ကမ္ဘာပေါ်တွင်အားကစားအမျိုးအစားပေါင်းမြောက်မြားစွာရှိပါသည်။
သို့သော်မည့်သည့်ကစားနည်းမဆိုတစ်ဖက်အသင်းကိုသန့်သန့်ရှင်းရှင်း၊မျှမျှတတနှင့်အသာရအောင်ယှဉ်ပြိုင်ရပါသည်။
အားကစားနည်းများမတူသည့်အတွက်ယှဉ်ပြိုင်ရန်လိုအပ်သည့်အရည်အချင်းများမှာလည်းကွဲပြားသွားပါသည်။
ဘောလုံးပြိုင်ပွဲများတွင်တစ်ဦးတစ်ယောက်ချင်းထက်အသင်းလိုက်စုစည်းအားမှာပိုအရေးကြီးပါသည်။
ဂေါက်ရိုက်သည့်အခါတွင်စိတ်တည်ငြိမ်မှုနှင့်ကျွမ်းကျင်မှုလိုအပ်ပါသည်။
တာဝေးအပြေးသမားဆိုပါကလေ့ကျင့်မှု၊ သက်လုံနှင့်ဇွဲတို့ကအရေးပါပါသည်။
စစ်တုရင်ထိုးသည့်အခါတွင်အကွက်မြင်မှုနှင့်အာရုံစူးစိုက်မှုကစကားပြောပါသည်။
ကျွမ်းကျင်မှုနှင့်ရဲရင့်မှုလိုအပ်သည့်အားကစားနည်းတစ်ခုမှာဖော်မြူလာဝမ်းကားမောင်းပြိုင်ပွဲဖြစ်ပါသည်။
အသည်းတလှပ်လှပ်၊ ရင်တမမစောင့်ကြည့်ရသည့်ယင်းဖော်မြူလာဝမ်းကားမောင်းပြိုင်ပွဲများသည်ယခုအချိန် တွင်ကမ္ဘာအနှံမှပရိသတ်၏အာရုံကိုမလွတ်တမ်းဖမ်းစားထားနိုင်သည်ကိုတွေ့ရပါသည်။
Formula 1 သို့မဟုတ် F1 ဟုခေါ်သည့်ကားမောင်းပြိုင်ပွဲကို Federation International de I’Automobile(FIA) မှ ကြီးမှုးကျင်းပနေပါသည်။
လမ်းပေါ်မောင်းသည့်ပြိုင်ကားများထဲတွင်အမြန်ဆုံးဖြစ်သည့်ဖော်မြူလာဝမ်းပြိုင်ပွဲသည်အမှတ်ပေးဘောလုံးပြိုင်ပွဲများကဲ့သို့လနှင့်ချီယှဉ်ပြိုင်ရခြင်းဖြစ်ပြီး ကမ္ဘာ့အနှံမှ F1 ကားပြိုင်ကွင်း သို့မဟုတ် အများပြည်သူသုံးလမ်းမပေါ်တွင် ကျင်းပရခြင်းမျိုးဖြစ်ပါသည်။
ဖော်မြူလာဝမ်းတစ်ရာသီတွင်ပြင်သစ်ကဲ့သို့ဆုကြီးကြီးများကဲ့သို့အဓိပ္ပာယ်ရသည့် Grand Prix ပြိုင်ပွဲအများကြီးရှိပါသည်။
ယင်း Grand Prix ပြိုင်ပွဲတစ်ခုချင်းစီကိုမှအမှတ်ပေးစနစ်ကျင့်သုံးဖြစ်သောကြောင့် ရာသီအကုန်တွင်အမှတ်အများဆုံးရသူမှာဖော်မြူလာဝမ်းကမ္ဘာချန်ပီယံဆုကိုသိမ်းပိုက်မည်ဖြစ်ပါသည်။
ချီးမြှင့်သည့်ဆုအမျိုးအစားနှစ်မျိုးရှိမည်ဖြစ်ပြီးတစ်ခုမှာကားမောင်းသမားအတွက်ဖြစ်ပြီးနောက်တစ်ခုမှာပြိုင်ကားအသင်းအတွက်ဖြစ်ပါသည်။
ကားမောင်းသမားအတွက်ဆုကို ၁၉၅၀ ပြည့်နှစ်တွင်စတင်ချီးမြှင့်ခဲ့ပြီး အီတလီနိုင်ငံသား Giuseppe Farina မှစတင်ဆွတ်ခူးခဲ့ပါသည်။
ပြိုင်ကားအသင်းများအတွက် ဆုကို ၁၉၅၈ ခုနှစ်ရောက်မှစတင်ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ဗြိတိန်နိုင်ငံအခြေစိုက် Vanwall ကုမ္ပဏီမှရရှိခဲ့ပါသည်။
ပြိုင်ပွဲဝင်ကားတည်ဆောက်သည့်ကုမ္ပဏီကိုဆုပေးခြင်းဖြစ်သောလည်းအားလုံးကကုမ္ပဏီနာမည်နှင့်သာအသင်းထောင်ကြတာများပါသည်။
ပြိုင်ကားသမားတစ်ယောက်အနေဖြင့် FIA မှထုတ်ပေးသည့်အမြင့်ဆုံးလိုင်စင်ဖြစ်သည့် Super Licence ရှိမှသာပြိုင်ပွဲဝင်လို့ရမည်ဖြစ်သည်။
Grand Prix ပြိုင်ပွဲလက်ခံကျင်းပသည့်ပြိုင်ကားကွင်းများ၏ကားပတ်လမ်းကြောင်းများမှာလည်း FIA မှချမှတ်ထားသည့်စံချိန်၊ စံနှုန်းများနှင့်ကိုက်ညီရန်လိုအပ်ပါသည်။
ပြိုင်ပွဲအများစုကိုကျေးလက်ဒေသတွင်ပြိုင်ကားမောင်းရန်တမင်ဆောက်ထားသည့်ပြိုင်ကွင်းများတွင် ကျင်းပခြင်းရှိသကဲ့သို့မြို့တွင်းတွင်ကျင်းပခြင်းလည်းရှိပါသည်။
ပြိုင်ပွဲတွင်ပြိုင်ကားများအနေဖြင့်တစ်နာရီကိုမိုင်၂၂၀နှုန်းအထိပဲအရှိန်မြှင့်တင်နိုင်ပြီးအင်ဂျင်တစ်မိနစ်လည်နှုန်းအများဆုံး15,000RPM အထိရှိသည့်အင်ဂျင်များကိုသာကန့်သတ်ပြိုင်ပွဲဝင်စေပါသည်။
စီးရီးအလိုက်ကျင်းပသည့်ဖော်မြူလာဝမ်းကားပြိုင်ပွဲ၏ မူလဘူတမှာ ၁၉၂၀ ပြည့်လွန်နှစ်နှင့် ၁၉၃၀ ပြည့်လွန်နှစ်များတွင်ကျင်းပခဲ့ကြသည့် ဥရောပဂရင်းပရီမော်တော်ပြိုင်ပွဲ ဟုဆိုပါသည်။
ပြိုင်ပွဲတစ်ခု၏ထုံးစံအတိုင်းအစပိုင်းတွင်လိုအပ်ချက်အများကြီးဖြစ်သောကြောင့် ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၆ ခုနှစ်တွင်စည်းမျဉ်းဥပဒေသစ်ပြဌာန်းရန်သဘောတူခဲ့ကြပါသည်။
သို့သော် ၁၉၄၇ ခုနှစ်မတိုင်မီအထိတိကျသေချာသည့်ပြိုင်ပွဲစည်းကမ်းကို တရားဝင်မထုတ်ပြန်နိုင်ခဲ့ကြပါသည်။
ပြိုင်ပွဲစည်းကမ်းကိုချမှတ်ပြီး သုံးနှစ်အကြာ ၁၉၅၀ ပြည့်နှစ်ကျမှကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲ့ကို ကျင်းပနိုင်ခဲ့ပါသည်။
ယင်းပွဲတွင် Alfa Romeo ကားကိုမောင်းပြီး ပြိုင်ပွဲဝင်ခဲ့သည့် Giuseppe Farina ကဗိုလ်စွဲခဲ့ပါသည်။
ပြိုင်ပွဲကျင်းပရာနေရာမှာ ဗြိတိန်နိုင်ငံမှ Silverstone ပြိုင်ကားကွင်းဖြစ်ပါသည်။
ယင်းနောက်ပိုင်းတွင်ပွဲကြည့်ပရိသတ်နှင့်ပြိုင်ကားသမားများအသက်အန္တရာယ်လုံခြုံရေးအတွက်ပြိုင်ကွင်း၊ ပြိုင်ကားနှင့်ပြိုင်ပွဲဝင်စည်းကမ်းများကိုတင်းကြပ်ခဲ့ပါသည်။
၁၉၆၀ပြည့်လွန်နှစ်များတွင်ပြိုင်ကားသမားများအနေဖြင့်ယာဉ်မတော်တဆမှုဖြစ်ပွားပါကအကာအကွယ်ပေးနိုင်ရန်ပြိုင်ကားဦးထုပ်နှင့်ပြိုင်ပွဲဝင်ဝတ်စုံကိုမဖြစ်မနေဝတ်ဆင်ရန် ဥပဒေပြဌာန်းပေးခဲ့ပါသည်။
အသက်အန္တရာယ်ကိုသေမင်းဆီဝကွက်အပ်ပြီးယှဉ်ပြိုင်ရသည့်ပြိုင်ပွဲဖြစ်သောကြောင့်လုံခြုံရေးအဆင့်အတန်းဘယ်လောက်မြင့်မြင့် ယာဉ်မတော်တဆမှုကြောင့်ထိခိုက်ဒဏ်ရာနှင့် အသက်ဆုံးရှုံးမှုတွင်မလွဲမသွေရှိခဲ့ပါသည်။
သို့သော်တစ်ကမ္ဘာလုံး၏စိတ်ဝင်စားမှုမှာတော့မြင့်တက်နေဆဲဖြစ်ပါသည်။