စက်တင်ဘာ ၂၁ ရက်တွင် ပြည်တွင်းစက်သုံးဆီ အမျိုးအစားအားလုံး တစ်လီတာ ကျပ် ၁၂၁၀ ကျော်အထိ မြင့်တက်၍ ရှစ်လအတွင်း စက်သုံးဆီအမျိုးအစားအလိုက် ရာခိုင်နှုန်း ၈၀ မှ ၉၀ အထိ မြင့်တက်ခဲ့ကြောင်း ပြည်တွင်းစက်သုံးဆီအရောင်းဆိုင်များမှ သိရသည်။
စက်တင်ဘာ ၂၁ ရက်တွင် ပြည်တွင်း၌ စက်သုံးစျေးနှုန်းများမှာ ဒီဇယ်တစ်လီတာလျှင် ၁၂၁၀ ကျပ်၊ ပရီမီယံဒီဇယ်တာ ၁၂၁၅ ကျပ်၊ အောက်တိန်း 92 Ron တစ်လီတာ ၁၂၁၅ ကျပ်၊ အောက်တိန်း 95 Ron တစ်လီတာ ၁၂၃၅ ကျပ်ရှိကြောင်း ပြည်တွင်းစက်သုံးဆီ အရောင်းဆိုင်များမှ သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂ ရက်တွင် ပြည်တွင်းစက်သုံးဆီစျေးနှုန်းမှာ ဒီဇယ်တစ်လီတာလျှင် ၆၆၀ ကျပ်၊ ပရီမီယံဒီဇယ်တာ ၆၇၀ ကျပ်၊ အောက်တိန်း 92 Ron တစ်လီတာ ၆၂၅ ကျပ်၊ အောက်တိန်း 95 Ron တစ်လီတာ ၇၅၀ ကျပ်သာရှိကြောင်း မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ရောင်းချဖြန့်ဖြူးရေးအသင်း (MPTA) က ထုတ်ပြန်သည့် စာရင်းများအရသိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလနှင့် လက်ရှိဖြစ်ပေါ်နေသည့် ပြည်တွင်းစက်သုံးဆီစျေးနှုန်းများကို နှိုင်းယှဉ်ကြည့်ပါက ရှစ်လအတွင်း ဒီဇယ်တစ်လီတာလျှင် ကျပ် ၅၅၀ အထိ မြင့်တက်၍ ရာခိုင်နှုန်းအားဖြင့် ၈၃ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့သည်။
ပရီမီယံဒီဇယ် တစ်လီတာလျှင် ကျပ် ၅၄၀ ကျော်မြင့်တက်၍ ရာခိုင်နှုန်းအားဖြင့် ရာခိုင်နှုန်း ၈၀ ကျော်၊ အောက်တိန်း 92 Ron တစ်လီတာလျှင် ကျပ် ၅၉၀ ကျော်မြင့်တက်၍ ရာခိုင်နှုန်းအားဖြင့် ၉၄ ရာခိုင်နှုန်း၊ အောက်တိန်း 95 Ron တစ်လီတာလျှင် ကျပ် ၄၈၀ မြင့်တက်ခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၆၄ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် တစ်နှစ်လျှင် စက်သုံးဆီတန်ချိန် ခြောက်သန်းဝန်းကျင် တင်သွင်းလျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။
လက်ရှိဘဏ္ဍာနှစ် ခုနစ်လတွင် ပြည်ပမှ စက်သုံးဆီတန်ချိန် ၂ ဒသမ ၇ သန်းသာ တင်သွင်းမှု တန်ဖိုးဒေါ်လာ ၁ ဒသမ ၂ ဘီလျံရှိပြီး ယခင်နှစ်ကာလတူထက် တင်သွင်းမှုတန်ချိန် တစ်သန်းကျော်အထိလျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
လက်ရှိဘဏ္ဍာနှစ် ခုနစ်လတွင် ပြည်ပမှ စက်သုံးဆီတင်သွင်းသည် ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက တန်ချိန် ၁ ဒသမ ၀၀၂ သန်း လျော့ကျခဲ့သည့်အတွက် တန်ဖိုးဒေါ်လာ ၆၆၃ ဒသမ ၃၄၇ သန်း လျော့ကျခဲ့သည်။
အဆိုပါကာလအတွင်း ဒီဇယ်တန်ချိန် ၁ ဒသမ ၆၆ သန်းတင်သွင်းမှု တန်ဖိုးဒေါ်လာ ၇၂၁ ဒသမ ၁၇၃ သန်းရှိသည်။ ယခင်နှစ်ကာလတူထက် တန်ချိန်ခြောက်သိန်းခွဲကျော် လျော့ကျပြီး တန်ဖိုးဒေါ်လာသန်း ၄၃၀ ကျော် လျော့ကျခဲ့သည်။
ထို့အတူ ဓာတ်ဆီတန်ချိန် တစ်သန်းကျော်တင်သွင်းမှု တန်ဖိုးဒေါ်လာ ၅၃၆ ဒသမ ၁၁၃ သန်း ရှိသည်။ ယခင်နှစ်ကာလတူထက် တန်ချိန်သုံးသိန်းခွဲကျော် လျော့ကျပြီး တန်ဖိုးဒေါ်လာ ၂၂၇ ဒသမ ၁၈၇ သန်း လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
Source: news-eleven.com
ဗဟိုဘဏ် အသိပေးကြေညာ
စက်သုံးဆီကဏ္ဍအပါအဝင် အမေရိကန်ဒေါ်လာ လိုအပ်ချက်ရှိနေသောကဏ္ဍမျာ နိုင်ငံခြားငွေလေလံရောင်းချပေးမှုအခြေအနေ ဗဟိုဘဏ် အသိပေးကြေညာထားပါသည်။
အဆိုပါ အသိပေး ကြေညာချက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် အမေရိကန်ဒေါ်လာ လိုအပ်ချက်ရှိနေသောကဏ္ဍများ (အထူးသဖြင့် စားသုံးဆီ၊ စက်သုံးဆီ နှင့် ဆေးဝါးများ) သို့ ဘဏ်များမှတစ်ဆင့် ရောင်းချပေးနိုင်ရန် အတွက် အပတ်စဉ် လေလံခေါ်ယူ၍ ရောင်းချပေးလျက်ရှိပါသည်။
လေလံမှ အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် ၁၇၅၀ ကျပ်ဖြင့် ရောင်းချပေးပြီး ဘဏ်များက ကုမ္ပဏီများသို့ ၁၇၅၃ ကျပ် ဖြင့်သာ ပြန်လည်ရောင်းချစေပါသည်။
ထိုသို့ ရောင်းချရာတွင် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု မှန်ကန် မြန်ဆန်စေရေးဗဟိုကော်မတီမှ စိစစ်ပေးပို့သော ကုမ္ပဏီများသို့ သတ်မှတ်ပေးသည့် ပမာဏ အတိုင်း ရောင်းချရန်အတွက် အဆိုပါကုမ္ပဏီများစာရင်းဖွင့်လှစ်ထားသည့် AD ဘဏ်များသို့ ရောင်းချပေးခြင်းဖြစ်ပါသည်။
ပြီးခဲ့သည့် ရက်သတ္တပတ် (၁၃-၉-၂၀၂၁ ရက်နေ့မှ ၁၇-၉-၂၀၂၁ ရက်နေ့) တွင် အမေရိကန်ဒေါ်လာ ၂၅ သန်း ရောင်းချပေးခဲ့ပြီး (၂၀-၉-၂၀၂၁) ရက်နေ့တွင် အမေရိကန်ဒေါ်လာ (၁၅) သန်းအား AD လိုင်စင်ရဘဏ် (၉) ဘဏ်သို့ ရောင်းချပေးခဲ့ပါသည်
ဟုဖော်ပြထားပါသည်။