GM က ကားတွေထဲမှာ ChatGPT ထည့်သွင်း အသုံးပြုနိုင်မယ့် နည်းလမ်းရှာဖွေ


Buick၊ Cadillac၊ Chevrolet နဲ့ GMC ကား Brand တွေရဲ့ ပိုင်ရှင်ဖြစ်တဲ့ General Motor က Microsoft နဲ့ ပူးပေါင်းပြီး သူ့ရဲ့ ကားတွေထဲမှာ ChatGPT ကို ထည့်သွင်း အသုံးပြုနိုင်မယ့် နည်းလမ်းကို ရှာဖွေနေတယ်လို့ GM ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက Reuters သတင်းဌာနကို မတ်လ ၁၀ ရက်နေ့က ပြောကြားခဲ့ပါတယ်။ 

 

လွန်ခဲ့တဲ့ အပတ်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ GM ကုမ္ပဏီရဲ့ ဒုဥက္ကဌဖြစ်သူ Scott Miller က ChatGPT က အကုန်လုံးမှာ ပါဝင်လာတော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

 

 

ဒီစမ်းသပ်နေတဲ့ Chatbot က ကား Owner Manual ထဲမှာပါတဲ့ အချက်အလက်တွေကို ရရှိပြီး ကားထဲက စနစ်တွေကို ဘယ်လိုအသုံးပြုနိုင်မလဲ ဖော်ပြပေးမယ့်အပြင် ကားဂိုထောင်တံခါးကုဒ်အပါအဝင် ပြက္ခဒိန်ထဲက အချိန်ဇယားတွေကိုပါ ထည့်သွင်းပေးနိုင်မယ်လို့ ဆိုပါတယ်။ 

 

ဒါ့အပြင် လွန်ခဲ့တဲ့ သောကြာနေ့ကလည်း GM ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဒီအပြောင်းအလဲဟာ စကားနဲ့ အမိန့်ပေးနိုင်တဲ့ စနစ်လိုမျိုး လုပ်ဆောင်ချက်တစ်ခုထဲ မဟုတ်ဘဲ တိုးတက်လာတဲ့ နည်းပညာတွေကို လိုက်ပြီး သုံးစွဲသူတွေက သူတို့ ဝယ်ယူမယ့် အနာဂတ်မော်တော်ယာဥ်တွေရဲ့ လုပ်နိုင်စွမ်းကို ပိုပြီး မျှော်လင့်ထားနိုင်တယ်လို့ ပြောပါတယ်။ 

 

Advertisement

Click Here >>> Tharaphu

 

ဒီကိစ္စကို Semafor သတင်း Website မှာ စပြီး သိရှိခဲ့ရပြီး အဲ့ဒီသတင်းထဲမှာ အမေရိကန် မော်တော်ယာဥ်ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုက ChatGPT နောက်ကွယ်က AI စနစ်ကို အသုံးပြုပြီး Virtual Personal Assistant တစ်ခုကို ဖန်တီးထုတ်လုပ်နေတဲ့အကြောင်း ရေးသားထားပါတယ်။ 


 

ယခုနှစ် အစပိုင်းတုန်းကလည်း Microsoft က ChatGPT ရဲ့ ပိုင်ရှင်ကုမ္ပဏီဖြစ်တဲ့ OpenAI မှာ ဒေါ်လာ ဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံခဲ့ပြီး Microsoft ရဲ့ ထုတ်ကုန်တိုင်းမှာ Chatbot နည်းပညာကို ထည့်သွင်းသွားဖို့ ဦးတည်ထားတဲ့အကြောင်း ပြောကြားခဲ့ပါသေးတယ်။ 

 

ဖတ်ရှုရန် >>> OpenAi တွင် Microsoft က ဒေါ်လာ (၁၀) ဘီလီယံ ရင်းနှီးမြှုပ်နှံ

 

Microsoft က အခြား နည်းပညာကုမ္ပဏီတွေလိုမျိုး မော်တော်ယာဥ်တွေကို နည်းပညာထည့်သွင်းနိုင်ဖို့ အရှိန်မြှင့် လျက်ရှိပြီး အချက်အလက် ပေးပို့နိုင်တဲ့ စနစ်ကနေ အလိုအလျောက် မောင်းနှင်နိုင်တဲ့ စနစ်အထိ လုပ်ဆောင်နေတဲ့အပြင် ကားဘတ်ထရီစွမ်းဆောင်ရည်နဲ့ မော်တော်ကားအချက်အလက်တွေကို ထိန်းချုပ်နိုင်တဲ့ စနစ်တွေအထိပါ လုပ်ဆောင်လျက် ရှိပါတယ်။ 

 

General Motor က ၂၀၂၁ ခုနှစ်မှာ Microsoft နဲ့ ပူးပေါင်းခဲ့ပြီး မောင်းသူမဲ့ယာဥ်တွေကို ဈေးကွက်အတွင်း မြန်မြန်ဆန်ဆန် ထည့်သွင်းနိုင်ရေးအတွက် ကြိုးပမ်းလျက် ရှိပါတယ်။ 

 

Source - Reuters

Read 261 times