Ford Fusion နှင့် Mercury Milan ကားအမျိုးအစားများ ဘရိတ်စနစ်ချွတ်ယွင်းမှုနှင့် ပတ်သက်၍ စစ်ဆေး


အမေရိကန်အစိုးရအနေဖြင့် Ford Fusion နှင့် Mercury Milan ကားအမျိုးအစားအချို့တွင် ဘရိတ်ခြေနင်းများ ဖိအားလျော့ကျကာ ရုတ်တရက်ယာဉ်ရပ်တန့်ရန် အခက်အခဲရှိနိုင်သည့်အတွက် လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်းသိရသည်

မညီညာသည့် လမ်းမများပေါ်၊ သို့မဟုတ် ချော်နေသည့်မျက်နှာပြင်များတွင် ယာဉ်မောင်းနှင်သည့်အခါ ဘရိတ်ခြေနင်းပြားမှာ ဖိအားလျော့ပြီး ကားဘရိတ်အုပ်ရန်အဆင်မပြေဖြစ်နိုင်ကာ လတ်တလောဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုသုံးမှုမှာလည်း အဆိုပါ ဘရိတ်စနစ်ချွတ်ယွင်းမှုကြောင့် ဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။

ယင်းပြသနာနှင့်ပတ်သက်၍ NHTSA သို့တိုင်ကြားမှုပေါင်း ၁၄၁ မှုအထိရှိကာအချို့မှာ မီးပွိုင့်တွင် မီးနီ၍ ရပ်တန့်စဉ်ဘရိတ်မမိခြင်းကြောင့် မီးစိမ်းနေသည့် ယာဉ်ကြောထဲသို့ရောက်ရှိသွားခဲ့သည်ဟုသိရသည်။

အမေရိကန်အစိုးရမှ ဦးဆောင်စစ်ဆေးသွားမည့် ဘရိတ်စနစ်ပြသနာရှိနေသော ကားအမျိုးအစားများမှာ ၂၀၀၇ ခုနှစ် ၂၀၀၉ ခုနှစ်အကြားထုတ်လုပ်ခဲ့သည့် Ford Fusion နှင့် Mercury Milan ကားအမျိုးအစားများဖြစ်ကြပြီး စစ်ဆေးမှုလိုအပ်သည့် ကားအစီးရေအနေဖြင့် ၄၇၅,၀၀၀ စီးခန့်ရှိနိုင်သည်ဟု NHTSA မှ ခန့်မှန်းပြောကြားခဲ့သည်။

အဆိုပါစစ်ဆေးမှုအစီအစဉ်တွင် ယင်းကားအမျိုးအစားအစီအစဉ်တွင် ယင်းကားမိုဒယ်နှစ်မျိုးစလုံးအားထုတ်လုပ်ခဲ့သည့် ကုမ္ပဏီများမှ တာဝန်ရှိသူများပူးပေါင်းပါဝင်မည်ဖြစ်သည်။

Ford Fusion နှင့် Mercury Milan ကားများမှာ ပေါက်ကွဲစေနိုင်သည့် Takata လေအိတ်ပြဿနာကြောင့်ယင်းလေအိတ်များကို ဖယ်ရှားရန်အကြီးအကျယ်ပြန်လည်ခေါ်ယူခံခဲ့ရသည့် ကားအမျိုးအစားများတွင် အပါအဝင်ဖြစ်ခဲ့ဖူးကြောင်းသိရသည်။

Read 1001 times