အီးယူဈေးကွက်အတွက် အီးဗီမော်ဒယ် ၇ မျိုး Ford  ထုတ်လုပ်မည်


အီးယူဈေးကွက်အတွက် အီးဗီမော်ဒယ် ၇ မျိုး Ford  ထုတ်လုပ်မည်


ဥရောပမှာ လျှပ်စစ်မော်တော်ယာဉ် သုံးစွဲရေးကို အစိုးရတို့က တွန်းအားပေးနေချိန်မှာ Ford Motor  က ဥရောပဈေးကွက်အတွက် အီးဗီမော်ဒယ် ၇ မျိုး ထုတ်လုပ်သွားမှာ ဖြစ်ပြီး လူကြိုက်များတဲ့ အပြည့်အဝလျှပ်စစ်ကား ခရော့အိုဗာ အငယ်စားမော်ဒယ် Puma လည်း ပါဝင်ပါတယ်။

 

 

အပြည့်အဝ လျှပ်စစ်ကားမော်ဒယ် ၇ မျိုးမှာ ၃ မျိုးက အိမ်စီးကားမော်ဒယ် အသစ်များ ဖြစ်ပြီး ကျန် ၄ မျိုးက ဗင်ကားတွေ ဖြစ်ပါတယ်။ ၂၀၂၄ မှာ စတင်ရောင်းချမယ်လို့ မတ်လ ၁၄ ရက်မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ 

အရင်ဆုံး ထုတ်မယ့် အီးဗီကာ အလယ်အလတ်အရွယ်အစား ခရော့အိုဗာ ဖြစ်ပြီး ဂျာမနီနိုင်ငံ ကိုလုံမြို့မှာ တည်ရှိတဲ့ Ford Motor ရဲ့ ကားစက်ရုံမှာ ထုတ်လုပ်မယ်လို့ ဆိုပါတယ်။ Volkswagen Group ရဲ့ VW ID4 ကားမော်ဒယ် ထုတ်လုပ်တဲ့ MEB electric platform ကို အသုံးပြုပြီး ထုတ်လုပ်မှာ ဖြစ်ပါတယ်။ 
အားအပြည့်သွင်းပြီးရင် ခရီးတာ ၅၀၀ ကီလိုမီတာ( ၃၁၁ မိုင်) သွားနိုင်မယ့် လျှပ်စစ်ခရော့အိုဗာ ဖြစ်ပါတယ်။ မော်ဒယ်အမည်ကို ၂၀၀၂ အနှောင်းပိုင်းမှာ ထုတ်ပြန်ကြေညာပေးမှာ ဖြစ်ပြီး ထုတ်လုပ်မှုကိုတော့ ၂၀၂၃ မှာ စတင်မယ်လို့ Ford က ပြောကြားပါတယ်။ 

 


ဒုတိယတစ်စီးကိုလည်း ကိုလုံမြို့ရှိ Ford Motor ရဲ့ ကားစက်ရုံမှာ ထုတ်လုပ်မှာ ဖြစ်ပြီး "sports crossover"  ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။ ၂၀၂၄ ခုနှစ်မှာ စတင်ထုတ်လုပ်ဖို့ စီစဉ်နေပြီး MEB ပလက်ဖောင်းဖြင့် အခြေပြု ထုတ်လုပ်ဖို့ မျှော်မှန်းထားပါတယ်။ 

စက်ရုံအနေဖြင့် ၆ နှစ်တာ ကာလအတွင်း ကားမော်ဒယ်များကို စုစုပေါင်း စီးရေ ၁.၂ သန်း ထုတ်လုပ်မှာ ဖြစ်ပါတယ်။ 
ယခုလို အီးဗီထုတ်လုပ်ဖို့ စက်ရုံမှာ အမေရိကန်ဒေါ်လာ ၂ ဘီလျံ ရင်းနှီးမြှုပ်နှံမယ်လို့ Ford  က ပြောကြားပါတယ်။ ရင်းနှီးမြှုပ်နှံမှုမှာ ဘက်ထရီ ထုတ်လုပ်မှု ၂၀၂၄ မှာစတင်မယ့် အစီအစဉ်လည်း ပါဝင်ပါတယ်။ 

Puma  အပြည့်အဝလျှပ်စစ်ကား ခရော့အိုဗာကို ၂၀၂၄ မှာ စတင်ထုတ်လုပ်မှာ ဖြစ်ပြီး ရိုမေးနီးယားနိုင်ငံ ကရာရိုဗာမြို့ရှိ Ford  စက်ရုံမှာထုတ်လုပ်မယ်လို့ ဆိုပါတယ်။ ၎င်းစက်ရုံမှာ Transit Courier နှင့် Tourneo Courier  လျှပ်စစ်ဗင်ကား မော်ဒယ်အသစ်များကို ၂၀၂၃ မှာ စတင်ထုတ်လုပ်မှာ ဖြစ်ပါတယ်။ အဆိုပါဗင်ကားများကို ယခုအခါ တူရကီနိုင်ငံမှာ ထုတ်လုပ်ပါတယ်။ 

ရောင်းအားကို ၂၀၂၆ မှာ လျှပ်စစ်ကားစီးရေ ၆၀၀,၀၀၀ ကျော် ရောင်းချရဖို့ Ford  က မျှော်မှန်းထားပါတယ်။ 

 

 

Read 605 times