စက်သုံးဆီဈေးတွေ အခုရက်ပိုင်း ခုန်တက်


စက်သုံးဆီဈေးတွေ အခုရက်ပိုင်း ခုန်တက်

ပြည်တွင်းမှာ စက်သုံးဆီလက်လီဈေးနှုန်းတွေဟာ ဒီနေ့ မတ်လ ၃ ရက်ရန်ကုန်မြို့မှာ တစ်လီတာကို ၂၀၀ ကျပ်နီးပါးအထိ စျေးနှုန်းထပ်မံမြင့်တက်သွားလို့ အခုဆို တစ်လီတာကို ၂၀၀၀ ကျပ်နီးပါးပေးပြီး ၀ယ်ယူသုံးစွဲနေရတယ်လို့ စက်သုံးဆီ ဝယ်ယူခဲ့သူတွေဆီကနေ သိရပါတယ်။

မြန်မာပြည်မြောက်ပိုင်းက ပူတာအိုမြို့မှာတော့ စက်သုံးဆီ တစ်လီတာကို ကျပ် ၈၀၀၀ ခန့်အထိစျေးပေါက်နေတယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။

ဒီရက်ပိုင်းအတွင်း ရန်ကုန်မြို့က စက်သုံးဆီအရောင်းဆိုင်တွေမှာ စက်သုံးဆီ စျေးတွေသိသိသာသာ တက်လာခဲ့ပါတယ်။

မတ်လ ၂ ရက်နေ့က ကမ္ဘာ့ရေနံစိမ်းစျေးဟာ တစ်စည်ကို ဒေါ်လာ ၁၀၀ ကျော်ဖြစ်လာတဲ့နေမှာ ပြည်တွင်းစျေးတွေ သိသိသာသာတက်လာခဲ့တာဖြစ်ပါတယ်။

''ဒီနေ့ ဆီသွားထည့်တော့ 95 အမျိုးအစားဆီက မနေ့က ၁၇၈၀ ဝန်းကျင်ပဲရှိတာ။ ဒီနေ့ ဆို ၂၀၀၅ ကျပ်၊ ၂၀၁၀ ကျပ် အဲဒီလိုမျိုး ထိုးတက်သွားတယ်။ ခါတိုင်းတက်နေတာ ၅၀ ကျပ်နဲ့ ၁၀၀ ကျပ်လောက်ပဲ။ ဒီလိုခုန်တက်သွားတာမျိုး ပထမဆုံးပဲ။ ၂၀၀၀ ကျပ် ကျော်သွားပြီဆိုရင် ကားကို ဒီအတိုင်း ထိုးရပ်ထားရတော့မှာပဲ'' လို့ ရန်ကုန်မြို့က အငှားယာဉ် မောင်းတစ်ဦးက ပြောပါတယ်။

စက်သုံးဆီဈေးနှုန်းဟာ မနေ့က မတ်လ ၂ ရက်နေ့က အောက်တိန်း 95 ဆီအမျိုးအစားအတွက် တစ်လီတာကို ၁၇၈၀ ကျပ်၊ အောက်တိန်း 92 ဆီအမျိုးအစားအတွက် တစ်လီတာကို ၁၇၃၀ ကျပ်ရှိရာကနေ ဒီနေ့မှာ အောက်တိန်း 92 ဆီ အမျိုးအစား တစ်လီတာကို ၁၉၉၀ အထိ မြင့်တက်လာတာလည်းဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ဒီလိုစက်သုံးဆီဈေးနှုန်း ရာနဲ့ချီပြီး ရုတ်တရက်မြင့်တက်သွားတာကြောင့် ရန်ကုန်က အငှားယာဉ်စီးခတွေဟာ ငွေကျပ် ၅၀၀ ကနေ ၁၀၀၀ ကြား ပိုပေးနေရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

 ပြီးခဲ့တဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံက စက်သုံးဆီ တန်ချိန် ခြောက်သန်းကျော်တင်သွင်းခဲ့ပြီး တန်ဖိုးဒေါ်လာ ၂ ဒသမ ၆၆၆ ဘီလျံအထိ ရှိခဲ့ကြောင်း ပြီးခဲ့တဲ့ အရပ်သားအစိုးရလက်ထက်က ထုတ်ပြန်တဲ့ တရားဝင်စာရင်းတွေအရ သိရပါတယ်။

ဘီဘီစီသတင်း ကောက်နုတ်ချက်

Read 704 times