Grab ဒေါ်လာ ၁ ဘီလျံနီးပါး အရှုံးပြ


ပြီးခဲ့တဲ့ တတိယသုံးလပတ်(ဇူလိုင်-စက်တင်ဘာ) မှာ အသားတင်အရှုံး အမေရိကန်ဒေါ်လာ ၉၈၈ သန်း ရှိခဲ့ကြောင်း၊ ယခင်နှစ် အလားတူကာလမှ အသားတင်အရှုံး အမေရိကန်ဒေါ်လာ ၆၂၁ သန်း ရှိခဲ့သည်ဖြစ်ရာ ယခုနှစ်မှာ ပိုများလာကြောင်း Grab Holdings ပြောကြားပါတယ်။ 
အရှေ့တောင်အာရှမှာ ကိုဗစ်လှိုင်းပြန်ထခဲ့တာကြောင့် တက္ကဆီအငှား ကဏ္ဍမှာ ကျဆင်းခဲ့တာကြောင့် အရှုံးပြခဲ့တယ်။ အထူးသဖြင့် ဗီယက်နမ်နိုင်ငံမှာ ဆိုးဆိုးဝါးဝါး ကျဆင်းခဲ့ပါတယ်။
သုံးလပတ်တစ်လျှောက်လုံးနီးပါး ဗီယက်နမ်နိုင်ငံမှာ သွားလာမှုနဲ့ စားစရာပေးပို့မှုတို့ ရပ်ဆိုင်းထားခဲ့ရပါတယ်။

"သွားလာမှုနဲ့ စားစာရာပေးပို့မှု ဝန်ဆောင်မှုများ သုံးလပတ် တစ်ခုလုံးနီးပါး ဗီယက်နမ်မှာ ရပ်ဆိုင်းထားရတယ်။ ကျွန်တော်တို့ရဲ့ အဓိက ခြောက်နိုင်ငံမှာလည်း သွားလာမှုကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတာကို လုပ်ငန်းလည်ပတ်မှုမှာ ကြံရတယ်" လို့ ဘဏ္ဍာရေးမှူးချုပ် Peter Oey က ပြောကြားပါတယ်။

အမှုဆောင်အရာရှိချုပ် Anthony Tan က ရင်းနှီးမြှုပ်နှံသူများကို အွန်လိုင်းမှတစ်ဆင့် ပြောကြားရာတွင် စတုတ္ထသုံးပတ်တွင် ကုမ္ပဏီ ၏ တက္ကဆီအငှားလုပ်ငန်း ပြန်ကောင်းလာမည်ဟု မျှော်လင့် ထားကြောင်း ပြောကြားပါတယ်။ ဒေသတွင်း ကာကွယ်ဆေးထိုးပြီးသူ ဦးရေ ပိုများလာနေပြီး အထူးသဖြင့် အင်ဒိုနီးရှား၊ မလေးရှား နှင့် ဗီယက်နမ် နိုင်ငံများတွင် ပြန်ကောင်းလာမည်ဟု မျှော်လင့်ထားပါတယ်။

Grab သည် ကုန်စုံဆိုင် ဝန်ဆောင်မှုနှင့် ဘဏ္ဍာရေး ဝန်ဆောင်မှုများကိုလည်း တိုးချဲ့ လုပ်ကိုင်လျက် ရှိပါတယ်။
GrabMart အမည်ဖြင့် ကုန်စုံဆိုင် လုပ်ငန်းကို လုပ်ကိုင်ပြီး အဓိကကျသည့် နိုင်ငံများမှာ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင် တို့ ဖြစ်ပါတယ်။
စင်ကာပူမှာ အွန်လိုင်းဈေးဆိုင်လုပ်ငန်း Lazada နဲ့ လက်တွဲပြီး မှာကြားပစွည်း နေ့ချင်းအရောက်ပို့ ဝန်ဆောင်မှုကို GrabExpress အမည်ဖြင့် လုပ်ဆောင်ပါတယ်။

ယခုအခါ စင်ကာပူမှာ အခြေစိုက်ထားတဲ့ Grab ကို ၂၀၁၂ ခုနှစ်မှာ တက္ကဆီခေါ်ဖို့အက်ပ်ဖြင့် စတင်ခဲ့ပါတယ်။ ယခုအခါ Grab က တက္ကဆီခေ့်ခြင်း၊ စားစရာ မှာကြားမှုများ ပေးပို့ခြင်း၊ ကုန်စုံဆိုင်ဝန်ဆောင်မှု၊ မိုဘိုင်းဘဏ်လုပ်ငန်း ငွေလွှဲလုပ်ငန်းတို့ကို လုပ်ကိုင်နိုင်တဲ့ စူပါအက်ပ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပါတယ်။
 
 Anthony Tan နဲ့  Tan Hooi Ling တို့ ပူးတွဲထူထောင်ခဲ့တဲ့ Grab က ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ် နိုင်ငံများမှာ တည်ရှိတဲ့ မြို့ပေါင်း ၄၀၀ ကျော်တွင် လုပ်ငန်းလည်ပတ်လျက် ရှိပါတယ်။

Read 6827 times