တစ်စီးနှင့်တစ်စီးကြိုးမဲ့ဆက်သွယ်ရေးနည်းပညာဖြင့်ချိတ်ဆက်မောင်းနှင်နိုင်မည့်အနာဂတ်ကားများကြောင့် ပိုအန္တရာယ်ကင်းလာမည်။
ပတ်ဝန်းကျင်ပိုသန့်ရှင်းလာမည်၊ ကားနှင့်သွားရောက်ခရီးတွင်မည်၊ ယဉ်ကြောကျပ်တာထိုင်စောင့်ရခြင်းမှဒုက္ခ ကင်းဝေးကြမည်။
သို့ဖြစ်၍အနာဂတ်စမတ်ကားများမြန်မြန်ထွက်ပေါ်လာရန်ဘက်ပေါင်းစုံကဝိုင်းဝန်းအားထုတ်ကြရန်လိုအပ်မည်။
ပြီးခဲ့သောနှစ်တစ်ရာကျော်ကဟင်နရီဖို့ဒ်မှစ၍ လူအများစုစီးနိုင်အောင်ဈေးချိုသောကားများကိုအချိန်တိုတိုနှင့် အမြောက်အမြားထုတ်လုပ်ခဲ့ချိန်မှစကာ ကားများသည်လူသားများအတွက်ကောင်းကျိုးများစွာပေးခဲ့သည်။
ကားများကနိုင်ငံများစီးပွားတိုးနှုန်းပိုမြန်အောင်ကူပေးခဲ့သည်။
လူမှုအဖွဲ့အစည်းတစ်ရပ်လုံးမြန်ဆန်စွာလှုပ်ရှားနိုင်အောင်လည်းကူပေးခဲ့သည်။
လူတွေကိုလည်းပျော်ရွှင်မှုပုံစံသစ်များစွာဆောင်ကြဉ်းပေးခဲ့သည်။
ထိုသို့သောအကြောင်းများကြောင့်ပင်လူသားများသည်ကားများကိုစိတ်အားထက်သန်စွာလက်ခံနေရာ ပေးခဲ့ကြသည်။
ထို့ကြောင့်လည်းယခုဆိုကမ္ဘာလမ်းမများပေါ်တွင်ကားပေါင်းသန်းတစ်ထောင်လောက်ရောက်နေကြပြီဖြစ်သည်။
ကောင်းဆိုးနှစ်တန်ယှဉ်တွဲနေသည့်နည်းတူကားများကြောင့်ဆိုးကျိုးရသည်များလည်းရှိနေသည်။ ကားများကြောင့်လေထုညစ်ညမ်းသည်။
လမ်းတွေ ပိတ်ဆို့သည်။
လူတွေ သေသည်။
ယာဉ်တိုက်မှု များကြောင့် ကမ္ဘာတစ်ဝန်းတစ်နှစ်ကို လူ (၁ ဒသမ ၂၄) သန်းလောက်ထိသေဆုံးနေရပြီး သန်း (၅၀) လောက်ထိခိုက်ဒဏ်ရာရနေကြသည်။
ယာဉ်ကြောပိတ်ဆို့မှုကြောင့်စောင့်ဆိုင်းရသဖြင့်ကမ္ဘာတစ်ဝန်းကားမောင်းသူများစုပေါင်းဆုံးရှုံး သွားရသည့် နာရီပေါင်းက ၉၀ ဘီလီယံနာရီလောက်ရှိသည်။
ကားများသိပ်များသည့်မြို့များမှာဆိုလျှင်ယာဉ်များစုပေါင်းအသုံးပြုသည့်လောင်စာဆီ၏သုံးပုံတစ်ပုံသည် ပါကင်ထိုးစရာနေရာလိုက်ရှာရသည်နှင့်ကုန်နေရသည်။
လူသားများကံကောင်းသည့်တစ်ချက်မှာနည်းပညာသစ်များကြောင့်ယာဉ်မောင်းရတာ ပိုအန္တရာယ်ကင်းလာမည်၊ ပတ်ဝန်းကျင်ညစ်ညမ်းနှုန်း နည်းသွားမည်၊ ယာဉ်ကြောပိတ်ပြီး ထိုင်စောင့်ရချိန် တိုသွားမည်ဟူသော သတင်းကောင်း ဖြစ်သည်။ယနေ့ စမတ်ဖုန်းများ၊ တဲဘလက်များ၊ လပ်တော့များ အင်တာနက် ကွန်ရက်နဲ့ ချိတ်ဆက်လုပ်ကိုင်နိုင်သကဲ့သို့အနာဂတ်ကားများသည်လည်းအင်တာနက် ကွန်ရက်နှင့်တစ်သားတည်းချိတ်ဆက်လည်ပတ်မည်ဖြစ်သည်။
ထိုအခါကားအချင်းချင်းလည်းချိတ်ဆက်သွားလာနိုင်မည်။
တစ်စီးနှင့်တစ်စီးမတိုက်မိအောင်အလိုလျောက်လမ်းကြောင်းထိန်းစနစ်များအသုံးပြုနိုင်မည်၊မြို့တွင်း ယာဉ်ကြောထိန်းသိမ်းရေးကွန်ပျူတာကွန်ရက်နဲ့လည်းချိတ်ဆက်ပြီးယာဉ်ကြောကျပ်သည့်နေရာများကို ရှောင်ကွင်းနိုင်မည်။
ကားပါကင်ထိုးလို့ ရမည့်နေရာကိုယာဉ်ကြောထိန်းသိမ်းမှုစနစ်နဲ့ ချိတ်ဆက်ပြီးအလိုလျောက်ကားပါကင် ထိုးနိုင်မည်။
ကားမှာပါသောရေဒါများ၊ အာရုံခံ ကိရိယာများကလည်းလူကိုမတိုက်မိအောင်၊ ကားချင်းချင်း မတိုက်မိအောင်လုပ်ပေးနိုင်မည်။
နောက်ဆုံးတွင်လူသားကလုံးဝမောင်းနှင်စရာမလိုဘဲရာနှုန်းပြည့်ကွန်ပျူတာစနစ်ဖြင့်ထိန်းချုပ်မောင်းနှင် သွားမည့်ကားမျိုးတွေပေါ်ပေါက်လာမည်။
ပိုစမတ်ကျလာမည်စမတ်ကျသောကားစနစ်သို့ ပြုပြင်ပြောင်းလဲမှုများကားလက်ရှိမှာပင်အတော်အရှိန်ရ လာနေပါသည်။
ယနေ့ထုတ်ကားသစ်အများစုကြီးမှာရှေ့ကားကိုဝင်မဆောင့်မိအောင်ကွန်ပျူတာထိန်းကျောင်းစနစ် ပါဝင်နေပါသည်။
အဝေးပြေးလမ်းပေါ်တွင်မြန်နှုန်း၊ လမ်းကြောင်းကိုအလိုလျောက်သတ်မှတ်မောင်းနှင်နိုင်သည့် စနစ်မျိုးလည်းပါဝင်နေပါသည်။
ပါကင်ထိုးရမည့်နေရာရောက်လျှင်လည်းကားသည်အလိုလျောက်ပါကင်ထိုးနိုင်သည့်စနစ်ပါဝင်လာပြီးယခု နောက်ပိုင်းထုတ်ဥရောပကားတိုင်းတွင်ယာဉ်၏ ကိုယ်ပိုင်ဆက်သွယ်ရေးစနစ်ပါထည့်သွင်းထုတ်လုပ်ရေး စည်းမျဉ်းသတ်မှတ်ထားသည်။
ထိုအခါယာဉ်သည်ဆက်သွယ်ရေးကွန်ရက်နှင့် ချိတ်ဆက်ထားနိုင်ပြီးယာဉ်တိုက်မှုဖြစ်ကြောင်းကားတွင် ပါသောအာရုံခံကိရိယာကအာရုံခံမိသည်နှင့်ယာဉ်တိုက်သည့်တည်နေရာကိုအရေးပေါ်ကယ်ဆယ်ရေး ဌာနသို့ အလိုလျောက်ပေးပို့ကာအကူအညီတောင်းခံနိုင်မည်ဖြစ်ရာယာဉ်မောင်းသူများအတွက်များစွာ အကူအညီရမည်ဖြစ်သည်။
***သင်စိတ်ဝင်စားနိုင်သော Frangivento ၏အလှမွေးငါးကန်ပါသည့်လျှပ်စစ်စူပါကား***
စင်ကာပူသည်လည်းကားများကိုဆက်သွယ်ရေးကွန်ရက်နှင့် အလိုလျောက်ချိတ်ဆက်စေပြီး ယာဉ်ကြောကျပ်နေသည့်နေရာများကိုရှောင်ကွင်းသွားလာနိုင်စေမည့်စမတ်မြို့ပြယာဉ်ကြောထိန်းသိမ်းမှု စနစ်ဖော်ဆောင်နေသည်။
ဗြိတိန်တွင်လည်းအလားတူစမတ်ယာဉ်ကြောစနစ်များဖော်ဆောင်နေသည်။
အထက်ပါစမတ်ယာဉ်ကြောထိန်းစနစ်များကိုစုပေါင်းအသုံးချနိုင်ခြင်းဖြင့်အန္တရာယ်ရှိသည့်နေရာများ၊ ယာဉ်ကြောပိတ်သည့်နေရာများကိုကားများရှောင်ကွင်းသွားလာနိုင်အောင်ဗဟိုယာဉ်ကြောထိန်းစနစ်က စီမံခန့်ခွဲနိုင်လာမည်၊ ယာဉ်ကြောပိတ်သည့်နေရာများကိုရှောင်ကွင်းသွားစေခြင်းဖြင့်ကားဖြင့် သွားလာသူများအချိန်ကုန်လည်းသက်သာလာမည်၊ယာဉ်ကြောများကိုလည်းအပိတ်အဆို့မရှိအောင် တတ်နိုင်သမျှချောမွေ့နေအောင်စီမံခန့်ခွဲနိုင်မည်။
ကားများသည်လည်းကြိုးမဲ့ဆက်သွယ်ရေးနည်းပညာဖြင့်အစီးများစွာချိတ်ဆက်စီတန်းပြီးသွားလာနိုင် ခြင်းဖြင့်လမ်းပေါ်တွင်ယာဉ်များများဆံ့မည်ဖြစ်သလို၊ တိုက်မိနိုင်ခြေလည်းနည်းသွားပြီးအန္တရာယ်လည်း ပိုကင်းလာမည်ဖြစ်သည်။
စမတ်ယာဉ်ကြောစနစ်ရာနှုန်းပြည့်ပေါ်ထွန်းလာရေးတွင်အစိုးရများ၏ နည်းပညာလက်ခံအသုံးချ နိုင်စွမ်းပေါ်လည်းများစွာမူတည်နေသည်။
ဦးဆောင်စံပြအဖြစ်ဥရောပသမဂ္ဂကဆောင်ရွက်နေသည်။
ယခုနှစ်ဆန်းပိုင်းတွင်ကားများနှင့်ယာဉ်ကြောထိန်းစနစ်များအပြန်အလှန်ချိတ်ဆက်ရာတွင်ရှိရမည့်အခြေခံ အချက်များကိုဥရောပသမဂ္ဂကစံချိန်စံညွှန်းများသတ်မှတ်ရေးအဖွဲ့ကသတ်မှတ်အတည်ပြုပေးလိုက်ပြီ ဖြစ်သည်။
ထိုသို့သတ်မှတ်ပေးလိုက်နိုင်သဖြင့် ဥရောပကားထုတ်လုပ်သူများ၊ ဥရောပသို့ ကားတင်သွင်းသူများ စည်းမျဉ်းများနဲ့ကိုက်ညီအောင်ကားများတွင်လိုအပ်သည်များဖြည့်စွက်တပ်ဆင်ထုတ်လုပ်ကြရမည် ဖြစ်သည်။
ရှိပြီးသားကားများသည်လည်းတည်နေရာပြစနစ်နှင့် အရေးပေါ်အချက်ပေးစနစ်များလက်ခံရယူနိုင်မည့် စနစ်များ ဖြည့်စွက်တပ်ဆင်ရမည့်နောက်ဆုံးသတ်မှတ်ရက်ကို ဥရောပသမဂ္ဂကထုတ်ပြန်မည်ဖြစ်သည်။ ထိုနမူနာကို နိုင်ငံတကာအစိုးရများလည်းအတုယူဖို့လိုသည်။
ကားများကို အင်တာနက်ကွန်ရက်ချိတ်ဆက်သွားလာနိုင်စေရန်နောက်ထပ်လိုအပ်ချက်တစ်ရပ်မှာ လမ်းစနစ်များအဆင့်မြှင့်တင်ဖို့ ဖြစ်သည်။
လမ်းများ၊ ပါကင်ထိုးရမည့်နေရာများတွင်အာရုံခံကိရိယာများတပ်ဆင်ရမည်။
သို့သော်ထိုသို့လုပ်ရခြင်းကြောင့်ငွေကြေးအမြောက်အမြားကုန်ကျစရာတော့မရှိ။
မီးပွိုင့်များကိုဗဟိုယာဉ်ကြောထိန်းစနစ်နဲ့ ချိတ်ဆက်ထိန်းချုပ်နိုင်အောင်ဆောင်ရွက်ခြင်းဖြင့်တစ်မြို့လုံး ယာဉ်သွားလာမှုစနစ်ချောမွေ့သွားမည့်အကျိုးကျေးဇူးရမည်ဖြစ်ရာယာဉ်ကြောကျပ်ခြင်းအဆင်ပြေအောင် လမ်းသစ်များဖောက်၊ ခုံးတံတားသစ်များဆောက်နေခြင်းထက်ငွေကုန်များစွာသက်သာသလို၊ ပို၍လည်း ထိရောက်မည်ကိုမြင်နိုင်သည်။
ကားများစမတ်ကွန်ရက်နဲ့ မြန်မြန်ချိတ်ဆက်နိုင်လာလေ၊ စမတ်ယာဉ်ကြောထိန်းစနစ် မြန်မြန်ဖော်ဆောင်နိုင်လေကားနဲ့သွားလာရသူများအတွက်လည်းကားလမ်းကျပ်လို့လမ်းပေးမှာ အချိန်ကုန်တာသက်သာလေဖြစ်လာမည်။
တစ်နှစ်တစ်နှစ်လူသန်းချီကို ဇီဝိန်ချွေနေသောယာဉ်တိုက်မှုနှုန်းကိုလည်းလျှော့ချနိုင်သွားမည်၊ တစ်နေ့ထက်တစ်နေ့ကားနဲ့သွားရတာစိတ်ညစ်စရာကောင်းလာသည်ဟုခံစားလာရသောလူ့အဖွဲ့အစည်း ကိုလည်းလန်းဆန်းမှုပျော်ရွှင်မှုများပြန်ပေးအပ်နိုင်မည်။
သိပ်မဝေးသောအတိတ်ကနေလက်ရှိအချိန်ထိကားများကြောင့်လမ်းများပိုဖောက်ရသည်၊ လမ်းတွေလည်း ပိုပိတ်သည်၊ လူတွေလည်း ပိုသေသည်၊ ပတ်ဝန်းကျင် ညစ်ညမ်းစေသောကားမီးခိုးများလည်း ပိုထွက်သည်ဟု ပြစ်တင်စရာရှိခဲ့သည်။
မဝေးတော့သောအနာဂတ်တွင်ပေါ်လာမည့် စမတ်ကားများနှင့်စမတ်ယာဉ်ကြောထိန်းစနစ်များကား လူသားများ၏ကားနဲ့ ပတ်သတ်ပြီး မကျေမနပ်ဖြစ်နေရတာများကို ဖြေရှင်းပေးနိုင်တော့မည်။
ကားများနဲ့သွားလာရတာပိုစိတ်ချမ်းသာစရာကောင်းလာမည်၊ မြန်မြန်ဆန်ဆန်သွားဖို့ထွင်ထားသည့် ကားများသည်ယာဉ်ကြောပိတ်ဆို့မှုကြောင့်အဓိပ္ပာယ်ပြောင်းပြန်ပေါက်နေရခြင်းကိုလည်း အဓိပ္ပာယ်မှန်သို့ ပြန်တည့်ပေးနိုင်တော့မည်။
ပိုစမတ်ကျလာသောကားများကလူသားများအတွက်အသုံးအဆောင်တစ်ခုအဖြစ်သာမကအဖော်အပေါင်း တစ်ယောက်အဖြစ်ပါအားကိုးလာရမည်ဖြစ်သည်။
Source:icar