မြို့ကြီးတွေမှာ လောင်စာဆီဈေးတက်၊ ဆီပြတ်လပ်မှုများ ဖြစ်ပေါ်


မြို့ကြီးတွေမှာ လောင်စာဆီဈေးတက်၊ ဆီပြတ်လပ်မှုများ ဖြစ်ပေါ်

အခုရက်ပိုင်း စက်သုံးဆီကို ကုမ္ပဏီကြီးတွေဆီကနေ လိုသလောက်ဝယ်လို့ မရတော့တဲ့အတွက် မန္တလေးတိုင်း၊ အပါအဝင် နယ်မြို့အများစုမှာ လောင်စာဆီဈေးတွေ ဆက်တက်နေပြီး၊ တချို့ဆိုင်တွေမှာ လက်ကျန်ဆီပြတ်မသွားအောင် ထိန်းပြီးရောင်းချနေရတယ်လို့ စက်သုံးဆီရောင်းချတဲ့ လုပ်ငန်းရှင်တွေက ဗွီအိုအေကို ပြောပါတယ်။ 

ဒီဇယ်၊ ဓာတ်ဆီ တပီပါကို ၁ လအတွင်းမှာ ကျပ် ၁၀၀,၀၀၀ လောက်ဈေးတက်သွားသလို ဆီတင်သွင်းတဲ့ ပြည်တွင်းက ကုမ္ပဏီကြီးတွေဆီကနေ လိုသလောက်ဝယ်လို့ မရတဲ့ အခြေအနေကြောင့် နယ်မြို့တချို့က လက်လီဆိုင်တွေမှာ စက်သုံးဆီပြတ်လပ်တာတွေ ရှိပါတယ်။ စစ်ကိုင်းတိုင်းထဲမှာဆိုရင် စက်သုံးဆီရောင်းသူတွေက ဓါတ်ဆီ ဒီဇယ်ဆီ ဆိုင်မှာအရောင်းမပြတ်အောင် နေရာစုံကနေ ရတဲ့နည်းနဲ့ ဝယ်ယူရောင်းချနေရတယ်လို့ ကောလင်းမြို့က စက်သုံးဆီဆိုင် ပိုင်ရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။

“ ညီမတို့က နေရာပေါင်းစုံကနေ ယူရတာပေါ့နော်၊ တနေရာတည်းနဲ့ဆို မရဘူး… ဟုတ်တယ် ဆီကပြတ်တယ် လိုချင်သလောက်မရဘူး။ ခက်တော့ ခက်ခဲတာပေါ့ အဲလိုမျိုး ရောင်းရတဲ့အခါကျတော့။ 92 ပရီမီယံ(ဒီဇယ်)ကျတော့လည်း လိုသလောက်ထုတ်မရဘူး။ နည်းနည်းပါးပါးပဲ ဝယ်လို့ရတယ်။ ဈေးကအတက်ဘက်ကပဲ ရောက်နေတာပေါ့၊ ဒီထက်တော့ ပိုမတက်သေးဘူး။ ပြီးခဲ့တဲ့ တလထက်စာရင်တော့ ဈေးတွေတက်တာပေါ့ တော်တော်တက်တယ် အရင်က ( တပီပါကို) ၂၀၀,၀၀၀ ကျော်ပဲရှိတာကိုး။”

ပြည်ပကနေ စက်သုံးဆီတင်သွင်းတဲ့ ကုမ္ပဏီကြီးတွေကလည်း သူတို့လက်ထဲမှာ ဆီလက်ကျန် လျော့နည်းနေတဲ့အတွက် တဆင့်ဝယ်ယူတဲ့ လက်ကားဆီဆိုင်တွေကို လိုသလောက်မပေးနိုင်တာလို့ လုပ်ငန်းရှင်တချို့က ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းဖို့ မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ရောင်းချရေးအသင်းက တာဝန်ရှိသူကို ဗွီအိုအေက ဆက်သွယ်ခဲ့ပေမဲ့ မရခဲ့ပါဘူး။

မန္တလေးက စက်သုံးဆီလက်ကားဆိုင်ရှင်တဦးကတော့ ဒီရက်ပိုင်းအတွင်းမှာ ဆီပြတ်လပ်သွားတဲ့ လက်လီ၊ လက်ကားဆိုင်တချို့ရှိတယ်လို့ ဗွီအိုအေကို ပြောပါတယ်။

“ ဆီတွေတခါတလေ ပြတ်သွားတဲ့အချိန်တွေဆို ပိုပြီးတော့ ဈေးကတက်သွားတာ၊ ကိုယ့်လက်ထဲမှာရှိတဲ့ လူလောက်ပဲလေ (ရောင်းနိုင်တာ)။ လက်ကားတွေ မပေးနိုင်တော့ဘူး အဲလိုအခြေအနေအထိ ဖြစ်သွားတယ်ပေါ့နော်။ (ပီပါ) ၁၅လုံး အလုံး၃၀လောက်ပဲ ပေးနိုင်တယ်ပေါ့နော်။ ၆၀-၇၀-၁၀၀ အဲလိုမျိုး ဒီရက်တွေမှာ အများကြီးမပေးနိုင်တဲ့ အခြေအနေ ဖြစ်ခဲ့တယ်ပေါ့။ ကြားရသလောက်တော့ ရန်ကုန်မှာ သီလဝါတို့ဘာတို့မှာ ဆီတွေပြတ်သွားလို့လေ။ အဲဒါကြောင့်မို့ ဈေးတက်တာ။”

ရခိုင်ပြည်နယ်၊ စစ်တွေမြို့က စက်သုံးဆီ အရောင်းဆိုင်တွေမှာတော့ ဒီဇယ်ဆီတွေ အရောင်းရပ်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။ စက်သုံးဆီက လိုသလောက်ဝယ်လို့မရသလို ဈေးကလည်း တပီပါကို ကျပ်တသိန်းလောက် တက်သွားတဲ့အတွက် လုပ်ငန်းရှင်တွေအတွက် စရိတ်တွေပိုလာပါတယ်။ ငါးဖမ်းစက်လှေတစီးဟာ တလကို ဒီဇယ်ပီပါအလုံးရေ ၁၀၀ လောက် သုံးရတဲ့အတွက် အထွေထွေ ကုန်ကျစရိတ်နဲ့ဆိုရင် သိန်းရာချီပြီး စရိတ်တွေပိုလာတယ်လို့ ပင်လယ်ငါးဖမ်းလုပ်ငန်းရှင်များအသင်းရဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်စိုးက ပြောပါတယ်။ သက်ဆိုင်ရာဝန်ကြီးဌာနက လျှော့ဈေးနဲ့ရောင်းချပေးတဲ့ စက်သုံးဆီနဲ့ မလောက်ငှတဲ့အခါမျိုးမှာ ပြင်ပကနေ ဈေးကြီးပေးပြီး ဝယ်သုံးရတယ်လို့ သူက ဗွီအိုအေကို ပြောပြပါတယ်။

“ ဝန်ကြီးဌာနကို အကျိုးအကြောင်းစာရေးသေးတယ်လေ၊ ပြောပြတယ်၊ ဒီလိုသာ ခက်ခဲနေမယ်ဆိုရင် လုပ်ငန်းတွေ ရပ်သွားနိုင်တယ်ပေါ့ဗျာ။ အဲဒီတော့ ဝန်ကြီးဌာနကနေ သူတို့က ဒီဇယ်ပေးတယ်၊ နှုန်းတားတခုနဲ့ ရောင်းပေးတယ်။ အခုတခါ ပြန်ပြီးတော့ ၃၄၀၀၀၀ လောက်ဖြစ်လာ တပီပါကို။ ကျနော်တို့က ခဏလေးပဲ ဒီဇယ်ဆီ အနည်းအကျဉ်းပဲ ရတာကိုး ကျတာကတော့ ကိုယ့်ဖာသာဝယ်ပေါ့ဗျာ။ ကုမ္ပဏီတွေက သွင်းတဲ့ဟာတွေ ဝယ်နေတယ်ပေါ့၊ ပေါက်ဈေးပေါ့။ ကိုယ်စားရမယ့်ပိုက်ဆံတွေ ဒီဇယ်ဆီထဲ ရောက်သွားတာပေါ့ဗျာ။”

ဒီဇင်ဘာလ ၂၄ ရက်က တပီပါကို ၂၉၅,၀၀၀ ရှိတဲ့ ပရီမီယံဒီဇယ်က အခု ဇန်နဝါရီ ၂၄ ရက်မှာတော့ တပီပါကို ၃၆၈,၀၀၀ ပေါက်ဈေးရှိပါတယ်။ အောက်တိန်း 92 တပီပါကို ၃၃၀,၀၀၀ ဝန်းကျင်ရှိပြီး၊ အောက်တိန်း 95 ကတော့ တပီပါကို ၃၄၀,၀၀၀ ကျပ်ဝန်းကျင်ရှိပါတယ်။ ဒီဈေးတွေအားလုံးက ပြီးခဲ့တဲ့လက်ထက် ကျပ် ၁၀၀,၀၀၀ နီးပါးတက်လာဖြစ်ပါတယ်။ လက်လီဈေးအနေနဲ့ကတော့ ဒီဇယ်တလီတာကို ၁၅၉၅ကျပ်၊ အောက်တိန်း 92 တလီတာကို ၁၅၄၅ ကျပ်၊ အောက်တိန်း 95 တလီတာကို ၁၅၉၅ ကျပ်ရှိပါတယ်။

စီးပွားကူးသန်းဌာနနဲ့ စက်သုံးဆီ တင်သွင်းရောင်းချတဲ့အသင်းတို့ ပူးပေါင်းပြီး ဒီဇယ်ကို ပေါက်ဈေးထက် ၃၀၀ ကျပ်လေ ျှာ့ပြီး အထူးလျှေဈေးနဲ့ ရောင်းချပေးနေတယ်လို့ ကြေညာထားပါတယ်။ မြန်မာနိုင်ငံအနှံ့ ဆိုင်ပေါင်း ၂၀၀ နီးပါးမှာ ရောင်းချပေးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ ဆိုင်တွေမှာသွားဝယ်ရင် လက်တွေ့ ဝယ်လို့ မရတဲ့ အခက်အခဲတွေ ရှိတယ်လို့ ရန်ကုန်ကယာဉ်မောင်းတချို့က ပြောပါတယ်။ ဒီဇယ်ဆီဈေးနှုန်းတွေ မတက်အောင် စစ်ကောင်စီကတော့ ကြိုးစားဆောင်ရွက်နေပါတယ်လို့ ပြောကြားထားပါတယ်။

 

ဗွီအိုအေ

Read 5026 times