သစ်သားမှ သံမဏိကားကိုယ်ထည်ဆီသို့ တိုးတက်ပြောင်းလဲလာပုံ အကြောင်း


ကားတစ်စီး၏ ရုပ်သွင်သည် ကားကိုယ်ထည်သာဖြစ်ပါသည်။

အင်ဂျင်များ၊ ဖရိမ်များ အပါအဝင် ကားအစိတ်အပိုင်းများကို လွှမ်းအုပ်ထားသော ကိုယ်ထည်မရှိဘဲ ကားတစ်စီးဆိုသည်မှာ ရုပ်လုံး ပေါ်မလာနိုင်ပေ။

မော်တော်ကားခေတ်ဦး ကားကိုယ်ထည်ထုတ်လုပ်သူများသည် မြင်းလှည်းပုံသဏ္ဌာန်ကားပုံစံမှ စတင်ပြီး ရာစုနှစ်နှင့်ချီသော အတွေ့အကြုံနှင့် ဗဟုသုတများ ရရှိခဲ့ကြပါသည်။

ပထမဦးဆုံး ဓာတ်ဆီအင်ဂျင်ကို မတီထွင်ခင် ဟိုးအရင်ကတည်းက လူများ၏ သယ်ယူပို့ဆောင်ရေးအတွက် မြင်းလှည်းများကို အချိန်တော်တော် ကြာ အသုံးပြုခဲ့ကြပါသည်။

ထို့ကြောင့်လည်း မြင်းလှည်းပုံစံကိုယူပြီး ပထမဆုံး မော်တော်ကားများကို ဖန်တီးခဲ့ခြင်းဖြစ်၍ ကနဦးပေါ်ပေါက်ခဲ့သေယ မော်တော်ကားများသည် သစ်သားကိုယ်ထည်များနှင့် ဖြစ်ပါသည်။

၁၉၀ဝ ပြည့်နှစ်မတိုင်ခင်က တည်ဆောက်ခဲ့သောကားများတွင် သစ်သားများကို ရေနွေးငွေ့နှင့် ဖိအား အသုံးပြုပြီး ရိုးရှင်းသော ပုံသဏ္ဌာန်များအဖြစ်သာ ကွေးညွှတ်ပုံဖော်နိုင်ခဲ့ခြင်းကြောင့် ဒီဇိုင်းပိုင်းတွင် အကန့်အသတ်ရှိခဲ့ပါသည်။

ထို့ကြောင့်လည်း ကားအတော်များများ၏ ပုံပန်းသဏ္ဌာန်က ရိုးရှင်းပြီး လေးထောင့်စပ်စပ်ပုံစံများသာ ဖြစ်ခဲ့ပါသည်။

၂၀ ရာစုအစပိုင်းခန့်တွင် ကားပုံစံပြောင်းလဲမှုက စတင်လာခဲ့ပြီး သံမဏိနှင့် အလူမီနီယံများကို အလွှာအချပ်များဖြစ်ရန် ဖန်တီးနိုင်သော သတ္တုနည်းပညာများ ပြောင်းလဲတိုးတက်လာပြီး လိုချင်သောပုံစံကို ပုံလောင်းဖန်တီးနိုင်သော အခြေအနေကို ရောက်ရှိလာခဲ့ပါသည်။

၁၉၁၆ ခုနှစ်တွင် Doodge သည် ကားတစ်စီးလုံးကို သံမဏိကိုယ်ထည်နှင့် ဖန်တီးထုတ်လုပ်နိုင်သော ပထမဆုံးကားကုမ္ပဏီဖြစ်လာခဲ့ပါသည်။

ရာစုသစ်၏ ပထမ ဆယ်စုနှစ်အတွင်းတွင် တူထု ပုံဖော်ရသော အခြေအနေမှ ကားကိုယ်ထည်ကို ပုံစံဆွဲပြီး ပုံလောင်းပုံနင်းလို့ရသော ၁၉၃၀ ပြည့်လွန် နှစ်လယ်ကာလများကို ရောက်ရှိလာခဲ့ပါသည်။

သတ္တုကိုယ်ထည်များကို ပိုပြီး တောင့်တင်း၊ ပိုပြီး ကြာရှည်ခံစေမည့် နည်းသစ်များ ပေါ်ပေါက်လာပြီး ၁၉၃၀ ပြည့်လွန်နှစ်များ ကုန်ဆုံးခါနီးတွင် ကားတစ်စီးလုံးကို သံမဏိကိုယ်ထည်နှင့် တည်ဆောက်မှုသည် စံနှုန်းတစ်ခု ဖြစ်လာခဲ့ပါသည်။

ထိုသို့ သစ်သားကားကိုယ်ထည်များသည် တဖြည်းဖြည်းပျောက်ကွယ်လာပြီး ၁၉၅၀ ပြည့်လွန်နှစ်များတွင် အမေရိကန်ကားကုမ္ပဏီများသည် သစ်သားကိုယ်ထည်နှင့် ကားများထုတ်လုပ်မှုက ရပ်ဆိုင်းပစ်လိုက် ရပါသည်။

ယခုခေတ်တွင် ကားကိုယ်ထည်ကို သစ်သားနှင့် ဖန်တီးနေသော ကားကုမ္ပဏီတစ်ခုသာ ရှိပါတော့သည်။

ထိုကုမ္ပဏီမှာ ဂရိတ်ဗြိတိန်က Morgan Motors ကုမ္ပဏီဖြစ်ပြီး ကုမ္ပဏီထုတ် Aero Eight ကားအမျိုးအစားတွင်အောက်ခံထည်မပါဝင်သော ကိုယ်ထည်တည်ဆောက်မှုကို သစ်မာသားတစ်မျိုး အသုံးပြုထားပါသည်။

 

Read 593 times