Geely နှင့် Renault ဖက်စပ်လုပ်ငန်း ထူထောင်လုပ်ကိုင်မည်


Geely နှင့် Renault ဖက်စပ်လုပ်ငန်း ထူထောင်လုပ်ကိုင်မည်


တရုတ်ပြည်မှ Geely နဲ့ ပြင်သစ်ပြည်မှ Renault တို့ ပူးပေါင်းပြီး ဖက်စပ်လုပ်ငန်း ထူထောင်လုပ်ကိုင်မယ့်အကြောင်း မကြာမတင်မှာ တရားဝင် ထုတ်ပြန်ကြေညာလိမ့်မယ်လို့ carscoops.com မှာ သတင်းဖော်ပြထားပါတယ်။

Geely နဲ့  Renault တို့  ပူးပေါင်းလုပ်ကိုင်ကြဖို့ နားလည်မှု စာချွန်လွှာ ထိုးခဲ့ကြပြီး လအတန်ကြာ ဆွေးနွေးညှိနှိုင်းကာ အစီအစဉ်များ ရေးဆွဲခဲ့ကြတာ ယခုအခါ အပြီးသတ်ခဲ့ပြီး ဖက်စပ်လုပ်ငန်းကို စတင်အကောင်အထည်ဖော်ကြတော့မှာ ဖြစ်ပါတယ်။ 

အကျိုးတူပူးပေါင်းဆောင်ရွက်တဲ့ ဖက်စပ်လုပ်ငန်းက plug-in hybrid မော်တော်ယာဉ်တွေ ထုတ်လုပ်ဖို့ ရည်ရွယ်ထားပါတယ်လို့ ရိုက်တာညသတင်းမှာ ဖော်ပြထားပါတယ်။
 တရုတ်မှ ကားထုတ်လုပ်သူ Geely က Geely နှင့် Volvo နှစ်ခုလုံးတွင် လက်ရှိအသုံးပြုနေသည့် ၎င်းတို့ကိုယ်ပိုင် CMA ဗိသုကာကို ပံ့ပိုးပေးပြီး ထုတ်လုပ်မှုအပိုင်း အဓိကအားဖြင့် လုပ်ကိုင်မှာ ဖြစ်ပြီး  Renault က ကမ္ဘာ့အကြီးဆုံး ကားစျေးကွက်ဖြစ်သော တရုတ်ပြည်တွင်း ကားဈေးကွက်ကို  အာရုံစိုက်ကာ ဒီဇိုင်းနှင့် စျေးကွက်ချဲ့ထွင်မှုကို လုပ်ကိုင်မှာ ဖြစ်ပါတယ်။


 Renault  က Dongfeng နှင့် လက်တွဲ ထူထောင်ထားတဲ့ ဖက်စပ်လုပ်ငန်းကို မနှစ်က ဖျက်သိမ်းခဲ့ပြီး တရုတ်မှ ထွက်ခွာခဲ့ပါတယ်။ ယခု တစ်ဖန် Geely နဲ့ လက်တွဲပြီး ပြန်လည်ဝင်ရောက်မှာ ဖြစ်ပါတယ်။
 
အာရှဈေးကွက်ကို ရည်ရွယ်ထားတဲ့ ကားထုတ်လုပ်မှုများကို တောင်ကိုရီးယားနိုင်ငံမှာ  Renault Samsung Motors လက်အောက်ရှိ မော်တော်ယာဥ် တပ်ဆင်စက်ရုံမှာ ထုတ်လုပ်လျက် ရှိပါတယ်။

 Renault က တောင်ကိုရီးယား၏တတိယအကြီးဆုံးကားထုတ်လုပ်သူ Samsung Motors တွင် ၂၀၀၀ ပြည့်နှစ်ကတည်းက ရှယ်ယာ ၈၀%  ပိုင်ဆိုင်ထားပါတယ်။

Read 423 times