အွန်လိုင်း တက္ကဆီလုပ်ငန်းကို AirAsia Ride အမည်ဖြင့် AirAsia လေကြောင်းလိုင်းက ကုမ္ပဏီ အခြေစိုက်တဲ့ မိခင်နိုင်ငံ မလေးရှားမှာ စတင်လိုက်ပါတယ်။
အဓိက ပြိုင်ဘက်က အွန်လိုင်းတက္ကဆီကဏ္ဍမှာ အခိုင်အမာ ရပ်တည်နေတဲ့ Grab ဖြစ်ပါတယ်။
အွန်လိုင်းကားအငှား ဝန်ဆောင်မှု e-hailing service ကို ပိုကောင်းမွန်တဲ့ အဆင်ပြေမှု၊ အကျိူခံစားခွင့်များ ပေးအပ်ပြီး Grab ကို ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
e-hailing service ကို AirAsia လုပ်ကိုင်ဖို့ အချိန်ယူပြီး ပြင်ဆင်ခဲ့ရပါတယ်။ e-hailing service မှာ အဓိကအကျဆုံးက ယာဉ်မောင်းတွေအတွက် အက်ပ်နဲ့ ငှားစီးမယ့် လူအများတို့ရဲ့ အက်ပ်တို့ ဖြစ်ပြီး ဒေတာတွေ အချိန်နဲ့တပြေးညီ လုပ်ကိုင်ပေးနိုင်ရေးကလည်း နောက်ခံအဖြစ် အရေးပါတာကြောင့် အချိန်ပေးပြီး ကွန်ရက်ကို ဖွဲ့စည်းထူထောင်ရပါတယ်။
ကားအတူငှားစီးဖို့ လုပ်ကိုင်ဆောင်ရွက်တဲ့ Dacsee ကို လည်း ဝယ်ယူခဲ့ပါတယ်။
တက္ကဆီငှားရမ်းဖို့ ကုမ္ပဏီရဲ့ Super App ထဲဝင်ရောက်ပြီး ဆောင်ရွက်ဖို့ လုပ်ပေးထားတယ်။ Super App ထဲမှာ စားစရာမှာခြင်း၊ ဈေးဝယ်ခြင်း၊ ဟိုတယ်အခန်းငှားခြင်း၊ လေယာဉ်လက်မှတ်ဝယ်ခြင်းတို့နဲ့အတူ တက္ကဆီငှားရမ်းခြင်းကို ထပ်ဖြည့်ထည့်ပေးထားတယ်။
လောလောဆယ်မှာ မြို့တော် ကွာလာလမ်ပူ တည်ရှိရာ စီလန်ဂေါပြည်နယ်အတွင်းမှာသာ ဝန်ဆောင်မှု ရယူနိုင်မှာ ဖြစ်ပါတယ်။ ပီနန်ကျွန်း၊ မီလာကာ၊ ဂျိုဟိုး၊ ကီလန်းတန်၊ ဆာဘာသ်၊ ဆာရာဝပ်ခ် စတဲ့ဘပြည်နယ်တွေအဖို့ ၂၀၂၁ နှစ်ကုန်ပိုင်းမှာ ရရှိမှာ ဖြစ်ပါတယ်။
AirAsia Super App ရဲ့ စီအီးအို Amanda Woo က မလေးရှား ပြည်တွင်းမှာသာမက အာဆီယံဒေသတွင်းကိုပါ တိုးချဲ့လုပ်ကိုင်သွားမယ်။ ထိုင်းနဲ့ အင်ဒိုနီးရှားတို့မှာ ဝန်ဆောင်မှု ပေးဖို့ အစီအစဉ်ရှိကြောင်း ပြောကြားပါတယ်။
AirAsia Ride ဝန်ဆောင်မှုက အခြား အွန်လိုင်းတက္ကဆီတွေအတိုင်း ကားငှားရမှာ ဖြစ်ပေမဲ့ ကားငှားစီးတဲ့သူတွေ ပိုအဆင်ပြေအောင် လုပ်ပေးထားတယ်လို့ ကုမ္ပဏီက ပြောကြားပါတယ်။
ဥပမာ ယာဉ်မောင်းကို ကားငှားသူက ရွေးချင်ရင် ရွေးလို့ရအောင် အက်ပ်မှာ စီစဉ်ပေးထားတယ်။ ပလက်ဖောင်းက ပေးတဲ့ယာဉ်မောင်းကိုပဲ သုံးရတာမျိုး မဟုတ်ဘူး။ ရွေးချယ်ဖို့ ယာဉ်မောင်း ဘယ်သူဘယ်ဝါ၊ ဘယ်လောက်အကွာအဝေးမှာ ရောက်ရှိနေတယ် စတဲ့အချက်အလက်တွေ အက်ပ်မှာ ဖော်ပြပေးထားတယ်။
ထူးြခားတဲ့ အစီအစဉ်တစ်ခုက Allstar Ride ကို ငှားရမ်းသူက သုံးစွဲနိုင်တာ ဖြစ်ပါတယ်။ AirAsia Ride မှာ ယာဉ်မောင်းနှင်သူတွေက AirAsia ရဲ့ ပိုင်းလော့ လေယာဉ်မှူး၊ လေယာဉ်ဝန်ထမ်း စတဲ့သူတွေ ဖြစ်ပါတယ်။ AirAsia ရဲ့ လေယာဉ်တွေရပ်ထားရလို့ လမ်းတွေပေါ်မှာ ယာဉ်မောင်းအဖြစ် ပြောင်းလဲလုပ်ကိုင်ကြသူတွေ ဖြစ်ပါတယ်။ ယာဉ်ကိုလည်း compact, premium, six-seater, premium MPV, taxi စသဖြင့် အမျိုးမျိုးထဲမှ နှစ်သက်ရာကို ရွေးချယ်နိုင်ပါတယ်။
တက္ကဆီခက တစ်ကီလိုမီတာကို ၁ ရင်းဂစ် ဖြစ်ပြီး လမ်းအသုံးပြုခ ထပ်ဆောင်း ကျသင့်ပါတယ်။ စီးခါနီးမှ တက္ကဆီခေါ်လို့ ရသလို ကြိုတင်မှာထားလို့လည်း ရတယ်။ ကြိုတင် မှာရင် အနည်းဆုံး ရင်းဂစ် ၂၀ ကျသင့်မှာ ဖြစ်ပါတယ်။
အက်ပ်မှာ Grab လိုပဲ ယာဉ်မောင်းကို အပိုကြေး ဆုချလို့ ရအောင် လုပ်ပေးထားတယ်။ ငှားခ ပေးချေတာကို ငွေသားနဲ့ ဖြစ်စေ ခရစ်ဒစ်ကတ် ဒဲဘစ်ကတ် ဖြင့် ဖြစ်စေ ပေးချေနိုင်တယ်။
နောင်နောင်မှာ ငှားစီးတဲ့သူတွေကို စုထားဖို့ အမှတ်ပေးတဲ့စနစ် Big points ကျင့်သုံးမှာ ဖြစ်ပြီး ငှားခကို စုထားတဲ့ အမှတ်တွေနဲ့လည်း ပေးချေနိုင်မှာ ဖြစ်ပါတယ်။
ပလက်ဖောင်းကို အသုံးပြုတဲ့ ယာဉ်မောင်းတွေကို ရာခိုင်နှုန်းဖြင့် ပလက်ဖောင်းကြေး ကောက်ခံကြတာမှာ ဈေးကွက်ထဲ ကျင့်သုံးကြတာ ငှားခရဲ့ ၂၀ % ကောက်ခံကြတယ်။ AirAsia Ride က ၁၅ % သာ ကောက်ခံမှာ ဖြစ်ပါတယ်။ ငှားခရဲ့ ၈၅% ကို ယာဉ်မောင်း ရရှိမှာ ဖြစ်ပါတယ်။ ကောက်ခံတဲ့ ရာခိုင်နှုန်း လျှော့ပေးတာ အပြင် ယာဉ်မောင်းတွေ ငှားတဲ့သူ အချိန်တိုတိုအတွင်း ရရှိဖို့အတွက် ဒေတာဆန်းစစ်မှုဖြင့် ထောက်ကူပေးသွားမှာ ဖြစ်ပါတယ်။ ဉပမာ လေယာဉ်ကွင်း ပို့ပေးရတဲ့အခါ အပြန်ခရီး အငှားရဖို့ အတတ်နိုင်ဆုံး စီစဉ်ပေးမှာ ဖြစ်ပါတယ်။
AirAsia Ride က အငှားလိုက်ဖို့ ချပေးတာကို ယာဉ်မောင်းက ငြင်းပယ်တာအတွက် သူ့ကို ဒဏ်ကြေးတစ်စုံတစ်ရာ ကောက်ခံမှာ မဟုတ်ဘူးလို့ ကုမ္ပဏီက ကြေညာထားပါတယ်။ ယာဉ်မောင်း လက်ခံချင်အောင် အကျိုးခံစားခွင့် စီစဉ်ပေးခြင်း၊ ဆုကြေးပေးချင်တို့ဖြင့် ဆွဲဆောင်မယ်လို့ ဆိုပါတယ်။
ယခုအခါ လက်တွဲဖို့ စာရင်းပေးထားတဲ့ ယာဉ်မောင်း ၁,၅၀၀ ဝန်းကျင် ရရှိထားပြီး ကုမ္ပဏီက ၅,၀၀၀ ကျော် လာမယ့် ၆ လအတွင်း ထပ်မံရောက်ရှိလာကြလိမ့်မယ်လို့ မျှော်မှန်းထားတယ်။
ယာဉ်မောင်းမှာ တက္ကဆီ သက်မွေး ယာဉ်မောင်း လိုင်စင် ရထားဖို့ လိုအပ်တယ်။ ကိုဗစ်ကာကွယ်ဆေး ၂ ကြိမ်အပြည့် ထိုးပြီးသူ ဖြစ်ရမယ်။ အခါအားလျော်စွာ ကိုဗစ်ဆေးစစ်မှု ခံယူရမယ်လို့ ကုမ္ပဏီက ပြဋ္ဌာန်းထားပါတယ်။
AirAsia ရဲ့ သိုလှောင်ပို့ဆောင်ရေး လောဂျစ်စတစ်လက်တံ Teleport နဲ့ AirAsia Ride ကို နောက်တစ်ချိန်မှာ ပေါင်းစည်းဖို့ ရည်မှန်းထားပါတယ်။ လောလောဆယ်မှာတော့ စားစရာ အိမ်တိုင်ရာရောက် ပို့တဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေကို Teleport လက်တံက ကြီးကြပ်ပေးနေပါတယ်။ လက်ရှိလုပ်ကိုင်နေတဲ့ စားစရာပို့ လုပ်ငန်းတွေကို ထိုင်းနဲ့ မလေးရှားတို့မှာ အပြီးအပြတ် ဝယ်ယူပြီး ချဲ့ထွင်လုပ်ကိုင်လျက် ရှိပါတယ်။
တက္ကဆီတွေကို မြို့ပတ်ပြီး ပစ္စည်းပို့တဲ့ ဝန်ဆောင်မှုမှာလည်း သုံးစွဲ ပေးနိုင်စေမှာ ဖြစ်ပါတယ်။ e-commerce ခေါင်းစဉ်အောက်မှာ တစ်စည်းတစ်လုံးတည်း ဝန်ဆောင်မှု အသီးသီး ပေးနိုင်စေမှာ ဖြစ်ပါတယ်လို့ AirAsia Super App ရဲ့ စီအီးအို Amanda Woo က ပြောကြားပါတယ်။
နောက်ထပ် စိတ်ဝင်တစား ဖြစ်စရာက အီးဗီ electric vehicle တွေကို သုံးစွဲဖို့ အတွက်လည်း အစီအစဉ် ရှိထားတာ ဖြစ်ပါတယ်။ မိုးပျံတက္ကဆီ အကောင်အထည်ဖော်မယ်လို့ ကုမ္ပဏီက ကြေညာခဲ့ပြီး ရှေ့ပြေးစမ်းသပ်မှုအဖြစ် Cyberjaya စီမံကိန်းကို စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။
Source: paultan.org