မောင်းသူမဲ့ကားတွေကိုထိန်းချုပ်နိုင်မယ့် နည်းပညာကို Ford မူပိုင်ခွင့်ရရှိ


မောင်းသူမဲ့ကားတွေဟာ အနာဂတ်တချိန်မှာ စတီယာရင်ဘီးကို လုံးဝဖြုတ်ပစ်နိုင်တဲ့အထိ စိတ်ချယုံကြည်ရလောက်တဲ့ နည်းပညာတွေ ဖြစ်လာနိုင်ပါတယ်။ 

ဒါပေမယ့် အရေးအကြောင်းရှိလို့ ကားကို ကိုယ်တိုင် ထိန်းချုပ်လိုတဲ့အခါကော ဘယ်လိုလုပ်ကြမလဲ။ ဒီလိုပြဿနာမျိုးကို ဖြေရှင်းနိုင်မယ့် နည်းပညာတခုကို Ford က ကြိုတင်စဉ်းစားထားပါတယ်။

မကြာသေးမီကတင် Ford ဟာ အလိုအလျောက်မောင်းနှင်းနိုင်တဲ့ ကားတစီးကို Touchscreen ပါတဲ့ Device တခုကနေ Driving Mode နှစ်မျိုးနဲ့ ထိန်းချုပ်နိုင်တဲ့ နည်းပညာတမျိုးကို U.S မှာ မူပိုင်ခွင့်ရရှိသွားခဲ့ပါတယ်။

ပထမ Mode ကတော့ Real Racing 3 လိုမျိုး မိုဘိုင်းကားမောင်းဂိမ်းတွေကအတိုင်း ဖုန်းကို တိမ်းစောင်းပြီး ကားကို ထိန်းချုပ်မောင်းနှင်နိုင်တဲ့ စနစ်တခုပါ။ ဖုန်းရဲ့ Accelerometer နဲ့ Gyroscope ဆန်ဆာတို့ကို အသုံးပြုပြီး၊ ကားရဲ့ ရှေ့ဘီးတွေကို ဖုန်းနဲ့တင် ဂိမ်းကစားသလို ထိန်းချုပ်နိုင်မယ့် စနစ်ဖြစ်ပါတယ်။

Ford မူပိုင်ခွင့်မှာပါတဲ့ ဒုတိယ Mode ကလည်း ဖုန်းဂိမ်းတွေအတိုင်းပါပဲ။ ကားရဲ့ လက်ရှိရှေ့ဘီးအနေအထားနဲ့ ဖုန်း Control နဲ့ကို ကိုက်ညီအောင် Sync လုပ်ပေးဖို့ အရင်လိုအပ်ပါလိမ့်မယ်။ ပြီးရင် ဖုန်းscreen ပေါ်မှာ ကား စတီယာ ရင်ဘီးပုံ ပေါ်လာမှာဖြစ်ပြီး၊ screen ကနေတင် လက်ချောင်းအသုံးပြုပြီး ကားကို ထိန်းချုပ်မောင်းနှင်နိုင်မှာဖြစ်ပါတယ်။

အဆိုပါစနစ်နှစ်မျိုးစလုံးမှာ ပိုင်ရှင်က ကားကို အပြည့်အဝ ထိန်းချုပ်စရာမလိုဘဲ မြန်နှုန်း၊ ဘရိတ်နဲ့ တခြားစနစ်တွေကို မောင်းသူမဲ့ကားကပဲ ထိန်းချုပ်ပေးမှာဖြစ်ပြီး၊ လူက ဦးတည်ရာလောက်ပဲ ထိန်းချုပ်ရမှာဖြစ်ပါတယ်။

ဒီစနစ်ဟာ ကားကို လမ်းကြောင်းပြောင်းဝင်ချင်အခါ၊ ဒါမှမဟုတ် ကားစနစ်က မသိရှိနိုင်တဲ့ သီးသန့်နယ်မြေဧရိယာ တွေမှာ သွားလာတဲ့အခါ အသုံးဝင်နိုင်လိမ့်မယ်လို့ Autoblog က ဆိုပါတယ်။

Gyroscope နဲ့ Accelerometer ဆန်ဆာပါဝင်တဲ့ Device တိုင်းမှာ ယခုနည်းပညာကို အသုံးချနိုင်မှာဖြစ်ပြီး၊ ကားနဲ့ ဆက်သွယ်ဖို့ကိုတော့ ကြိုး ဒါမှမဟုတ် ကြိုးမဲ့ချိတ်ဆက်နည်းစနစ် Protocol တွေကို အသုံးပြုသွားမှာဖြစ်ပါတယ်။ ဖုန်းနဲ့ ကားချိတ်ဆက် Paring လုပ်ဖို့ကိုတော့ MAC Addresses ၊ IMEI နံပါတ်၊ IP နံပါတ်နဲ့ အီးမေးလ်လိပ်စာ စသဖြင့် အမျိုးမျိုး အသုံးချနိုင်မှာပါ။

လောလောဆည်တော့ ယခုနည်းပညာဟာ အိုင်ဒီယာအကြမ်းထည်လောက်သာရှိသေးပြီး၊ Ford ကိုယ်တိုင်ကလည်း ဘယ်လို လက်တွေ့အသုံးချနိုင်မလဲဆိုတာ စဉ်းစားရသေးပုံ မပေါ်သေးပါဘူး။

ဒါပေမယ့် မောင်းသူမဲ့ကားတွေဟာ ဘယ်လောက်ပဲ စိတ်ချယုံကြည်ရတယ်ဆိုစေကာမူ၊ လူကိုယ်တိုင်က ဝင်ရောက်ထိန်းချုပ်လိုတဲ့ အခြေအနေမျိုးက မလွှဲမရှောင်သာ ရှိလာမှာဖြစ်တဲ့အတွက် Ford ရဲ့ နည်းစနစ်ကလည်း ကောင်းမွန်တဲ့အဖြေတခု ဖြစ်လာနိုင်ပါတယ်။

irrawaddy

Read 410 times