မလေးရှားကားအသစ်ဈေးကွက် ၂နှစ်ငိုက်ဆင်းနေခဲ့ပြီး ဦးပြန်မော့လာ
မလေးရှား ကားအသစ်ဈေးကွက် ၂ နှစ် ငိုက်ဆင်းနေခဲ့ပြီး ယခုအခါ ပြန်ဦးမော့လာသည်။
၂၀၂၂ ပထမနှစ်ဝက်အတွင်း ကားအသစ်ကျပ်ချွတ် စီးရေ ၃၃၁,၃၈၆ ကနဦး မှတ်ပုံတင်ခဲ့ကြသည်။ ၂၀၂၁ ပထမနှစ်ဝက်တွင် ကားအသစ်ကျပ်ချွတ် စီးရေ ၂၄၉, ၁၇၈ ကနဦး မှတ်ပုံတင်ခဲ့ကြသည်ဖြစ်ရာ ယခုနှစ်တွင် စီးရေ ၈၂,၂၀၈ ပိုများသည်။ ရာခိုင်နှုန်းအားဖြင့် ၃၃% ပိုများသည်။
မလေးရှား မော်တော်ယာဉ်အသင်း Malaysian Automotive Association (MAA) ဥက္ကဋ္ဌ Aishah Ahmad က ယခုနှစ် ပထမ ၆လတာအတွင်း စီးရေအများဆုံး ကနဦး မှတ်ပုံတင်ခဲ့သည့် လမှာ မတ်လဖြစ်ကြောင်း ပြောကြားသည်။
မတ်လတွင် စီးရေ ၇၃,၂၄၄ ရောင်းချခဲ့သည်။
သူမက အွန်လိုင်းသတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်မှာ မတ်လတွင် ရောင်းအား ထိုးတက်သွားခဲ့ရသည်မှာ ဘဏ္ဍာရေးနှစ် ကုန်ဆုံးသည့်လ ဖြစ်သဖြင့် မတ်လ ၃၁ ရက် မရောက်ခင် ကားများကို ဝယ်ယူထားသူများ၏ လက်ထဲ အရောက်ပို့ပေးကြပြီး စာရင်းရှင်းကြသောကြောင့် ဖြစ်သည်ဟု ရှင်းပြသည်။
" ၆ လ တာအတွင်း မော်တော်ယာဉ်အသစ်များ ရောင်းအားကောင်းလာခြင်းအတွက် နောက်ထပ်အကြောင်းရင်းတစ်ခုမှာ အိမ်စီးကားများအတွက် အရောင်းအခွန်ကင်းလွတ်ခွင့်မက်လုံးကာလကို ဇွန်လ ၃၀ ရက်အထိ ရက်တိုးပေးထားတာမှာ နောက်ထပ် တပ်မတိုးဖို့ ဆုံးဖြတ်ချက် ချလိုက်တာကြောင့် ယခု ဇွန်လမကုန်ခင်မှာ ကားကို မှာကြားဝယ်ယူဖို့ တွန်းအား ဖြစ်စေခဲ့ပါတယ်" ဟု သူမက ရှင်းပြသည်။
သက်တမ်းကုန်ဆုံးရက် နီးလာတဲ့ ဇွန်လမှာ နောက်ထပ် ရက်မရွေ့ဆိုင်းကြတော့ဘဲ ကားဝယ်လိုက်ကြတဲ့အတွက် ဇွန်လမှာ စီးရေ ၆၃,၃၆၆ ရောင်းချခဲ့ရသည်။ မတ်လပြီးလျှင် ဇွန်လသည် ရောင်းရစီးရေ ဒုတိယအများဆုံးလ ဖြစ်ခဲ့သည်။
အကယ်၍သာ ကားတွင် သုံးစွဲသည့် ချစ်ပ်များ၊ အချို့ အစိတ်အပိုင်းများ အလုံအလောက် ရရှိနေမည်ဆိုလျှင် ယခုထက် ရောင်းအား ပိုကောင်းစေမည်ဟု သူမက သုံးသပ်သည်။
၂၀၂၂ ပထမ ၆ လတွင် ကားစီးရေ ၃၁၇,၉၃၃ ထုတ်လုပ်ခဲ့ပြီး ၎င်းကားစီးရေတွင် စီးရေ ၂၃,၈၁၁ သည် လုပ်ငန်းသုံးမော်တော်ယာဉ်များဖြစ်သည်။
၂၀၂၂ ပထမ ၆ လတာအတွင်း အိမ်စီးကား စီးရေ ၂၉၃,၅၄၀ ရောင်းချခဲ့ရပြီး အီးဗီ ၄၉၄ စီး ပါဝင်သည်။
MAA က ဇူလိုင်လ ရောင်းအားသည် ဇွန်လကို မီမည်ဟု မျှော်မှန်းထားသည်။
မလေးရှား ကားဈေးကွက် TOP(5)
၂၀၂၂ ဒုတိယနှစ်ဝက် မလေးရှားကားအသစ်ဈေးကွက်တွင် အမြဲ ပထမနေရာကို ရသည့် Perodua သည် ဈေးကွက်ဝေစု ၃၈.၄% ရရှိသည်။ စီးရေ ၁၂၇,၃၄၃ ရောင်းချခဲ့သည်။
Proton က ဒုတိယနေရာတွင် ရှိနေပြီး စီးရေ ၅၆,၃၅၂ ရောင်းချရသည်။ ဈေးကွက်ဝေစု ၁၇.၃% ရရှိသည်။
Toyota က ဈေးကွက်ဝေစု ၁၃.၇% ရရှိသည်။ စီးရေ ၄၅,၄၄၉ ရောင်းချခဲ့သည်။
Honda က စီးရေ ၃၉,၆၇၃ ရောင်းချခဲ့သည်။ ဈေးကွက်ဝေစု ၁၂% ရရှိသည်။
Mitsubishi က စီးရေ ၁၂,၆၂၁ ရောင်းချခဲ့ပြီး ဈေးကွက်ဝေစု ၃.၁% ရရှိသည်။
အာဆီယံကားဈေးကွက်
အာဆီယံ ကားရောင်းအား ၂၀၂၂ ဇန်နဝါရီလမှ မေလအထိ ၅ လတာတွင် မလေးရှားက အီးဗီ ၃၉၀ အပါအဝင် စီးရေ ၂၆၅,၆၅၆ ရောင်းချခဲ့ပြီး အာဆီယံနိုင်ငံများတွင် တတိယအများဆုံး ဖြစ်သည်။
ထိပ်ဆုံးတွင် ရောက်ရှိနေသည်မှာ အင်ဒိုနီးရှား ဖြစ်သည်။ စီးရေ ၃၉၆,၁၅၃ ရောင်းချရသည်။
ဒုတိယနေရာတွင် ရှိနေသော ထိုင်းတွင် စီးရေ ၃၇၄,၈၀၃ ရောင်းချခဲ့သည်။
အီးဗီရောင်းအားကို ကြည့်လျှင် အင်ဒိုနီးရှားတွင် ၃၆၃ စီး၊ ထိုင်းတွင် ၁၅,၄၅၂ စီး ရောင်းရသည်။ သို့ဖြစ်ရာ အာဆီယံတွင် ထိုင်းသည် အပြတ်အသတ် အသာဖြင့် ထိပ်ဆုံးမှာ ရောက်ရှိနေသည်။
#MyanmarAutomobileGuide
Source:FMT