GM က GMC Hummer EV ထုတ်လုပ်ရန် အသင့်ပြင်ဆင်


အမေရိကန် ကားလုပ်ငန်းကြီး  General Motors(GM) က ၎င်း၏   Detroit-Hamtramck Assembly တွဲစပ်တပ်ဆင်  မော်တော်ယာဉ် ထုတ်လုပ်ရေး စက်ရုံကို လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်ရေး စက်ရုံ အဖြစ်သို့ ပြောင်းလဲမည်ဟု လွန်ခဲ့သော ၂ နှစ်က ကြေညာခဲ့ပြီး အိပ်ဇောမီးခိုးထုတ်လွှတ်မှု မရှိ၊ သုည ဖြစ်တဲ့ ကားများ ထုတ်လုပ်မှာ ဖြစ်တာကြောင့် စက်ရုံအမည်ကို Factory Zero လို့ အမည်ပြောင်းလဲ ခေါ်ဝေါ်ခဲ့ပါတယ်။

 

 အီးဗီ ထုတ်လုပ်ဖို့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ခဲ့တာ အမေရိကန်ဒေါ်လာ ၂.၂ ဘီလျံ ကုန်ကျခဲ့ပြီး နိုဝင်ဘာလဆန်းမှာ ပြီးစီးခဲ့ပါတယ်။  စက်ရုံသို့ သမ္မတ ဂျိုး ဘိုင်ဒင် လာရောက်ကြည့်ရှုခဲ့ပါတယ်။

သမ္မတဂျိုးဘိုင်ဒင်ကို 2022 GMC Hummer EV နှင့်အတူ တွေ့ရစဉ်

 

GM က ပြောကြားတာမှာ စက်ရုံကို အသစ်ဆောက်တာထက် အခုလို ပြုပြင်တာက ကုန်ကျစရိတ် သုံးပုံတစ်ပုံ ဝန်းကျင် သက်သာတယ်။ အီးဗီ နဲ့ အင်ဂျင်သုံးတဲ့ကား ထုတ်လုပ်တာမှာ ၈၀% က ထုတိလုပ်မှု လုပ်ငန်းစဉ်အဆင့်များ တူညီတယ်လို့ ရှင်းပြပါတယ်။

 လုပ်ငန်းအပြည့်အဝ လည်ပတ်တဲ့အခါ Factory Zero မှာ လုပ်သားအင်အား ၂,၂၀၀ ကျော် ရှိလိမ့်မယ်လို့ ဆိုပါတယ်။

 

စက်ရုံမှာ နောက်ဆုံးအနေဖြင့် ထုတ်လုပ်ခဲ့တဲ့ အတွင်းမီးလောင်ပေါက်ကွဲအင်ဂျင်သုံး မော်တော်ယာဉ် အမျိုးအစားတွေက Cadillac CT6 နဲ့  Chevrolet Impala တို့ ဖြစ်ပါတယ်။
အကြိုထုတ်လုပ်မှုအဖြစ် 2022 GMC Hummer EV ကို နမူနာ ထုတ်လုပ်ထားပါတယ်။ ရောင်းဖို့အတွက် မကြာခင်မှာ စတင်ထုတ်လုပ်တော့မှာ ဖြစ်ပါတယ်။ အမှာစာတွေထံ နောက်နှစ် နှစ်ကုန်ပိုင်းမှာ နောက်အကျဆုံး ပို့ပေးဖို့ ကတိပေးထားပါတယ်။

 

 

Factory Zero စက်ရုံမှာ ၂၀၂၃ ခုနှစ်မှာ 2024 GMC Hummer EV SUV စတင် ထုတ်လုပ်ဖို့ အစီအစဉ် ရှိပါတယ်။ အီးဗီ Chevrolet Silverado ပစ်ကပ်ကိုလည်း ထုတ်လုပ်မှာ ဖြစ်ပါတယ်။ အီးဗီ GMC Sierra ပစ်ကပ် ကိုလည်း Factory Zero မှာ ထုတ်လုပ်နိုင်ခြေ များပါတယ်။

 

 

 

 

Read 579 times