Foxconn က အီးဗီမော်ဒယ် ၂ မျိုး ပွဲထုတ်ပြသ
တိုင်ဝမ်မှ Foxconn Technology Group က အင်္ဂါနေ့(အောက်တိုဘာ ၁၈)တွင် လျှပ်စစ်ကားအသစ်နှစ်စီးကို ပွဲထုတ်ပြသခဲ့ပါတယ်။
iPhones, iPads, MacBooks တို့ကို တပ်ဆင်ထုတ်လုပ်ေပးတဲ့ Foxconn က အီးဗီဈေးကွက်ထဲ ဈေးကွက်ဝေစုရဖို့ လုပ်ဆောင်နေပါပြီ။
Hon Hai Precision Industry Co ရဲ့ လက်အောက်ခံ Foxconn က Model B crossover SUV မော်ဒယ်နှင့် မြေမရွေး လမ်းကြမ်းမောင်း Model V ပစ်ကပ်ထရပ် မော်ဒယ်တို့ကို ပြသပါတယ်။ တိုင်ဝမ်မှ တိုင်ပေမြို့မှာ ကျင်းပတဲ့ ပွဲမှာ ပြသခဲ့တာ ဖြစ်ပါတယ်။
Foxconn ထူထောင်သူ အသက် ၇၂ နှစ်ရှိပြီဖြစ်တဲ့ Terry Gou က စင်မြင့်ပေါ် သို့ Model B ပစ်ကပ်ကို သူကိုယ်တိုင်မောင်းပြီး ရောက်လာပါတယ်။
ပစ်ကပ်ကို ထိုင်ဝမ်၊ ထိုင်းနှင့် အမေရိကန်တို့တွင် ထုတ်လုပ်မည်ဖြစ်ကြောင်း Hon Hai Precision Industry Co ဥက္ကဋ္ဌ Young Liu က ပြောကြားခဲ့ပါတယ်။
Foxconn က Apple Inc ရဲ့ ပစ္စည်းများ အပါအဝင် အီလက်ထရွန်းနစ် ပစ္စည်းများကို ကန်ထရိုက်ယူကာ တပ်ဆင်ထုတ်လုပ်နေဆဲဖြစ်ပြီး အီးဗီကဏ္ဍကို တိုးချဲ့လုပ်ကိုင်နေတာ ဖြစ်ပါတယ်။
အီးဗီ ထုတ်လုပ်လိုတဲ့ကုမ္ပဏီတွေကိုလည်း ကန်ထရိုက်စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်ပေးဖို့ အသင့်ပြင်ဆင်ထားပါတယ်။ ကိုယ်ပိုင် brand ထူထောင်ပြီး အီးဗီ ထုတ်လုပ်ရောင်းချဖို့ အစီအစဉ် မရှိသေးပါဘူး။
"၂၀၂၀ မှာ EV တွေ တည်ဆောက်ဖို့ ကျွန်တော်တို့ရဲ့ အစီအစဉ်တွေကို ကြေညာပြီးတဲ့နောက် Foxconn က ကားတွေ တည်ဆောက်နိုင်မလားဆိုပြီး လူတော်တော်များများက မေးခွန်းထုတ်ခဲ့ကြပါတယ်။ နောက်တစ်နှစ်အကြာမှာ ကျွန်တော်တို့က မော်ဒယ် ၃ မျိုးကို ထုတ်ဖော်ပြသလိုက်တဲ့အခါ လူတိုင်းက 'ဝိုး . . . တစ်နှစ်အတွင်း မော်ဒယ်သုံးမျိုးကို ဘယ်လို တီထွင်ဖန်တီးနိုင်ခဲ့ကြသလဲ' လို့ အံ့ဩကုန်ကြတယ်။ အဲဒီလို အရှိန်အဟုန်ဖြင့် ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်" လို့ Liu က ပြောကြားပါတယ်။
ယခင်က မိတ်ဆက်ပြသခဲ့တဲ့ Model C ရှေ့ပြေးပုံစံကို ယခုအခါ ထိုင်ဝမ်ကားထုတ်လုပ်သူ Yulon Group မှ Luxgen n7 အဖြစ် တံဆိပ်တပ်ပြီး ထုတ်လုပ်ပါတယ်။
ပစ္စည်းပေးသွင်းရေး ကွင်းဆက်များကို စီမံခန့်ခွဲရာတွင် Foxconn ရဲ့ ကျွမ်းကျင်နိုင်နင်းမှုကြောင့် မော်ဒယ်အသစ်များ တီထွင်ရာတွင် ပြိုင်ဘက်များထက် ပိုမိုမြန်ဆန်တဲ့ အားသာချက်တစ်ခုဖြစ်ကြောင်း Liu က ပြောကြားပါတယ်။
Foxconn ရဲ့ ထုတ်လုပ်မှု စီးရေက နောင်တစ်ချိန်မှာ Tesla ကို ကျော်တက်နိုင်မှာလားလို့ မေးမြန်းတဲ့အခါ Liu က တနေ့နေ့တချိန်ချိန်မှာ Tesla အတွက် ကားတွေကို Foxconn က တပ်ဆင်ထုတ်လုပ်ပေးတဲ့အဖြစ်ကို မျှော်မှန်းကြောင်း ဖြေကြားပါတယ်။
ယခု Model B ကို ယခင်ဖန်တီးခဲ့တဲ့ Model C အတွက် သုံးစွဲခဲ့တဲ့ ပလက်ဖောင်းဖြင့် ထုတ်လုပ်ထားပါတယ်။ ဒီဇိုင်းကို အီတလီမှ Pininfarina SpA က ဒီဇိုင်းထုတ်ပေးထားပါတယ်။
crossover SUV ကို မှန်သားအမိုး အပြည့်တပ်ဆင်ပေးထားပါတယ်။ ခရီးတာ ၄၅၀ ကီလိုမီတာ (မိုင် ၂၈၀) အထိ သွားနိုင်မယ်လို့ ဆိုပါတယ်။
Foxconn က အခဲဘက်ထရီ solid-state battery ကို ထုတ်လုပ်နိုင်ဖို့အတွက်လည်း ကြိုးပမ်းဆောင်ရွက်နေပါတယ်။
တိုင်ဝမ်ကုမ္ပဏီ Foxconn က Yulon နှင့် လက်တွဲပြီး ဖက်စပ်လုပ်ငန်း Foxtron Vehicle Technologies ကို ၂၀၂၀ ပြည့်နှစ်မှာ ထူထောင်ခဲ့ပါတယ်။
အမေရိကန်နိုင်ငံ အိုဟိုင်းအိုပြည်နယ်မှာ တည်ရှိတဲ့ Lordstown Motors Corp ကားစက်ရုံကို ဝယ်ယူခဲ့ပါတယ်။ အမေရိကန်ဈေးကွက်အတွက် ခြေကုပ် ရယူတာလို့ ဆိုပါတယ်။ အီးဗီလုပ်ငန်းသစ် Fisker Inc အတွက် ကန်ထရိုက်ယူပြီး ကားတွေ တပ်ဆင်ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။
အိုဟိုင်းအို ကားစက်ရုံက တစ်နှစ်လျှင် စီးရေ ၅ သိန်းမှ ၆ သိန်းအထိ ထုတ်လုပ်နိုင်တယ်လို့ Liu က ပြောကြားပါတယ်။
တိုင်ဝမ်နိုင်ငံမှာ ထုတ်လုပ်မှုကို Miaoli မှာ တည်ရှိတဲ့ Yulon Motor ကားစက်ရုံမှာ အခြေပြုထားကြောင်း Liu က ပြောကြားပါတယ်။
ထိုင်းနိုင်ငံမှာ ထုတ်လုပ်မှုကို ၂ နှစ်အတွင်း စတင်မှာဖြစ်ပြီး တစ်နှစ်လျှင်စီးရေ ၂ သိန်းအထိ ထုတ်လုပ်ဖို့ လျာထားပါတယ်။
Source autoblog