Grab က ဒစ်ဂျစ်တယ်မြေပုံ ဝန်ဆောင်မှု စတင်မည်


Grab က ဒစ်ဂျစ်တယ်မြေပုံ ဝန်ဆောင်မှု စတင်မည်

တက္ကဆီအငှားဝန်ဆောင်မှုလုပ်ငန်း Grab က ဗုဒ္ဓဟူးနေ့ (ဇွန်လ ၈) က ဒစ်ဂျစ်တယ်မြေပုံများ ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်မည့် အစီအစဉ်ကို ကြေညာခဲ့ပါတယ်။ အခြားလုပ်ငန်းများအား မြေပုံနှင့် တည်နေရာ နည်းပညာ ဝန်ဆောင်မှု GrabMaps ကို ကမ်းလှမ်းမှာ ဖြစ်ပါတယ်။

 

မြေပုံနှင့် တည်နေရာ နည်းပညာ ဝန်ဆောင်မှု နယ်ပယ်တွင် Google Maps Platform နှင့် Bing Maps for Enterprise တို့ ရှိနေကြတာကို GrabMaps က ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
GrabMaps ရဲ့ အားသာချက်က အာရှနိုင်ငံရှိ မြို့ကြီးပြကြီးများတွင် လူသုံးများသော်လည်း ကျဉ်းမြောင်းသဖြင့် မြေပုံတွင် မဖော်ပြသည့် လမ်းကြိုလမ်းကြားများ၊ ဖြတ်လမ်းများ၊ နောက်ဖေးလမ်းကြားများကို GrabMaps က ဖော်ထုတ်ပြသပေးမှာ ဖြစ်လို့ မြေပြင်လက်တွေ့အခြေအနေများနှင့် ပိုနီးစပ်မှာ ဖြစ်ပါတယ်။ ရပ်ကွက်ထဲ နေထိုင်ကြသူတို့သာ သိကြသုံးကြသည့် လမ်းငယ်လမ်းကျဉ်းများ ပါဝင်မယ်လို့ ဆိုပါတယ်။ 

အရှေ့တောင်အာရှ မြေပုံဝန်ဆောင်မှုများက တစ်နှစ်လျှင် ဝင်ငွေ အမေရိကန် ၁ ဘီလျံဝန်းကျင် ရှိပြီး Grab က ဝေစုအသေးစားတစ်ခု စတင်ရယူမှာ ဖြစ်ပါတယ်။

နည်းပညာပိုင်းကို  Grab ရဲ့ တက္ကဆီအငှားဝန်ဆောင်မှုလုပ်ငန်းနှင့် စားသောက်ကုန် အိမ်တိုင်ရာရောက် ပေးပို့တဲ့ လုပ်ငန်းတို့မှာ အရင်ဦးစွာပထမ ဖွံ့ဖြိုးစေခဲ့ပါတယ်။
Grab လုပ်ကိုင်နေတဲ့ နိုင်ငံ ၈ နိုင်ငံအနက် မြန်မာနိုင်ငံ အပါအဝင် ၇ နိုင်ငံတို့မှာ လက်ရှိအသုံးပြုနေတဲ့ နည်းပညာပိုင်း ဖြစ်ပါတယ်။


၈ နိုင်ငံမှာ အင်ဒိုနီးရှားမှတစ်ပါး ကျန် ၇ နိုင်ငံ ဖြစ်တဲ့ စင်ကာပူ၊ ကမ္ဘောဒီးယား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် ဗီယက်နမ် တို့မှာ အသုံးပြုလျက် ရှိပါတယ်။
နည်းပညာပိုင်းက သွားရောက်ရမယ့်နေရာများအတွက် ယာဉ်မောင်းများနှင့် ပစ္စည်းပေးပို့သူများကို  Grab က အလွယ်တကူ လမ်းကြောင်းချပေးလို့ ရအောင် လုပ်ပေးပါတယ်။ ခရီးတစ်ကြောင်း ကြာချိန် ခန့်မှန်းတွက်ချက်ပေးခြင်း၊ အဆီလျော်ဆုံး လမ်းကြောင်း ချမှတ်ခြင်း၊ အစီအစဉ်ဆွဲခြင်းတို့ကို လုပ်ဆောင်ပေးပါတယ်။

ယခုအခါ GrabMaps က Grab ရဲ့ ဝန်ဆောင်မှုများအတွက် တစ်လလျှင် အလုပ်ပေါင်း ၈၀၀ ဘီလျံကျော်ကို ကိုင်တွယ်ပေးနေပါတယ်။

ယခုနှစ် တတိယ၃လပတ်မှာ GrabMaps ရဲ့ စွမ်းပကားကို အပြည့်အဝ အသုံးချပြီး ဝန်ဆောင်မှုများ ပေးအပ်နိုင်မှာ ဖြစ်ပါတယ်။

အရှေ့တောင်အာရှ ဈေးကွက်ထဲမှာ Grab ရည်မှန်းထားတဲ့ ဝယ်လက်တွေက နည်းပညာ ပလက်ဖောင်းများ၊ ဆက်သွယ်ရေး လုပ်ငန်းများ၊ လော့ဂျစ္စတစ် လုပ်ငန်းများ၊ e-commerce ပလက်ဖောင်းများ၊ အစိုးရဌာနများ ပါဝင်ပါတယ်။
 
စစချင်းမှာ GrabMaps က ဝန်ဆောင်မှု ၂ မျိုး ပေးအပ်ပါမယ်။ 

တစ်မျိုးက ကုမ္ပဏီတွေကို Grab ရဲ့ အခြေခံမြေပုံမှ အလျက်အလက်များ သုံးစွဲခွင့် လိုင်စင် ထုတ်ပေးထားမှာ ဖြစ်ပါတယ်။ နေရာတွေ လမ်းတွေ ယာဉ်သွားယာဉ်လာ အနည်းအများတို့ကို  GrabMaps မှာ ကြည့်ရှုနိုင်မှာ ဖြစ်တဲ့အပြင် 360-degree လမ်းမြင်ကွင်း ပုံများကိုလည်း ကြည့်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

နောက်တစ်မျိုးက မြေပုံသုံးဖို့ ဆော့ဖ်ဝဲ သုံးခွင့် ပေးတာ ဖြစ်ပါတယ်။ KartaCam ကင်မရာဖြင့် လမ်းမြင်ကွင်း မြေပုံထုတ်နိုင်မှာ ဖြစ်ပါတယ်။ 

မိုဘိုင်းဆော့ဖ်ဝဲကိုတော့ iOS နှင့်  Android အတွက် mobile software development kits ကို နောက်နှစ်မှာ developers များအတွက် ပေးအပ်မှာ ဖြစ်ပါတယ်။
 

Read 354 times