အင်ဂျင် သက်တမ်းရှည်ဖို့ ဒီအချက်တွေ လုပ်ပါ


မော်တော်ကားတစ်စီးတွင် အရေးကြီးဆုံးသော အဓိကအစိတ်အပိုင်းမှာ ကားအင်ဂျင်ဖြစ်သည်။ အင်ဂျင်သက်တမ်းရှည်ရန်နှင့် အင်ဂျင်စွမ်းဆောင်ချက်များ အမြဲကောင်းနေစေရန် ဂရုစိုက် ထိန်းသိမ်းပေးရပါသည်။

ကားအင်ဂျင်တစ်လုံးသည် စနစ် (System) များစွာဖြင့် ဖွဲ့စည်းထားပြီး အမြဲလှုပ်ရှား လည်ပတ်နေရသဖြင့် ပုံမှန်စစ်ဆေးခြင်းနှင့် ပြုပြင်ထိန်းသိမ်းပေးရန် လို အပ်ပါသည်။ ကားတစ်စီး၏ ဖွဲ့စည်းတည်ဆောက်ပုံနှင့် အခြေခံသဘောတရားများကို နားလည်သိရှိထားခြင်း မရှိသော၊ ကားအကြောင်း ရင်းနှီးကျွမ်းဝင်မှုမရှိသော၊ အတွေ့အကြုံမရှိသေးသော ယာဉ်မောင်းများနှင့် ယာဉ်ပိုင်ရှင်များ၏ ကားထိန်းသိမ်းပုံ လိုအပ်ချက် များကြောင့် ကားအင်ဂျင်တစ်လုံးသည် သက်တမ်းစေ့မသုံးရဘဲ အကြီးစား ပြန်လည် ပြုပြင်ပေးရတတ်သည်။ ကားအင်ဂျင်သက်တမ်းရှည်ရန် ထိန်းသိမ်းဆောင်ရွက်သင့်သော နည်းလမ်းများကို ဖော်ပြသွားပါမည်။

(၁) ယာဉ်ပိုင်ရှင်လက်စွဲစာအုပ်ကိုလေ့လာပါ

ကားထုတ်လုပ်သူူမှ ကားအင်ဂျင်ဆိုင်ရာ အချက်အလက်များနှင့် ကားတစ်စီးလုံးအတွက် လိုအပ်သော လမ်းညွှန်ချက်များကို ဖော်ပြထားပါသည်။ Owner’s Manual လက်စွဲစာအုပ် မရှိသော ကားများအတွက် ကားပြုပြင် ထိန်းသိမ်းရေးဆိုင်ရာ စာအုပ်များကို လေ့လာဖတ်ရှုပါ။ တတ်ကျွမ်းနားလည်သော မက္ကင်းနစ် စက်ဆရာများကို မေးမြန်း ဆွေးနွေးပါ။

(၂) အင်ဂျင်ဝိုင်နှင့် Oil Filter ကိုပုံမှန်လဲလှယ်ပေးပါ

အင်ဂျင်၏ အသက်သည် အင်ဂျင်ဝိုင်ဖြစ်သည်။ အင်ဂျင်ဝိုင် မှန်ကန်စွာ ရွေးချယ်သုံးစွဲရေးနှင့် အင်ဂျင်ဝိုင် ပုံမှန်လဲလှယ်ပေး ခြင်းသည် အင်ဂျင်သက်တမ်းရှည်ရေးအတွက် အဓိကကျသည်။ သုံးစွဲချိန်သက်တမ်းကျော်လွန်သော အင်ဂျင်ဝိုင်အဟောင်း များသည် ညစ်ညမ်းနေပြီး အင်ဂျင်ဘက်ရင်များ၊ ဝင်ရိုးများနှင့် လည်ပတ်နေသော အင်ဂျင်အစိတ်အပိုင်းများကို ပွန်းစား ပျက်စီးစေသည်။ မှန်ကန်သော အင်ဂျင်ဝိုင်နှင့် Oil Filter ဘူးများ ရွေးချယ်သုံးစွဲရေးသည်လည်း အရေးကြီးသည်။ ကားထုတ်လုပ်သူမှ သုံးစွဲရန် ညွှန်းဆိုထားသော အင်ဂျင်ဝိုင် အမျိုးအစားကိုသာ သုံးစွဲပါ။ Oil Level ကိုပုံမှန်စစ်ဆေးပါ။

လိုအပ်လျှင် အင်ဂျင်ဝိုင် ထပ်ဖြည့်ပေးရမည်။ အင်ဂျင်ဝိုင် ယိုစိမ့်မှု ရှိ/မရှိ ဂရုစိုက်စစ်ဆေးပေးရမည်။ ယာဉ်မောင်းသူသည် ကားတစ်စီးကို ကိုင်တွယ်နေသူဖြစ်၍ ပုံမှန်စစ်ဆေး ထိန်းသိမ်းသော လုပ်ဆောင်ချက်များကို ပြုလုပ်ပေးရန် တာဝန်ရှိသည်။ ကားနှင့် ပတ်သက်သော အခြေအနေကိုလည်း ကားပိုင်ရှင် (သို့မဟုတ်) Fleet Manager သို့ သတင်းပို့ရန် တာဝန်ရှိသည်။ ပုံမှန်အားဖြင့် ခရီးမိုင် (၅၀၀၀)၊ ကီလိုမီတာဖြင့် ကီလို(၈၀၀၀)ပြည့်တိုင်း အင်ဂျင်ဝိုင်အသစ် လဲလှယ်ပေးပါ။ Oil Filter ကိုပါ တစ်ခါတည်း လဲလှယ်ပေးပါ။

(၃) အင်ဂျင်အအေးခံစနစ်ကိုထိန်းသိမ်းပါ

ကားအင်ဂျင်တစ်လုံး ပုံမှန်အလုပ်လုပ်နိုင်ရန် အင်ဂျင်၏ အပူချိန်သည် Working Temperature တွင် ရှိနေရမည်။ အင်ဂျင် အပူလွန်ကဲပြီး ရေတိုင်ကီ ရေဆူလျှင် အင်ဂျင်ပျက်စီးသွားနိုင်သည်။ အင်ဂျင် Overheat ဖြစ်၍ အပူချိန် အလွန်အမင်း တက် လာပါက အင်ဂျင်ဂတ်စ်ကတ် ပြတ်ပြီး Engine Head ပါ ကွဲသွားနိုင်သည်။ ထို့ကြောင့် အင်ဂျင် အပူလွန်ကဲမှု မဖြစ်စေရန် ထိန်းသိမ်းပေးရသော တာဝန်သည် ယာဉ်မောင်းတစ်ဦး၏ တာဝန်ဖြစ်ပါသည်။ ယာဉ်မောင်းသူတိုင်းသည် အင်ဂျင်အအေးခံ စနစ်ကို လေ့လာသိရှိထားသင့်သည်။ ရေတိုင်ကီတွင် ရေလျော့နည်းနေသည်ကို မစစ်ဆေးဘဲ Highway ခရီးထွက်ခဲ့ပါက လမ်းခုလတ်တွင် အင်ဂျင်ရေဆူ၍ ဒုက္ခတွေ့မည်။ အင်ဂျင်အအေးခံစနစ် အလုပ်လုပ်ပုံကို နားလည် သိရှိထားမှသာ မည်ကဲ့သို့ ထိန်းသိမ်း ဂရုစိုက်သင့်သည်ကို သိရှိလာမည်။

ရေတိုင်ကီနှင့် ရေလျှံဘူးတွင် အအေးခံရည် အမြဲတမ်း အပြည့်ရှိ နေအောင် စစ်ဆေးထိန်းသိမ်းပါ။ Water Pump, သာမိုစတတ်၊ ဝါးတားပိုက်၊ ပန်ကာကြိုး၊ Electric Fan များကောင်းပါစေ။ ရေတိုင်ကီနှင့် ဝါးတားပိုက်များမှ ရေယိုစိမ့်နေခြင်း မရှိစေရန် စစ်ဆေးထိန်းသိမ်းပါ။ ကားမောင်းနေစဉ် အင်ဂျင်အပူချိန် Temperature Gauge ကို သတိထားကြည့်ပါ။ ရေတိုင်ကီ ရေမဆူမီ အင်ဂျင်အပူချိန် တက်နေကြောင်း အပူချိန်ပြဂိတ်တွင် တွေ့နိုင်သည်။ ရေတိုင်ကီ လေဝင်ပေါက်ကလေးများတွင် ဖုန်၊ သဲ၊ အမှိုက်များ ပိတ် ဆို့ခြင်း မရှိစေရန် လေထိုးဆိုင်တွင် လေမှုတ် သန့်ရှင်းပေးပါ။

(၄) အင်ဂျင် အသက်ရှူမကျပ်ပါစေနှင့်

အင်ဂျင်အတွင်းသို့ ဝင်သောလေများ သန့်ရှင်းစေရန် Air Cleaner က စစ်ပေးသည်။ လေစစ်ဇကာ ပိတ်ဆို့နေပါက အင်ဂျင် အသက်ရှူကျပ်ပြီး စက်လည်ပတ်မှု မမှန်တော့ဘဲ အင်ဂျင်တစ်ခုလုံး တုန်ခါနေမည်။ တစ်ခါတစ်ရံ စက်ထိုးရပ် သွားတတ် သည်။ လေစစ် Filter Element များကို လေမှုတ်သန့်ရှင်းပေးပါ။ ခရီးမိုင် (၁၂,၀၀၀)မှ (၂၀,၀၀၀) အထိ သုံးစွဲပြီးပါက လေစစ် Filter အသစ်လဲပေးပါ။

(၅) လောင်စာဆီလက်ကျန်ကိုအမြဲဂရုစိုက်ပါ

အရည်အသွေးကောင်းသော လောင်စာဆီအမျိုးအစားကိုသာ ရွေးချယ်သုံးစွဲပါ။ ဆီတိုင်ကီတွင် ဆီလက်ကျန် လုံးဝမရှိတော့ သည်အထိ ကုန်အောင်မသုံးရ။ တိုင်ကီအောက်ခြေနားတွင် အနယ်ထိုင်နေသော ဆီချေးအနယ်အနှစ် အမှုန်အမွှားများနှင့် ရေများကြောင့် ဆီစစ်ဘူး ပိတ်ဆို့သွားစေသည်။ EFI အင်ဂျင်သုံးကားများတွင် လောင်စာဆီ ပြတ်လပ်မသွားရအောင် အထူး သတိထားရန် လိုပါသည်။ ဆီပြတ်လပ်၍ Fuel Filter တွင် အနယ်အနှစ်များ ပိတ်ဆို့တတ်သည်။ Injector များတွင် ဆီမသန့်သော အနယ်အနှစ်များက ဒုက္ခပေးနိုင်သည်။ ဒီဇယ်ဆီနှင့် ဓာတ်ဆီလောင်စာ ဖြည့်တင်းရာတွင် ဆီနှင့်အတူ ရေနှင့် အညစ်အကြေး အနယ်အနှစ်များ ရောနှောပါဝင်၍ ဆီပန့်နှင့် Injector များ ပျက်စီးထိခိုက်စေနိုင်သည်။ ဆီတိုင်ကီတွင် ဆီသစ်ထပ်မံဖြည့်လျှင် မီးခေါက်သံ မထွက်သော၊ မှန်ကန်သော အောက်တိန်းဆီကိုသာ ရွေးချယ်ဝယ်ယူပါ။ အရည်မသွေး မမှန်သော၊ မသန့်ရှင်းသော လောင်စာဆီများကြောင့် အင်ဂျင် Performance ကျဆင်းပြီး Fuel Pump နှင့် Injector များကို ပျက်စီးစေသည်။ ဒီဇယ်ဆီသုံး ကားများတွင်လည်း ဆာလာဖာပါဝင်မှု နည်းပါးသော Premium Diesel ကိုသာ သုံးသင့် သည်။ ဆီစစ်ဘူးများ (Fuel Filter)ကိုလည်း အချိန်မှန်လဲပေးပါ။

(၆) Timing Belt နှင့် ပန်ကာကြိုးများထိန်းသိမ်းခြင်း

အင်ဂျင် Timing Belt ကြိုး ပြုတ်ထွက်သွားလျှင် အင်ဂျင် ပျက်စီးသွားမည်။ ကီလိုမီတာ (၈၀,၀၀၀)ခန့် သုံးပြီးပါက Timing Belt ကြိုး အသစ်လဲသင့်သည်။ ထို့ပြင် ပါဝါပန့်ကြိုး၊ ပန်ကာကြိုးအဖြစ် သုံးသော Belt ကြိုးများ စစ်ဆေး၍ ကြိုးတင်းအား လျော့ကျခြင်း မရှိစေရန် ထိန်းသိမ်း ဂရုစိုက်သင့်သည်။ ပန်ကာကြိုး လျော့လျှင် ဒိုင်နမိုလည်အား ကျဆင်းပြီး ရေတိုင်ကီ လေဆွဲအားလည်း ကျဆင်းသွားမည်။

(၇) ကားဒတ်ချ်ဘုတ်မှ သတိပေးမီးလင်းလာလျှင် ဂရုစိုက်ပါ

အင်ဂျင်တစ်လုံး၏ အခြေအနေများသိရှိရန် ကားဒတ်ချ်ဘုတ်တွင် သတိပေးမီးများက ယာဉ်မောင်းသူကို အမှားမလုပ်မိစေ ရန် သတိပေး ဖော်ပြထားသည်။ ထို Warning Lamp များ၏ အဓိပ္ပာယ်နှင့် မီးလင်းလာပါက မည်ကဲ့သို့ လုပ်ဆောင်ရမည်ကို သိရှိထားသင့်သည်။ ဘက်ထရီ မီးလင်းလာလျှင် ဒိုင်နမိုမှ ဘက်ထရီသို့ ချာဂျင် မဝင်သော အခြေအနေကို သတိပေးနေသည်။ ပန်ကာကြိုး ပြတ်နေသလား၊ ဒိုင်နမို ချွတ်ယွင်းမှုကြောင့် ချာဂျင် မဝင်တာလား၊ ဒိုင်နမို မိန်းကြိုးလောင်၍ ပြုတ်ကျနေသလား၊ ဘက်ထရီခေါင်း ချောင်နေသလား ထပ်မံစစ် ဆေးရန် လိုအပ်ပါသည်။

ထိုနည်းအတူ အင်ဂျင်ဝိုင် မီးလင်းလာသည်။ မီးလင်းလိုက် ပျောက်လိုက် ဖြစ်ပေါ်နေခြင်းသည်ပင်လျှင် အန္တရာယ်ရှိကြောင်း သတိပေးခြင်းဖြစ်သည်။ အင်ဂျင် Pressure ကျ၍ မီးလင်းလာခြင်း ဖြစ်သည်။ အင်ဂျင်ဝိုင် Level ကျလွန်းသလား၊ အင်ဂျင်ဝိုင် ယိုကျသွားသလား စစ်ဆေးသင့်သည်။ အင်ဂျင် Check မီးလင်းလာလျှင် အင်ဂျင်တွင် အမှားတစ်ခုခု ပြဿနာတစ်ခုခု ရှိနေ၍ ဖော်ပြခြင်းဖြစ်သည်။ သတိပေးမီးများကို ဂရုစိုက်၍ အပြစ်အားနည်းချက်များကို ရှာဖွေဖော်ထုတ်ရမည်။ ချွတ်ယွင်း ချက်များကို သက်ဆိုင်ရာ ကားဝပ်ရှော့ပ်များတွင် ပြသ၍ ပြုပြင်ရမည်။

(၈) Injector များနှင့် Fuel System ကိုထိန်းသိမ်းပါ

Injectorများ မကောင်းလျှင် ဆီဖျန်းပေးသော ပုံစံမမှန်၍ အင်ဂျင်လုပ်ဆောင်ချက် ကျဆင်းပြီး အင်ဂျင် ဆွဲအားလည်း ကျဆင်းတတ်သည်။ ဆီတိုင်ကီမှ Fuel Pump နှင့် Filter များကို လိုအပ်ချိန်တွင် စစ်ဆေး၍ လဲလှယ်ပေးသင့်သည်။ Common Rail ဆီလိုင်းထဲတွင် သတ်မှတ်ထားသောဆီ Pressure ရှိရမည်။ Injector များကို ပုံမှန်စစ်ဆေး၍ Injector Cleaner နှင့် ဆေးကြောသန့်ရှင်းပေးရမည်။

(၉) Speak Plug နှင့် ပလပ် ဝါယာကြိုးများ ပုံမှန်လဲပေးပါ

ဓာတ်ဆီအင်ဂျင်တစ်လုံး ပါဝါစွမ်းအားအပြည့် အလုပ်လုပ်နိုင်ရန် ဆီစနစ်၊ မီးစနစ် ကောင်းရသည်။ မီးပေးစနစ် (Ignition System) တွင် Spark Plug များ၊ ပလပ်ကြိုးများ ကောင်းမှ မီးမှန်မည်။ မီးမမှန်သောကားများ၊ အင်ဂျင်စွမ်းအား ကျဆင်းပြီး မောင်း၍ မကောင်းပါ။ ပလပ်သက်တမ်း ကြာရှည် မခံခြင်းသည် ဓာတ်ဆီညံ့၍ ဖြစ်ပါသည်။ အရည်အသွေး စစ်မှန်သော အောက်တိန်းဆီကိုသုံးပါ။ ပလပ်ကောင်းသော်လည်း ပလပ်ဝါယာကြိုးများ မကောင်းပါကလည်း မီးမမှန်ဖြစ်တတ်သည်။

(၁၀) ဘက်ထရီနှင့် စက်နှိုးမော်တာကိုထိန်းသိမ်းပါ

ဘက်ထရီငုတ်များ သန့်ရှင်းပေးခြင်း၊ ဘက်ထရီ မိုးရေ အက်ဆစ် ပုံမှန် စစ်ဆေး တိုင်းတာခြင်း၊ လိုအပ်သလို ထပ်မံ ဖြည့် ပေးခြင်း၊ ဘက်ထရီခေါင်း၊ ဘက်ထရီကေဘယ်ကြိုးများ အဆက်သေချာစေခြင်းများကို ပုံမှန် စစ်ဆေးလုပ်ဆောင်ပေးခြင်း သည် ဘက်ထရီ ထိန်သိမ်းခြင်း ဖြစ်ပါသည်။ ဘယ်ထရီ Overcharging မဖြစ်စေရန် ဂရုစိုက်ပါ။ ဘက်ထရီမီးလင်းလာလျှင် ချာဂျင်မဝင်တော့ပါ။ AC/DC ဒိုင်နမိုနှင့် ချာဂျင်စနစ်ကို စစ်ဆေးဖို့ လိုပါသည်။

ကားတစ်စီးကို ကိုင်တွယ်မောင်းနှင်ထိန်းသိမ်းရာတွင် ပုံမှန်အချိန်မှန် ပစ္စည်းလဲလှယ်ပေးခြင်းအပြင် ကားအင်ဂျင်၏ ထူးခြား ဖြစ်စဉ်အရ ဖြစ်ပေါ်လာသော မူမမှန်သောအသံများ၊ တုန်ခါမှုများ၊ အင်ဂျင်စွမ်းဆောင်ရည် ကျဆင်းလာသော အခြေအနေ များအပေါ် မူတည်၍ လိုအပ်သလို ထိန်းသိမ်းပြုပြင်ပေးရန် ဖြစ်ပါသည်။ ဂရုစိုက် ထိန်းသိမ်းမှုများ ပုံမှန် ဆောင်ရွက်ပေးမှသာ သင့်ကား အင်ဂျင်သက်တမ်း ကြာရှည်ပြီး ယုံကြည်စိတ်ချစွာ ခိုင်းနိုင်ပါမည်။

Read 717 times