hui က ကုမ္ပဏီသည် "ကျွန်ုပ်တို့မည်ကဲ့သို့လုပ်ဆောင်သင့်သည်၊ ရှေ့ဆက်ရမည်ကို ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားပြီး ချိန်ဆရန် လိုအပ်ကြောင်း" နှင့် ရုရှားနိုင်ငံရှိ အချို့သော "ချိန်ညှိမှုများ" ကို  ဆောင်ရွက်ရမည်ဖြစ်ကြောင်း အစီရင်ခံစာတွင် ရေးသားထားသည်။ 

 

သို့သော်ငြားလည်း နောက်ဆုံးရ အချက်အလက်များအရ Great Wall ၏ ရုရှားလုပ်ငန်းကဏ္ဍသည် ရုရှားနိုင်ငံတွင်း ထုတ်လုပ်မှုကို တိုးချဲ့ခြင်းအပါအဝင် ပုံမှန်အတိုင်း ဆက်လက်လည်ပတ်နေသည်။ တိုးချဲ့သည့် စီမံကိန်းအတွက် ဇွန်လကုန်အထိ ယွမ် ၁၇၄.၄၇ သန်း သုံးစွဲထားသည်။ တိုးချဲ့စက်ရုံကို ဆက်လက်ဆောက်လုပ်နေဆဲ ဖြစ်သည်။

Great Wall အနေဖြင့် တရုတ်ပြည် ပြင်ပတွင် ပထမဆုံးကားထုတ်လုပ်‌ေရးစက်ရုံကို ရုရှားနိုင်ငံ မြို့တော် မော်စကို တောင်ဘက် ကီလိုမီတာ ၂၀၀ နီးပါး အကွာအဝေးတွင် တည်ရှိသည့် Tula တွင် ထားရှိပါသည်။ ၂၀၁၉ တွင် စတင်ဖွင့်လှစ်ခဲ့သည်။ တိုးချဲ့စက်ရုံ ပြီးစီးပါက တစ်နှစ်လျှင် စီးရေ ၈၀,၀၀၀ ထုတ်လုပ်နိုင်မည် ဖြစ်သည်။

 

Source Asia nikkei

#MyanmarAutomobileGuide

 Telegram Channel  https://t.me/Guid4U

Read 3707 times