GM က Tesla ကို ၂၀၂၅ မှာ ကျော်တက်မည်ဟု  GM စီအီးအို ပြောကြား


GM က Tesla ကို ၂၀၂၅ မှာ ကျော်တက်မည်ဟု  GM စီအီးအို ပြောကြား

GM စီအီးအို Mary Barra က ၂၀၂၅  ခုနှစ်တွင် Elon Musk အား လျှပ်စစ်ကားရောင်းချမှုတွင် အနိုင်ယူနိုင်မည်ဟု ခန့်မှန်းချက်အပေါ်  သေချာပါကြောင်း ထပ်လောင်း ပြောကြားပါတယ်။

လောလောဆယ်မှာတော့ Tesla ရဲ့ အီးဗီရောင်းအားက GM ရဲ့ အီးဗီရောင်းအားထက် ၁၄ ဆ သာနေပါတယ်။

Elon Musk ရဲ့ Tesla ကားမော်ဒယ်တွေက အမေရိကန်ရှိ အခြားကုမ္ပဏီအသီးသီးတို့ရဲ့ အီးဗီရောင်းအားထက် များစွာ သာလွန်နေပါတယ်။ အမေရိကန် အီးဗီဈေးကွက်ထဲမှာ Tesla က ဝေစု ၆၀% ကျော် ရရှိထားပါတယ်။ 

အခုလို ဦးဆောင်နေတဲ့ Tesla ကို လာမယ့် နှစ်ပိုင်းအတွင်း ရောင်းရစီးရေမှာ ကျော်တက်ဖို့ဆိုတာ ဖြစ်လာဖို့ ခဲယဉ်းနေပါတယ်။ 

ဒါပေမဲ့ General Motors စီအီးအို  Mary Barra က သူမရဲ့ ကားကုမ္ပဏီဟာ အမေရိကန်မှာ လျှပ်စစ်ကား စီးရေ အများဆုံး ရောင်းချနေတဲ့ ကုမ္ပဏီ ဖြစ်လာစေရမယ်လို့ ရဲရဲဝံ့ဝံ့ ပြောဆိုပါတယ်။ 

Tesla ကို ကျော်တက်မယ်ဆိုတဲ့ ကြိုတင်ဟောကိန်းကို Mary Barra ၂၀၂၁ ခုနှစ် အောက်တိုဘာလမှာ CNBC သတင်းဌာနနှင့် အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။ ၂၀၂၅ ဝန်းကျင်မှာ GM က Tesla ကို မီလိမ့်မယ်လို့ သူမက ဆိုပါတယ်။ 

Tesla က ရောင်းရစီးရေကို အစီရင်ခံတဲ့အခါ နိုင်ငံအလိုက် စာရင်း ထုတ်ပြန်လေ့ မရှိပါဘူး။ ကမ္ဘာ့ရောင်းအားကိုသာ ထုတ်ပြန်ပေးပါတယ်။  Cox Automotive မှ ခန့်မှန်းထားတဲ့ အရေအတွက်က ၂၀၂၁ မှာ အမေရိကန်ဈေးကွက်ထဲမှာ Tesla စီးရေ ၃၅၂,၄၇၁ ရောင်းချခဲ့ရပါတယ်။ 

GM ရဲ့  brand တစ်ခု ဖြစ်တဲ့ Chevrolet ထက် ၁၄ ဆ ပိုများပါတယ်။ Chevrolet အီးဗီတွေက ဘက်ထရီ မီးထလောင်နိုင်တဲ့အရေး ရှိနေလို့ ပြန်လည်ခေါ်ယူခဲ့ရပါတယ်။ ထုတ်လုပ်မှုကိုလည်း ယာယီ ရပ်ဆိုင်းခဲ့ရပါတယ်။ ၂၀၂၁ မှာ ရောင်းချခဲ့တဲ့ စီးရေက ၂၅,၀၀၀ အောက်မှာပဲ ရှိပါတယ်။  Chevrolet ရောင်းအားက Tesla ထက်လည်း နည်းပါတယ်။ Ford ထက်လည်း နည်းပါတယ်။ Chevrolet က တတိယနေရာမှာ ရောက်ရှိနေပါတယ်။ 

GM က ၂၀၃၅ မှာ မီးခိုးမထွက်တဲ့ ကားတွေချည်း ထုတ်လုပ်ဖို့ ရည်မှန်းချက် ထားရှိတဲ့အတွက် လျှပ်စစ်ကားထုတ်လုပ်ရေးနှင့် ပင်ကိုမောင်းနှင်စွမ်းရည် တို့အတွက် အမေရိကန်ဒေါ်လာ ၃၅ ဘီလျံ ရင်းနှီးမြှုပ်နှံပါတယ်။ ၂၀၁၅ မှာ ကမ္ဘာတစ်လွှား အီးဗီမော်ဒယ် ၃၀ မျိုး ထုတ်လုပ်ဖို့ ရည်မှန်းထားပါတယ်။

၂၀၁၅ မှာ မြောက်အမေရိကမှာ တစ်နှစ် အီးဗီစီးရေ ၁ သန်း နှင့် တရုတ်ပြည်မှာ တစ်နှစ် အီးဗီစီးရေ ၁ သန်း ထုတ်လုပ်ဖို့ အစီအစဉ် ရေးဆွဲထားပါတယ်။ 

“တရုတ်နိုင်ငံမှာ အရောင်းရဆုံး EV တွေ  ကျွန်တော်တို့မှာ ရှိပြီးသားပါ။

ဘက်ထရီ မီးလောင်မယ့်အရေး ရှိနေလို့ ထုတ်လုပ်မှု ရပ်ထားရတဲ့  Chevrolet Bolt EV နှင့် EUV တို့ကို ပြန်လည်ထုတ်လုပ်နေပြီလို့  ၂၀၂၂  ခုနှစ်တွင် မြောက်အမေရိကတွင် ကျွန်တော်တို့ မှာကြားထားသူတွေထံသို့   ပို့ဆောင်ပေးတဲ့ အီးဗီအရေအတွက်  ပြန်လည်ကြီးထွားလာနေပြီ" လို့ GM ရဲ့ ပြောရေးဆိုရေး တာဝန်ခံက ပြောကြားပါတယ်။ 

၂၀၂၅ မှာ Tesla ကို မီအောင်လုပ်ဖို့ အချိန် ၂ နှစ်ခွဲ ကျန်ပါတယ်။ 

လာမယ့်နှစ်မှာ Chevrolet‌ အီးဗီ ၃ မျိုး စတင်ထုတ်လုပ်မယ်။ Silverado, Blazer,  Equinox တို့ ဖြစ်ပါတယ်။ ၂၀၂၅ မတိုင်ခင် နောက်ထပ် ထပ်တိုးမယ့် အီးဗီမော်ဒယ်များလည်း ‌ရှိနေပါတယ်။

တစ်နည်းပြောရရင် Chevrolet‌ မှာ ကားမော်ဒယ် ပိုများတဲ့ အားသာချက်ရှိပါတယ်။ 

GM ရဲ့ မဟာဗျူဟာက ခရီးတာ ဝေးဝေးလံလံ သွားနိုင်မယ့် အီးဗီတွေကို လူအများ ဝယ်စီးဖို့ တတ်နိုင်မယ့် ဈေးနှုန်းများဖြင့် ရောင်းချဖို့ ဖြစ်ပါတယ်။

အီးဗီများ အမှန်တကယ် ရောင်းအားကောင်းဖို့အတွက် ကန်ဒေါ်လာ ၃၀,၀၀၀ မှ ၃၅,၀၀၀ အထိ ဈေးနှုန်းအတိုင်းအတာဖြင့် ဝယ်မယ့်သူတွေကို ဆွဲဆောင်ရမယ်လို့ Barra က Associated Press သတင်းဌာနကို ပြောကြားပါတယ်။

အမေရိကန်နိုင်ငံ Detroit မြို့အခြေစိုက် Chevrolet က 2023 Chevrolet Bolt EV နှင့်ြ Bolt EUV တို့ရဲ့ ဈေးနှုန်းများကို $6,000 လျှော့ချလိုက်တယ်။ Bolt EV အခြေခံမော်ဒယ် ဈေးနှုန်းက $26,595 ဖြစ်ပါတယ်။ အမေရိကန်မှာ ဈေးအသက်သာဆုံး အီးဗီလို့ မဆိုနိုင်ပေမဲ့ ဈေးမကြီးဆုံး အီးဗီဖြစ်သွားတယ်။ Bolt EUV ဈေးနှုန်းက $28,195 ဖြစ်ပါတယ်။

၂၀၂၂ စက်တင်ဘာလမှာ Equinox EV ကို ပွဲထုတ်ဖို့ စီစဉ်နေတယ်။ SUV အငယ်စားကို $30,000 ဖြင့် ဈေးဖွင့်ပါတယ်။ ၂၀၂၃ ဆောင်းဦးမှာ စတင်ရောင်းချမယ့် မော်ဒယ်စာရင်းမှာ ပါဝင်ပါတယ်။

ဈေးနှုန်းအရ နှိုင်းယှဉ်ကြည့်ရင် Tesla မှာ ဈေးအသက်သာဆုံးမော်ဒယ်က နောက်ဘီးယက် Model 3 ဖြစ်ပြီး မတ်လမှာ ၃၄% ဈေးတက်လိုက်လို့ $46,990 ဖြင့် ရောင်းချနေပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ်တာအတွင်း Tesla က ဈေးနှုန်းတွေ အကြိမ်ကြိမ် ဈေးတက်ခဲ့ပါတယ်။ ပစ္စည်းပေးသွင်း ကွင်းဆက် ပြဿနာများနှင့် ငွေဖောင်းပွပြီး ကုန်ဈေးနှုန်းတွေ တက်နေတာကြောင့် Tesla ရောင်းဈေးလည်း ဈေးတက်ရပါတယ်လို့ Musk က ပြောကြားခဲ့ပါတယ်။

"ငွေကြေးဖောင်းပွမှု ငြိမ်သွားပါက ကားဈေးနှုန်းများ လျှော့ချနိုင်မယ်” လို့ သူက ဆိုပါတယ်။

Model 3 ကို စစချင်းမှာ $35,000 ဖြင့်ရောင်းချခဲ့ပါတယ်။ ၂၀၂၁ မော်ဒယ် ထွက်လာတော့ $35,000 တန် Model 3 တွေ ထုတ်လုပ်မှု နိဂုံးချုပ်လိုက်ပါတယ်။ ယခုအခါ Model 3 ရောင်းဈေးက  $46,990 ဖြစ်နေပါပြီ။

Tesla ကို ဈေးတက်စေတဲ့ အကြောင်းတရားတွေဖြစ်တဲ့ ကုန်ဈေးနှုန်းများ တက်ခြင်း၊ ကုန်ကြမ်းဈေးတက်ခြင်း ချစ်ပ်ပြတ်လပ်ခြင်းတို့ကို GM ကလည်း အလားတူ ကြုံတွေ့မှာ ဖြစ်ပါတယ်။ 

GM ရဲ့ စီအီးအို Barra က GM ရဲ့ ကားတွေမှာ သုံးစွဲမယ့် ချစ်ပ် သုံးမျိုးသုံးစားကို အလုံအလောက် ကြိုတင်ဝယ်ယူထားမှာဖြစ်ကြောင်း ပြောကြားပါတယ်။

"ဉာဏ်အမြော်အမြင်ရှိတဲ့ ခေါင်းဆောင်တိုင်းဟာ အခြေအနေတစ်ရပ် ပြောင်းလဲဖြစ်ပေါ်လာတာမှာ ဘာပဲဖြစ်နေနေ၊ ဘယ်လိုပဲဖြစ်နေနေ ရင်ဆိုင်‌ဖြေရှင်းဖို့ အသင့်ဖြစ်နေတာ သေချာအောင် လုပ်ထားတယ်။ အလားတူပင် ကျွန်မတို့ကလည်း အမျိုးမျိုးသော အခြေအနေအရပ်ရပ် အများအပြားကို မျက်ခြည်မပြတ် ကြည့်နေပါတယ်။ ကျွန်မက အင်ဂျင်နီယာတစ်ဦး ဖြစ်ပါတယ်။ ကျွန်မက ပြဿနာ ‌ကိုင်တွယ်ဖြေရှင်းသူ တစ်ဦးပါ" လို့ General Motors စီအီးအို  Mary Barra က ပြောကြားခဲ့ပါတယ်။

#MyanmarAutomobileGuide

Telegram Channel https://t.me/Guid4U

Source: CNBC

Read 822 times