တန်းတူညီမျှ စက်သုံးဆီဝယ်ယူခွင့်မရှိလို့ ဆိုင်အချို့အရောင်းရပ်ထားရ


ပြည်တွင်းဈေးကွက်မှာ စက်သုံးဆီအလုံအလောက် ဝယ်ယူလို့မရတာနဲ့ သီလဝါ ဆိပ်ကမ်းပေါက်ဈေးထက် ကျပ် ၁၀၀ ကျော် လျှော့ချရောင်းဖို့ သတ်မှတ်ချက်တွေကြောင့် အသေးစား၊ အလတ်စားနဲ့ တစ်ဦးပိုင်စက်သုံးဆီဆိုင်တွေ ဆိုင်ပိတ်ပြီး အရောင်းရပ်ထားရတဲ့အထိဖြစ်လာတယ်လို့စက်သုံးဆီလုပ်ငန်း လုပ်ကိုင်သူအချို့ကပြောပါတယ်။ သီလဝါဆိပ်ကမ်းမှာ အခြေစိုက်တဲ့ စက်သုံးဆီတင်သွင်းတဲ့ ကုမ္ပဏီကြီးတွေကသူတို့ ရဲ့ကိုယ်ပိုင်ဆိုင်တွေကိုသာ အဓိကဖြန့်ဖြူးပေးနေလို့ တစ်ဦးပိုင် စက်သုံးဆီဆိုင်တွေနဲ့ အသေးစား၊ အလတ်စား စက်သုံးဆီဆိုင်တွေအတွက် စက်သုံးဆီရရှိမှု အခက်အခဲ
ဖြစ်လာတာလို့ ဆီလုပ်ငန်းလုပ်ကိုင်သူတွေကဆိုပါတယ်။
'' စက်သုံးဆီဝယ်ဖို့ တန်းတူညီမျှဝယ်ယူရောင်းချနိုင်ခွင့်မရှိတာမျိုးဖြစ်တာပေါ့။အခုက သီလဝါရဲ့ အမှန်တကယ်ပေါက်ဈေးထက်လည်း ၁၁၇ ကျပ်လောက် လျှော့ပြီးရောင်းခိုင်းတယ်။ နောက် ဆီကိုလည်း လိုသလောက်မရောင်းပေးဘူး။ အဲဒီတော့ ဆိုင်ပိတ်လိုက်ရတာတွေရှိတယ်။ ဆီမရလို့ အရောင်းပိတ်ရတာရော၊ နောက် ပေါက်ဈေးထက် လျှော့ရောင်းခိုင်းလို့ ရေရှည်မှာ မကိုက်လို့ ပိတ်ထားရ တာရော ဖြစ်လာတယ်။ ဆိုင်ကြီးတွေက ဆီကို လက်ဝါးကြီးအုပ်လာတော့ ကြာလာရင် ဈေးကွက်မညီမျှမှုတွေဖြစ်ကုန်မယ်။ ဈေးကွက်မှာလည်း ပစ္စည်း ပြတ်လပ်ရှားပါးလာမယ်။ အကုန်လုံးကို သက်ရောက်မှုကြီးမားကုန်မယ် '' လို့ စက်သုံးဆီဆိုင်ရှင်တစ်ဦးကပြောပါတယ်။
လက်ရှိမှာပြည်တွင်းစက်သုံးဆီဈေးမြင့်တက်မှုကိုထိန်းချုပ်နိုင်ဖို့ဆိုပြီး စက်သုံးဆီ ကဏ္ဍအတွက် ဗဟိုဘဏ်က ဒေါ်လာထုတ်ရောင်းပေးနေပါတယ်။ဒါပေမဲ့ အဲဒီလိုရောင်းချပေးမှုဟာ ဈေးကွက်လိုအပ်ချက်ရဲ့၁၀ ရာခိုင်နှုန်းပဲရှိလို့ စက်သုံးဆီရရှိမှု ခက်ခဲလာတယ်လို့ စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူတွေကပြောပါတယ်။မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်း အတွင်းရေးမှူး ဦးဝင်းမြင့်ကတော့ ဒီလို သီလဝါပေါက်ဈေးထက် အနည်းငယ်လျှော့ချ ရာင်းခိုင်းတာဟာပြည်သူလူထုကို ဝန်ထုပ်ဝန်ပိုးဖြစ်မှာစိုးလို့ ဆောင်ရွက်ရတာလို့ တုံ့ပြန်ပါတယ်။
'' ဗဟိုဘဏ်ကစက်သုံးဆီကဏ္ဍ အတွက် ဒေါ်လာကို စရောင်းပေးတာက ပြီးခဲ့တဲ့အပတ်က စတာပါ။ ဒါကကြားဖြတ်အစီအစဉ်တစ်ခုပါ။ အခုလက်ရှိ ဒေါ်လာ ၁၅ သန်း ရောင်းပေးထားပါတယ်။ ဒါက ပြည်တွင်းစက်သုံးဆီဈေးကို ကျဆင်းစေချင်လို့ ထုတ်ရောင်းပေးတာဆိုတော့ အသင်းအနေနဲ့လည်း ဒီလို ဆုံးဖြတ်လုပ်ကိုင်ကြတာဖြစ်လို့ အခုလိုလျှော့ချရောင်းပေးဖို့ အများနဲ့ဆုံးဖြတ်တာပါ။ ဆိုင်အသေးတွေပါ တန်းတူညီမျှ ဆီရဖို့အတွက် ကတော့ ဆိုင်းတိုင်းရဲ့လစဉ်အရောင်းစာရင်း ပြန်တောင်းထားပါတယ်။ လစဉ် အရောင်းစာရင်းမှာရှိတဲ့ အချိုးအစားအတိုင်း ရောင်းချပေး နိုင်ဖို့ ဆက်လက်စီစဉ်နေပါတယ်'' လို့ 
ဦးဝင်းမြင့်ကပြောပါတယ်။
ဒါပေမဲ့ စက်သုံးဆီလုပ်ငန်းရှင်အချို့ကတော့ ဒီဆုံးဖြတ်ချက်ဟာ ထိရောက်တဲ့ဖြေရှင်းနည်း မဟုတ်ဘဲ ပြည်တွင်းမှာ စက်သုံးဆီရှားပါးမှုကို ပိုဖြစ်စေလာမှာဖြစ်သလို ပြည်သူလူထုကို  ရေရှည်မှာ တိုက်ရိုက်ထိခိုက်တဲ့ အခြေအနေ ဖြစ်လာမယ်လို့ ဆိုပါတယ်။
လက်ရှိမှာ စက်သုံးဆီပေါက်ဈေးဟာ 92 /95 တစ်လီတာကို ၁၂၅၅ ကျပ်နဲ့ ၁၂၇၅ ကျပ်၊ဒီဇယ်နဲ့ ပရီမီယံဒီဇယ် တစ်လီတာကို ၁၂၅၀ နဲ့ ၁၂၅၅ကြားဈေးပေါက်နေတာပါ။ပြီးခဲ့တဲ့ ဖေဖော်ဝါရီလပထမပတ်အထိ ပြည်တွင်း စက်သုံးဆီဈေးနှုန်းဟာ ဒီဇယ်တစ် လီတာ ကို ၆၆၀ ကျပ်၊ အောက်တိန်း 92 Ron တစ်လီတာ ၆၂၀ ကျပ် ကနေ အာဏာသိမ်း ၈ လတာအတွင်း စက်သုံးဆီ တစ်လီတာကို ပျှမ်းမျှ ကျပ် ၅၀၀ ခန့်မြင့်တက်လာတာပါ။


ဘီဘီစီမြန်မာပိုင်း

Read 22699 times