Geely က စမတ်အီးဗီ သုတေသနအတွက် ဒေါ်လာ ၂၃.၄ ဘီလျံ သုံးစွဲမည်


တရုတ်နိုင်ငံမှ မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်း Geely က ၂၀၂၅ မှာ ထုတ်လုပ်တဲ့ ကားစီးရေ စုစုပေါင်းရဲ့ ၄၀% ဟာ လျှပ်စစ်မော်တော်ယာဉ်တွေ ဖြစ်နေရမယ်ဆိုတဲ့ ကုမ္ပဏီရဲ့ ရည်မှန်းချက်အတွက် အမေရိကန်ဒေါ်လာ  ၂၃.၄ ဘီလျံကို သုတေသနဘတ်ဂျက်အဖြစ် သတ်မှတ်လိုက်ပါတယ်လို့ Geely ရဲ့ အလုပ်အမှုဆောင်ချုပ် Gan Jiayue က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ လျှပ်စစ်ကားတွေ L5 ပင်ကိုမောင်းနှင် စွမ်းရည် ရဖို့အတွက်လည်း လုပ်ဆောင်မှာ ဖြစ်ပါတယ်။

လျှပ်စစ်ကားတွေရဲ့ ပင်ကိုမောင်းနှင် autonomous driving စွမ်းရည်ကို အဆင့်ခွဲခြား သတ်မှတ်ထားကြတာမှာ

  • Level 0 (No Driving Automation)

         အလိုအလျောက် မောင်းနှင်ခြင်း မရှိ

  • Level 1 (Driver Assistance)

         ယာဉ်မောင်းက ကူပေးရတဲ့ အလိုအလျောက် မောင်းနှင်ခြင်း

  • Level 2 (Partial Driving Automation)

         တစ်စိတ်တစ်ပိုင်း အလိုအလျောက် မောင်းနှင်ခြင်း

  • Level 3 (Conditional Driving Automation)

        အခြေအနေအပေါ် မူတည်ပြီး အလိုအလျောက် မောင်းနှင်ခြင်း

  • Level 4 (High Driving Automation)

          အလိုအလျောက် မောင်းနှင်ခြင်း မြင့်မား

  • Level 5 (Full Driving Automation)

        အပြည့်အဝ အလိုအလျောက် မောင်းနှင်ခြင်း

ဆိုပြီး အဆင့် ၅ ဆင့် ရှိတဲ့အနက် L5  က အမြင့်ဆုံးအဆင့်  Level 5 (Full Driving Automation)ကို ဆိုလိုပါတယ်။


တရုတ်နိုင်ငံရဲ့ အကြီးမားဆုံး ပုဂ္ဂလိကပိုင် ကားထုတ်လုပ်ရေး လုပ်ငန်း Geely Automobile Group က သုတေသနမှာ အကြီးအကျယ် ရင်းနှီးမြှုပ်နှံပြီး ကား ၁၀ စီး ထုတ်လုပ်ရင် ၄ စီးက လျှပ်စစ်ကား ဖြစ်အောင် အချိန် ၄နှစ်ဖြင့် လုပ်ဆောင်ဖို့ ရည်မှန်းချက် ထားရှိပါတယ်။

Zhejiang ပြည်နယ် မြို့တော် ဟန်ကျိုမှာ အခြေစိုက်ထားတဲ့ Geely Holdings က Volvo Cars ကို ပိုင်ဆိုင်တဲ့အပြင် မားစီဒီးတွေ ထုတ်တဲ့ Daimler မှာလည်း ရှယ်ယာအများစု ပိုင်ဆိုင်ထားပါတယ်။

Geely က လျှပ်စစ်မော်တော်ယာဉ် ရေစီးကြောင်းမှာ ကားထက် ကားပေါ်ပါတဲ့ ဉာဏ်ရည်ဖွံ့ဖြိုးရေး ပိုအလေးထားတဲ့ အပိုင်းထဲ မောင်းဝင် လိုက်တာ ဖြစ်ပါတယ်။ ကားဆိုတာ ဘီးတွေတပ်ထားတဲ့ ကွန်ပျူတာဖြစ်ပြီး အင်တာနက် အချိန်ပြည့်သုံးနေတဲ့ ယာဉ်တစ်ခု အဖြစ် ထုတ်လုပ်ဖို့ စက်စနှိုးလိုက်တာ ဖြစ်ပါတယ်။
ဉာဏ်ရည်ပါတဲ့ မော်တော်ယာဉ်တစ်စီးပေါ်မှာ ယာဉ်မောင်းက ဥပဒေပြဌာန်းထားလို့ စတီယာရင် ကိုင်နေပေမဲ့ ကားက ယာဉ်မောင်းကို အများကြီး ကူညီပေးနေမယ်။ ပါးစပ်နဲ့ လှမ်းခိုင်းတာတွေ လုပ်ပေးမယ်။ ပတ်ကင်ထိုးပေးမယ်။ ယာဉ်မတိုက်အောင် ထိန်းကျောင်းပေးမယ်။ စမတ်ကျကျ လုပ်ဆောင်ချက်တွေနဲ့အတူ L5 အဆင့် ကားတစ်စီး ဖြစ်နေတဲ့ စမတ်အီးဗီ smart EV ကို Geely က ပန်းတိုင်အဖြစ် ထားရှိတယ်။

၂၀၃၀ မှာ တရုတ်ပြည်ရဲ့ လမ်းတွေပေါ် မောင်းနှင်နေတဲ့ ကားတွေ ၅ စီးမှာ ၃ စီးက အီးဗီ ဖြစ်နေမယ်လို့ ခန့်မှန်းထားကြပါတယ်။ 

 ကားပေါ်ဦးပေါ်စကတည်းက သုံးလာတဲ့ အတွင်းမီးလောင်ပေါက်ကွဲအင်ဂျင် internal combustion engine (ICE) ြဖင့် ကားတွေ ထုတ်လုပ်ရောင်းချနေတဲ့ Geely ဟာ ပြည်တွင်းကားဈေးကွက်ထဲမှာ အီးဗီ ထုတ်လုပ်ရောင်းချနေတဲ့NIO, Xpeng နဲ့  Li Auto တို့ရဲ့ စိန်ခေါ်မှုကို ရင်ဆိုင်နေရပြီး စမတ်အီးဗီ ထုတ်လုပ်တာမှာ နောက်ကျကျန်ရစ်ခဲ့ရင် အခြေမလှ ဖြစ်သွားတဲ့အထိ ကျဆုံးသွားနိုင်တယ်။
 Geely က အီးဗီနဲ့ စမတ်အီးဗီ ဖွံ့ဖြိုးရေးအတွက်‌ ဘတ်ဂျက်ကုိ နှစ်စဉ် ယွမ် ၁၅၀ ဘီလျံ သုံးစွဲသွားမှာ ဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ် အရောင်းဝင်ငွေရဲ့ ၂၅% ခန့်ကို သုံးစွဲတာ ဖြစ်ပါတယ်။

 Geely က ရည်မှန်းချက်ဆီ ရောက်ဖို့ တရုတ်ပြည်အင်တာနက်ရဲ့ ရှာဖွေအင်ဂျင် Baidu နဲ့ လရ်တွဲထားတယ်။ ကန်ထရိုက်ယူပြီး တပ်ဆင်ထုတ်လုပ်တဲ့ Foxconn နဲ့လည်း စမတ်အီးဗီ တပ်ဆင် ထုတ်လုပ်ဖို့ လက်တွဲထားတယ်။
 ကိုယ်ပိုင်အီးဗီ brand ဖြစ်တဲ့ Zeekr ကို သုံးစွဲမှာ ဖြစ်ပါတယ်။ 

ထုတ်လုပ်တဲ့ ၁၀ စီးမှာ ၄ စီးက အီးဗီ ဖြစ်ဖို့ Geely က တစ်နှစ်လျှင် ကားစီးရေ စုစုပေါင်း ၁.၅၅ သန်း ထုတ်လုပ်လျက်ရှိရာ ကားစီးရေ ၃.၆၅ သန်းကို အီးဗီအဖြစ် ထုတ်လုပ်မှာ ဖြစ်ပါတယ်။

synopsys.com

Read 781 times