Ford  F-150 Lightning ပစ်ကပ် အရောင်းကိုယ်စားလှယ် ဈေး ၂ ဆ တင်‌ရောင်း


Ford  F-150 Lightning ပစ်ကပ် အရောင်းကိုယ်စားလှယ် ဈေး ၂ ဆ တင်‌ရောင်း


အမေရိကန်နိုင်ငံ ဖလော်ရီဒါမှ Ford အရောင်းကိုယ်စားလှယ် Gary Smith Ford က ပစ္စည်းစုံ F-150 Lightning ပစ်ကပ်ထရပ် ရောင်းဈေးကို $140,603 လို့ ဈေးနှုန်း ကပ်ထားပါတယ်။ Ford မှ ထုတ်လုပ်တဲ့ F-150 Lightning ပစ်ကပ်အတွက် ထုတ်လုပ်သူအကြံပြု ရောင်းဈေး Manufacturer Suggested Retail Price (MSRP) က $71,049 ဖြစ်ပါတယ်။ 

 Gary Smith Ford က မျိုးမျိုးမြက်မြက် အမြတ် $69,554 ကို ဈေးကွက်ဝယ်လိုအား ကောင်းနေတဲ့အလျောက် ဈေးတင်ထားပါတယ်။ Market Adjustment လို့ အမည်တပ်ပြီး $69,554 ကို စာရင်းပေါင်းထည့်ထားပါတယ်။ MSRP ဈေးနှုန်းရဲ့  နှစ်ဆနီးပါး ဖြစ်ပါတယ်။

 


 
Ford က အရောင်းကိုယ်စားလှယ် ဈေးတင်ရောင်းတာကို အမြဲတစေ ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။
F-150 Lightning ကဲ့သို့သော လူကြိုက်များသော လျှပ်စစ်ကားများအတွက် အရောင်းကိုယ်စားလှယ်များက ငွေပိုမကောက်ခံသင့်ကြောင်း ပြီးခဲ့သည့်လများအတွင်း Ford က ရှင်းရှင်းလင်းလင်း အသိပေးထားပါတယ်။
စီအီးအို Jim Farley ကိုယ်တိုင်ကလည်း ဈေးတင်ရောင်းတာကို ပြင်းပြင်းထန်ထန် ရေးသားထားတဲ့ စာကို ထုတ်ပြန်ခဲ့ပါတယ်။ လျှပ်စစ်ပစ်ကပ်ထရပ် အားလုံး မတန်တဆ ဈေးတင်ရောင်းရင် နောက်ဆက်တွဲ အကျိုးဆက်ကို ရင်ဆိုင်ရမယ်လို့ သတိပေးထားပါတယ်။

dealer franchise ဥပဒေကြောင်းအရ ကားအရောင်းကိုယ်စားလှယ်တွေမှာ ဈေးတင်ရောင်းခွင့် ရှိတာကြောင့် Ford အနေဖြင့် ဥပဒေကြောင်းအရ တားဆီးလို့ မရပါဘူး။ 
များသောအားဖြင့် ပေါ်ဦးပေါ်ဖျားမှာ ဆောလျင်စွာ ကားကို ရချင်လို့ ဈေးပိုပေးပြီး ဝယ်လေ့ဝယ်ထ ရှိပါတယ်။ တန်းစီဇယားအရ စောင့်ရင် လပိုင်းက‌နေ ၁ နှစ် ၂ နှစ် ၃ နှစ် အထိ ကြာမြင့်ပါတယ်။

သရုပ်ပြအဖြစ် နမူနာပေးပို့တဲ့ကားက အရောင်းကိုယ်စားလှယ်ဆီကို အစောဆုံး ရောက်ပါတယ်။ နမူနာ သရုပ်ပြ ဒီမို demo ကားကို ရောင်းခွင့် မပြုပါဘူး။ Ford မှာ တားပိုင်ခွင့် ရှိပါတယ်။ ရောင်းချခံရင် ဒဏ်ကြေး $25,000 ပေးဆောင်ရမယ်လို့ Ford က သတိပေးထားပါတယ်။
တန်းစီဇယားမှာ အလှည့်ကျော်ပေးပြီး ငွေတောင်းခံရင်လည်း Ford မှာ မသမာမှုဖြင့် အရေးယူပိုင်ခွင့် ရှိပါတယ်။
ဈေးတင်ရောင်းတာကိုတော့ တားပိုင်ခွင့် မရှိပါဘူး။


ယခင်လက ကယ်လီဖိုးနီးယားမှ အရောင်းကိုယ်စားလှယ်တစ်ဦးက $130,000 ဈေးပိုတင်ပြီး Lighting ပစ်ကပ်အချို့ကို ရောင်းချခဲ့ပါတယ်။

Ford က ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ စီးရေ ၂ သိန်း ကြိုတင်အမှာစာ ရထားပြီးချိန်မှာ အမှာစာ လက်ခံတာကို ရပ်ထားလိုက်ပါတယ်။ မှာကြားသူများအနေဖြင့် အကြာကြီး စောင့်ကြရမှာ ဖြစ်နေလို့ ရပ်ထားလိုက်တာ ဖြစ်ပါတယ်။ ကံမကောင်း အကြောင်းမလှရင် ၃ နှစ်ကျော်အထိ စောင့်ရနိုင်ပါတယ်။
အဲဒါကြာင့် Lightning ကို ဈေးပိုပေးပြီး ဝယ်စီးရတာကို တန်တယ်လို့ ယူဆကြပါတယ်။

အခြေခံမော်ဒယ် base model ရဲ့ မူရင်းဈေးနှုန်း က $32,474 ဖြစ်ပါတယ်။ လျှပ်စစ်ကားစစ်စစ် ဖြစ်လို့ ပြည်ထောင်စုအခွန်ထောက်ပံ့ကြေး ရရှိတာကို နုတ်ပယ်ထားပြီးသား ဈေးနှုန်း ဖြစ်ပါတယ်။ 
အခြေခံမော်ဒယ် ဖြစ်ပေမဲ့ 12" infotainment screen ပါတယ်။ LED ရှေ့မီးကြီးတွေပါတယ်။ 98 kWh ဘက်ထရီတပ်ပေးထားတယ်။ ပါဝါက မြင်းကောင်ရေ ၄၅၂ ရှိတယ်။ 
$69,525 ရောင်းဈေးရှိတဲ့ အင်ဂျင်ကား F-150 Raptor ထက် ပါဝါပိုများတယ်။ ပစ္စည်းပိုစုံတယ်။
ဒီတော့ Lightning ကို ဈေးပိုပေးရတာ တန်တယ်လို့ ယူဆကြတာ သဘာဝကျပါတယ်။
ယခုအခါ အမေရိကန်မှာ ဓာတ်ဆီတစ်ဂါလံ ၅ ဒေါ်လာအထက်ကို ရောက်နေတယ်။ သမိုင်းတစ်လျှောက် အမြင့်ဆုံးလို့ ဆိုကြတယ်။ စက်သုံးဆီ ဈေးမြောက်နေချိန်မှာ ဘက်ထရီလျှပ်စစ်ကား ဝယ်စီးရတာ ကုမ္ပဏီ အကြံပြု လက်လီဈေးထက် ပိုပေးရလည်း တန်နေတယ်။ နှစ်ချီကြာအောင် စောင့်ရဦးမှာထက် ချက်ချင်း လက်ငင်း လက်ထဲ ရောက်လာမှာမို့ ဈေးပိုပေးရတာ အကြောင်းမဟုတ်ဘူးလို့ ယူဆကြပါတယ်။

 #MyanmarAutomobileGuide

Read 3969 times