ရန်ကုန်လိုင်စင်ဖြင့် ဝယ်ယူနိုင်မည့် ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ် သော ၂၀၁၉ မိုဒယ် Grand i10 ကို ဈေးကွက်အတွင်း စတင်ရောင်းချ နေပြီဖြစ်ကြောင်း သိရသည်။
၂၀၁၉ မိုဒယ် Grand i10 သည် Shwe Daehan Motor မှ SKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ် ထားသော Sedan ကားအမျိုးအစား ဖြစ်သည်။ ဈေးနှုန်း သင့်တင့်ပြီး လောင်စာဆီ သက်သာစေရန် ထုတ်လုပ်ထားသလို အတွင်းခန်းလည်း ကျယ်ဝန်းအောင် ပြုလုပ်ထားကြောင်း သိရသည်။ 1.25 MPi Kappa ဓာတ်ဆီ အင်ဂျင် 4-Speed အော်တိုဂီယာ အသုံးပြုထားပြီး အမြင့်ဆုံးအမြန်နှုန်း 175 kph ၊ အမြင့်ဆုံးစွမ်းရည် 87 ps/ 6,000 rpm ၊ အမြင့်ဆုံးရုန်းအား 12.2 kg.m / 4,000 rpm ဖြစ်ပြီး 0 မှ 100 kph မြန်နှုန်းရောက်ရှိရန် ၁၃ ဒသမ ၈ စက္ကန့်သာ ကြာမည်ဖြစ်သည်။
Grand i10 သည် အပြင် ဘက်ဒီဇိုင်းကို ဆဌဂံပုံ လေဝင်ပေါက်မှစကာ ဥရောပဒီဇိုင်းဖြင့် ပုံဖော် ထုတ်လုပ်ထားသည်။ ရှေ့မီးများကို အလင်းကောင်းသော DRL မီးလုံး များ အသုံးပြုထားကာ ခံနိုင်ရည် မြင့်သည့် ပလတ်စတစ်ဖြင့် ကာ ထားပြီး ရောင်ပြန်များလည်း ပါဝင် သည်။ ဆဌဂံပုံ လေဝင်ပေါက်မှ တစ်ဆင့် လေဝင်စေပြီး အင်ဂျင် အအေးခံနိုင်ရန် ကူညီပေးမည် ဖြစ် သည်။ မြူနှင်းများကို အထိရောက်ဆုံး ထိုးဖောက်နိုင်ရန် ရှေ့နှင်းခွဲမီးများကို အောက်ဘက်နိမ့်၍ တပ်ဆင်ထား သလို LED DRL မီးသီးများကို နှင်းခွဲ မီးသီးအနားတွင် တပ်ပေးထားသည်။ လုံခြုံရေးအတွက် သာမကဘဲ ပိုပြီး လှပစေရန် အချိုးအကွေ့ အချက်ပြ မီးများကို နောက်ကြည့်မှန်တွင် ထည့်သွင်း တပ်ဆင်ပေးထားသည်။
ဘေးမှန်များကို လွယ်ကူစွာ ချိန်ညှိနိုင်ရန် Power Control တပ် ဆင်ပေးထားသည်။ Grand i10 တွင် လေအိတ် နှစ်လုံး ပါဝင်ပြီး တောင့်တင်းခိုင်မာသော ဘော်ဒီ တည်ဆောက်ပုံနှင့် Steering Assist Control လည်း ပါဝင်သည်။ ပါကင်ထိုးချိန် အကူအညီပေးမည့် အာရုံခံကိရိယာများ၊ Anti-lock ဘရိတ်စနစ်နှင့် Vehicle Stability Management လည်း ပါဝင်သည်။
Grand i10 ကို ဧပြီ ၈ ရက် မှစ၍ ကျပ် ၂၅၂ သိန်း (ဝင်ငွေခွန်မပါ)ဖြင့် တရားဝင် အရောင်းကိုယ် စားလှယ်များမှတစ်ဆင့် ရောင်းချ ပေးနေပြီး သုံးနှစ်၊ သို့မဟုတ် ကီလိုမီတာ တစ်သိန်းအာမခံပေးထားကာ အရစ်ကျစနစ်ဖြင့်လည်း ဝယ်ယူနိုင်ကြောင်း သိရသည်