အီးဗီနှင့် အီးဗီဘက်ထရီ ထုတ်လုပ်ရန် အင်ဒိုနီးရှားမှာ Foxconn ဖက်စပ်လုပ်ငန်း စတင်


အီးဗီနှင့် အီးဗီဘက်ထရီ ထုတ်လုပ်ရန် အင်ဒိုနီးရှားမှာ Foxconn ဖက်စပ်လုပ်ငန်း စတင်

Foxconn သည် အင်ဒိုနီးရှားနိုင်ငံတွင် အီးဗီ နှင့် အီးဗီဘက်ထရီ ထုတ်လုပ်ခြင်းအတွက် ဖက်စပ်လုပ်ငန်းကို စတင်ဖွဲ့စည်းခဲ့ပါသည်။

ယခု အသစ်ဖွဲ့စည်းထားသော လျှပ်စစ်ကား ဖက်စပ်လုပ်ငန်းတွင် Foxconn ၏ ကနဦး ရင်းနှီးမြှုပ်နှံမှုမှာ ဒေါ်လာ ၁.၇၅ သန်းဖြစ်ပြီး ရှယ်ယာ ၄၀ ရာခိုင်နှုန်းကို ရယူမည်ဖြစ်သည်။

Apple ၏ iPhone များ တပ်ဆင်ထုတ်လုပ်သည့် Foxconn ဟု လူသိများသော တိုင်ဝမ်နည်းပညာ လုပ်ငန်းစု Hon Hai Precision Industry က အင်ဒိုနီးရှားမှ ကျောက်မီးသွေးတွင်းလုပ်ငန်း Indika Energy တို့က စက်တင်ဘာလ ၂၃ ရက်တွင် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။ အင်ဒိုနီးရှားတွင် ဘက်ထရီနှင့် လျှပ်စစ်ကားများ ထုတ်လုပ်ရန် အစီအစဉ်အတွက် ဖက်စပ်လုပ်ငန်းအသစ် Foxconn Indika Motor ကို တည်ထောင်ကြောင်း ကြေညာချက်တွင် ဖော်ပြထားပါသည်။

ဖက်စပ်လုပ်ငန်းသစ်ဖြစ်သည့် Foxconn Indika Motor သည် အရှေ့တောင်အာရှ၏ အကြီးဆုံးစီးပွားရေးဖြစ်‌ေသာ အင်ဒိုနီးရှားနိုင်ငံတွင် စီးပွားဖြစ် အီးဗိ ထုတ်လုပ်မှုကို ထူထောင် လည်ပတ်လုပ်ကိုင်သွားမည်။ အင်ဒိုနီးရှား ပြည်တွင်းဖြစ် ပစ္စည်းများ သုံးစွဲမည်ဖြစ်ရာ ထို့အတွက် ဘက်ထရီများ အပါအဝင် ပစ္စည်းပေးသွင်းသည့် စက်မှုလုပ်ငန်းများကိုလည်း ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်သည်ဟု ကြေညာချက်တွင် ဖော်ပြထားပါသည်။

အင်ဒိုနီးရှားနိုင်ငံသည် အီးဗီ ဘက်ထရီများတွင် မရှိမဖြစ်လိုအပ်သော နီကယ်သတ္တုကို ကမ္ဘာ့အများဆုံး ထုတ်လုပ်သည့် နိုင်ငံ ဖြစ်ပါသည်။ သို့ဖြစ်ရာ နီကယ်များ တင်ပို့ခြင်းအစား အီးဗီဘက်ထရီများ ထုတ်လုပ်တင်ပို့သည့် အဆင့်သို့ မြင့်တက်ဖို့ အင်ဒိုနီးရှား အစိုးရက ကြိုးပမ်းဆောင်ရွက်နေပါသည်။ ပြည်တွင်း အီးဗီဘက်ထရီ ထုတ်လုပ်ရေးကဏ္ဍအတွက် ပြည်ပလုပ်ငန်းများကို ဆွဲဆောင်လျက်ရှိသည်။ တရုတ်ဘက်ထရီလုပ်ငန်းစုကြီး Contemporary Amperex Technology (CATL)၊ တောင်ကိုရီးယားမှ LG Energy Solution တို့ အင်ဒိုနီးရှား အီးဗီဘက်ထရီကဏ္ဍမှာ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေကြပြီဖြစ်သည်။ အီးဗီထုတ်လုပ်ရေးကဏ္ဍတွင် တောင်ကိုရီးယားမှ Hyundai Motor က ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေပါသည်။

သားရေ . . .

 

 

ဖက်စပ်လုပ်ငန်းအသစ် Foxconn Indika Motor သည် EV များအတွက် လစ်သီယမ်သံဖော့စဖိတ်ဘက်ထရီများကို တီထွင်ထုတ်လုပ်ရန် ပထမဆုံးအာရုံစိုက်မည်ဖြစ်သည်။ ထို့နောက် လျှပ်စစ်ဘတ်စ်ကားများကဲ့သို့သော လုပ်ငန်းသုံးယာဉ်များ ထုတ်လုပ်ရောင်းချခြင်းကို ချဲ့ထွင်လုပ်ကိုင်မည် ဖြစ်သည်။

အင်ဒိုနီးရှား အစိုးရ၏ ရည်မှန်းချက်သည် ၂၀၃၀ တွင် လျှပ်စစ်ကား ၂ သန်းနှင့် လျှပ်စစ်ဆိုင်ကယ် ၁၃ သန်း လမ်းများပေါ်တွင် ရှိ‌နေရန် ရည်မှန်းထားသည်။
အဆိုပါ ရည်မှန်းချက်ကို အထောက်အကူပြုရန် ဖက်စပ်လုပ်ငန်းအသစ် Foxconn Indika Motor သည် ထိုင်ဝမ်မှ လျှပ်စစ်စကူတာထုတ်လုပ်ရေးလုပ်ငန်း Gogoro နှင့် အင်ဒိုနီးရှား အစိုးရပိုင် Indonesia Battery Corporation တို့နှင့်အတူ ပူးပေါင်းလုပ်ကိုင်သွားမည်ဖြစ်သည်။
ထိုသို့ ပူးပေါင်းဆောင်ရွက်မှုများတွင် ဘက်ထရီ ထုတ်လုပ်ခြင်းနှင့် ဘက်ထရီအဟောင်းများ ပြန်လည်အသုံးပြုခြင်း၊ ဘက်ထရီ လဲလှယ်ရေး စခန်းများနှင့် လျှပ်စစ်ဆိုင်ကယ်များ၊ လျှပ်စစ်ကားများနှင့် လျှပ်စစ် ဘတ်စ်ကားများ ထုတ်လုပ်ခြင်းတို့ ပါဝင်သည်။

Indika က ၂၀၂၂ ဧပြီလတွင် လျှပ်စစ်မော်တော်ဆိုင်ကယ် ထုတ်လုပ်ရန် Ilectra Motor Group ကို ထူထောင်ခဲ့ပါသည်။ ၎င်းလုပ်ငန်းစုတွင် Indika နှင့်အတူ အင်ဒိုနီးရှားမှ အရဲစွန့် ရင်းနှီးမြှုပ်မှုလုပ်ငန်း Alpha JWC Ventures နှင့် ဟောင်ကောင်အခြေစိုက် Horizons Ventures တို့ ပါဝင်ကြပါသည်။ ဩဂုတ်လတွင် Ilectra သည် Alva One အမှတ်တံဆိပ်ဖြင့် e-Scooter ကို  စတင်ထုတ်လုပ်ခဲ့ပါသည်။
Source Asia Nikkei 
#MyanmarAutomobileGuide 
To join Telegram Channel  https://t.me/Guid4U

Read 212 times