ဂီယာ L


ကုန်းအတက်တစ်ခုကို ကားမောင်းတက်ရင်း အင်ဂျင်ထိုးရပ်သွားပြီး ကားက နောက်ပြန်လှိမ့်တော့မလို ဖြစ်သွားတာ ဖြစ်တတ်ပါတယ်။ အခုလို ဖြစ်ရတာ ကုန်းအတက်မှာ ထိုးထားတဲ့ ဂီယာရွေးချယ်မှု မှားယွင်းနေတာကြောင့် အင်ဂျင်က ကုန်းတက်ဖို့အတွက် လိုအပ်တဲ့ပါဝါ လုံလောက်အောင် ထုတ်မပေးနိုင်ရာမှ ဆက်မရုန်းနိုင်တော့တဲ့အတွက် ထိုးရပ်သွားတာ ဖြစ်နေတတ်ပါတယ်။ 

ကားမောင်းလို့အဆင်ပြေအောင် ဂီယာတွေ အဆင့်ဆင့် ထည့်ပေးထားပြီး ဆီလျော်ရာ ဂီယာကို ရွေးချည်သုံးစွဲသွားရမှာ ဖြစ်ပါတယ်။ အဲဒီအတွက် L ဂီယာကို ထည့်ပေးထားတယ်။ 
L က ကုန်းတက်နဲ့ ကုန်းဆင်း မောင်းနှင်တဲ့အခါ ရွေးချယ်သုံးစွဲဖို့ ဒီဇိုင်းလုပ်ထားတယ်။ 
အော်တိုဂီယာမှာ 

  • P – Park, 
  • R – Reverse, 
  • N – Neutral, 
  • D – Drive.

 L ဆိုတာက ဘာကို ဆိုလိုချင်တာလဲ။ 
 L က “Low gear” ကို ဆိုလိုပါတယ်။ 
လက်ထိုးဂီယာမှာ သုံးတဲ့ ဂီယာနံပါတ် ၁ နဲ့ ၂ တို့ကို ဆိုလိုပါတယ်။ အင်ဂျင် ရုန်းဖို့အတွက် ရည်ရွယ်ထားတဲ့ အနိမ့်ဂီယာ ဖြစ်ပါတယ်။ 
အင်ဂျင်မှာ လည်တဲ့ပတ်ရေ ပိုမြန်ဖို့ ဦးစားပေးတာ ရှိသလို အင်ဂျင်ရဲ့ လှည့်အား ကောင်းဖို့ ဦးစားပေးတာလည်း ရှိတယ်။ အမြင့်ဂီယာတွေမှာ အင်ဂျင်ကို လှည့်အားကောာင်းဖို့ထက် ပတ်ရေမြန်မြန် လှည့်ပေးဖို့ကို ဦးစားပေးထားတယ်။ ကားက ပိုမြန်မြန် ပြေးတယ်။ 
အနိမ့်ဂီယာမှာတော့ အင်ဂျင်ကို အားပိုရဖို့ ဦးစားပေးတယ်။ လှည့်အား ပိုသန်မာနေစေတယ်။ ရုန်းအား ပိုကောင်းနေစေတယ်။ ကုန်းတက်ကုန်းဆင်းမှာ မောင်းနှင်ဖို့ အဆင်ပြေနေစေတယ်။ ချိုင့်ခွက်တွေများလို့ ကားကို ဖြည်းဖြည်း လှိမ့်နေရတဲ့အခါမျိုးမှာလည်း L ကို သုံးရမှာ ဖြစ်ပါတယ်။ 
L ကို  သုံးထားတဲ့အခါ အင်ဂျင် လှည့်အားကို ကောင်းနေစေပြီး အမြန်နှုန်းက လျော့ကျနေမယ်။ ဒီတော့ ကုန်းဆင်းမှာ L ကို  သုံးထားတဲ့အခါ ကားကို အရှိန်မလွန်အောင် ဂီယာက ကူထိန်းပေးထားတယ်။ 
ကုန်းတက်မှာ  L ကို  သုံးထားတဲ့အခါ အင်ဂျင်က လှည့်အား ကောင်းနေတဲ့အတွက် ရုန်းအား ကောင်းနေလို့ ကုန်းတက်ကို တက်ဖို့ ရုန်းနိုင်စေတယ်။ 
 

Read 6305 times