နှစ်ပေါင်း ၁၁၀ ပြည့်ခဲ့ပြီဖြစ်တဲ့ Ford Model T ကားများ


၂ဝ၁၈ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့ဟာဆိုရင် Ford Model T ကားတွေ ဈေးကွက်တင်ခဲ့တာ နှစ်ပေါင်း (၁၁ဝ) ရှိသွားပြီဖြစ်ပါတယ်။

မော်တော်ကားတွေကို တီထွင်ခဲ့တာ ၁၈၈၅ခုနှစ်ဝန်းကျင်ဆိုပေမယ့် လူကုံထံတွေသာ စီးနင်းနိုင်ခဲ့တာပါ။

မော်တော်ကားဈေးတွေ ကြီးမြင့်နေတာကြောင့် လူတိုင်းဝယ်စီးနိုင်ဖို့ မဖြစ်နိုင်သေးပါဘူး။ ဒါ့ကြောင့် ၁၉ဝ၈ခုနှစ် ရောက်တဲ့အထိ တစ်ကမ္ဘာလုံးမှာ မော်တော်ကားအစီးရေ နှစ်ထောင်မပြည့်သေးပါဘူး။

စွန့်ဦးတီထွင်သူကြီး Henry Ford ဟာလည်း ၁၉ဝ၃ခုနှစ်မှာ Ford Motor Company ကို တည်ထောင်ပြီး နှစ်ဆယ်ရာစုရဲ့ မော်တော်ကားဈေးကွက်ကို ဦးဆောင်ခဲ့သူပါ။

အဲဒီခေတ်တုန်းက မော်တော်ကားတွေ ရှားပါးလွန်းလို့ လူတိုင်းငေးကြည့်ရတဲ့အထိပါ။

တချို့ ရှေးရိုးစွဲတွေဆိုရင် မော်တော်ကားကြီးကို နာနာဘာဝထင်ပြီးတော့ လန့်ကြတဲ့အထိကို ဖြစ်ကြပါတယ်။

လူကုံထံတွေသာ စီးနိုင်တဲ့ မော်တော်ကားဈေးကွက်ကို လှုပ်ခတ်ခဲ့တာက Ford Model T ပါပဲ။ ၁၉ဝ၈ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့မှာ စတင်ရောင်းချခဲ့တယ်။

(၈၂၅) ဒေါ်လာနဲ့ စတင်ရောင်းချခဲ့ပြီး သာမန်လူလတ်တန်းစားတွေအထိ ဝယ်ယူနိုင်ပါတယ်။ ဒီနေ့ခေတ် ငွေကြေးပေါက်ဈေးနဲ့ဆို ၂၂,၄၇၁ ဒေါ်လာနီးပါး ရှိပါတယ်။

ဒါ့အပြင် Ford Motor Company ဟာ ကမ္ဘာအနှံမှာ စက်ရုံတွေ ဖွင့်လှစ်ထားတဲ့အတွက် တင်ပို့တဲ့အခါမှာ သယ်ဆောင်ခ ထပ်ပေးစရာမလိုတော့ပါဘူး။

နှစ်ဆယ်ရာစုရဲ့အစောပိုင်းကာလတွေမှာ လူကြိုက်များတဲ့အတွက် အစီးရေး (၁၅) သန်းနီးပါး ထုတ်လုပ်ခဲ့ရပါတယ်။

နှစ်ဆယ့်တစ်ရာစုမော်တော်ကားတွေနဲ့ နှိုင်းယှဉ်ရင် စွမ်းဆောင်ရည်ကွာဟခဲ့ပြီး မြင်းကောင်ရေအား (၂ဝ) နဲ့ တစ်နာရီ မိုင် (၄ဝ) အထိသာ သွားနိုင်ပါတယ်။

၁၉၂၇ခုနှစ်အထိ ထုတ်လုပ်ခဲ့ရပြီး မော်ဒန်ကားလောကရဲ့ စံပြမော်ဒယ်တစ်ခုဖြစ်ပါတယ်။

ဒါ့ကြောင့် ၁၉၉၉ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ Car of the Century ပြိုင်ပွဲမှာ Ford Model T ဟာ BMC Mini ၊ Citroën DS နဲ့ Volkswagen Type 1 တို့ကို ကျော်ဖြတ်ပြီး နှစ်ဆယ်ရာစုရဲ့ လွှမ်းမိုးမှုအရှိဆုံးမော်တော်ကားအဖြစ် သတ်မှတ်ခံရပါတယ်။

Read 482 times