Ford ရဲ့ ကားစက်ရုံသစ်များ


အမေရိကန်နိုင်ငံမှ ကားထုတ်လုပ်ရေးလုပ်ငန်း Ford Motor Co. နဲ့ တောင်ကိုရီးယားမှ SK Innovations  တို့ အမေရိကန်ဒေါ်လာ ၁၁.၄ ဘီလျံ ရင်းနှီးမြှုပ်နှံပြီး လျှပ်စစ်ကားထုတ်လုပ်ဖို့  ကြီးမားတဲ့စက်ရုံဝင်းကျယ်ကြီးတွေထဲမှာ စက်ရုံအသစ်တွေ တည်ဆောက်မှာဖြစ်ပြီး အလုပ်အကိုင်အသစ် ၁၀,၀၀၀ ကျော် ဖန်တီးပေးမှာဖြစ်ပါတယ်။ 
Ford ရဲ့ သက်တမ်း ၁၁၈ နှစ်သမိုင်းမှာ အကြီးမားဆုံး တစ်ချီတည်းဖြင့် ရင်းနှီးမြှုပ်နှံမှုအဖြစ် မှတ်တမ်းဝင်ပါတယ်။ 

ရင်းနှီးမြှုပ်နှံမှုမှာ Ford က အမေရိကန်ဒေါ်လာ ၇ ဘီလျံ ထည့်ဝင်ပါတယ်။ ၂၀၂၅ ခုနှစ်အထိ အမေရိကန်ဒေါ်လာ ဘီလျံ ၃၀ သုံးစွဲသွားမယ်လို့ Ford က ယခင်က ကြေညာခဲ့ပါတယ်။ စက်ရုံသစ်မှ ထုတ်လုပ်တဲ့ လျှပ်စစ်မော်တော်ယာဉ်တွေရဲ့ ရောင်းအားက ကုမ္ပဏီမှ ထုတ်လုပ်တဲ့ ကားစုစုပေါင်း ရောင်းအားရဲ့ ၄၀% ရှိဖို့ကို မျှော်မှန်းထားပါတယ်။ ၂၀၃၀ ခုနှစ်ကျရင် ထုတ်လုပ်သမျှ မော်တော်ယာဉ်အားလုံး ရာနှုန်းပြည့် လျှပ်စစ်မော်တော်ယာဉ်တွေ ဖြစ်ဖို့ကိုလည်း ပန်းတိုင် ထားရှိပါတယ်။ 

ကင်တတ်ကီပြည်နယ်မှာ စက်ရုံတစ်ခု တင်နက်စီပြည်နယ်မှာ စက်ရုံတစ်ခု ထားရှိပြီး လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။ လျှပ်စစ်ကားသုံး ဘက်ထရီတွေကိုပါ ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ လျှပ်စစ်မော်တော်ယာဉ်တွေကို အိမ်စီးကားတွေအပြင် ပစ်ကပ်ထရပ်တွေကိုလည်း ထုတ်လုပ်မှာဖြစ်ပါတယ်။ 

 

 

တင်နက်စီပြည်နယ်မှာ တည်ရှိတဲ့ စက်ရုံဝင်းကို Blue Oval City  လို့ အမည်ပေးထားတယ်။ Blue Ovalက  Ford ရဲ့ လိုဂို အပြာရင့်ရောင် ဘဲဥပုံကို ဆိုလိုပါတယ်။ စက်ရုံဝင်းက ဧက ၃,၆၀၀ ကျယ်ဝန်းတယ်။ ဝန်ထမ်း ၅.၈၀၀ ခန့်ထားမှာ ဖြစ်ပြီး ဘက်ထရီ ထုတ်လုပ်ရေး စက်ရုံလည်း ထားရှိမှာ ဖြစ်ပါတယ်။ ဘက်ထရီအဟောင်းမှ ပစ္စည်းတွေ တစ်ဖန်ပြန်သုံးဖို့ လုပ်ကိုင်တဲ့ စက်ရုံတစ်ရုံလည်း ထားရှိမယ်။ ယာဉ်အစိတ်အပိုင်း ပေးသွင်းသူတွေအတွက် နေရာတွေလည်း ထားရှိပေးထားမှာ ဖြစ်ပြီး လျှပ်စစ် F-series ထရပ်တွေ တပ်ဆင်ထုတ်လုပ်မယ်။  နောင်နောင် စက်ရုံကို ချဲ့ထွင်ဖို့လည်း စက်ရုံဝင်းထဲမှာ နေရာချန်လှပ်ပေးထားတယ်။ 

Ford ရဲ့ အရင်ဆုံး ပင်မထုတ်လုပ်မှုက လျှပ်စစ်ကား Mustang Mach-E, ဖြစ်ပြီး ယမန်နှစ်က စတင်ထုတ်လုပ်ရောင်းချခဲ့ပါတယ်။  လုပ်ငန်းသုံး လျှပ်စစ်ဗင်ကား  Ford E-Transit  တွေကိုတော့ ယခုနှစ်ကုန်ပိုင်းမှာ စတင်ထုတ်လုပ်ရောင်းချသွားမှာ ဖြစ်ပါတယ်။ 
ထရပ်ကားဖြစ်တဲ့ Ford F-150 Lightning ကို နောက်နှစ်မှာ ထုတ်လုပ်ရောင်းချဖို့ အစီအစဉ် ရှိပါတယ်။ နောက်နှစ်မှာ  F-150 Lightning in Dearborn ကိုလည်း ထုတ်လုပ်ရောင်းချသွားမှာ ဖြစ်ပါတယ်။ 

စက်ရုံသစ်တွေမှာ F-150 Lightnings ကို ထုတ်လုပ်မှာ မဟုတ်ဘဲ လျှပ်စစ် F-series ထရပ်ကား မော်ဒယ်တွေကိုသာ ထုတ်လုပ်မှာ ဖြစ်ပါတယ်။ 

မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်ဖို့ လိုအပ်တဲ့ အစိတ်အပိုင်းတွေ စက်ပစ္စည်းတွေကို ထုတ်လုပ်တဲ့လုပ်ငန်းတွေကိုပါ စက်ရုံဝင်းထဲမှာ ထည့်သွင်းပေးထားရခြင်းက ပစ္စည်းပေးသွင်းမှု ကွင်းဆက်ကို အပြည့်အဝ ထိန်းကျောင်းနိုင်စေဖို့ ဖြစ်ပါတယ်။ ယခုအခါ အရှေ့တောင်အာရှမှ ပစ္စည်းပေးသွင်းသူထံမှ ရယူပြီး ကားတွေ တပ်ဆင်ထုတ်လုပ်တဲ့အတွက် ကိုဗစ်ကြောင့် စက်ရုံတွေ ပိတ်ထားရကြောင့် အချိန်မီ မရရှိတဲ့ ပြဿနာကို မော်တော်ယာဉ် ထုတ်လုပ်သူတွေ ကြုံတွေ့နေကြရတယ်။ နောက်နောင်မှာ ထပ်မကြုံလိုတော့တာကြောင့် စက်ရုံဝင်းထဲမှာပဲ နေရာပေးပြီး ထုတ်လုပ်စေမှာ ဖြစ်ပါတယ်။ 

ကင်တတ်ကီပြည်နယ်မှာ တားရှိမယ့် စက်ရုံဝင်းကိုတော့ BlueOvalSK Battery Park လို့ အမည်ပေးထားပါတယ်။ ဘက်ထရီထုတ်လုပ်ဖို့ကို SK Innovations က Ford  နဲ့ အတူလက်တွဲပြီး လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။ BlueOvalSK Battery Park မှာ အလုပ်အကိုင် ၅,၀၀၀ ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ လစ်သီယမ်-အိုင်ယွန်း ဘက်ထရီတွေ ထုတ်လုပ်မှာ ဖြစ်ပါပြီး ဆင်တူစက်ရုံနှစ်ခုကို ဘေးချင်းယှဉ်ပြီး နေရာချပေးထားပါတယ်။  စက်ရုံနှစ်ရုံဟ, အရွယ်အစားနဲ့ အခင်းအကျင်းက တင်နက်စီပြည်နယ်မှာ တည်ရှိတဲ့ တတိယဘက်ထရီစက်ရုံနဲ့ အတူတူ ဖြစ်ပါတယ်။ ဘက်ထရီစက်ရုံ သုံးရုံအတွက် ဒီဇိုင်းတစ်ခုတည်းကို သုံးစွဲပြီး တည်ဆောက်မှာ ဖြစ်ပါတယ်။ 
စက်ရုံတွေက ဘက်ထရီတွေနဲ့ ထရပ်ကားတွေကို ၂၀၂၅ ခုနှစ်မှာ စတင်ထုတ်လုပ်ဖို့ လျာထားပါတယ်။ 
Blue Oval City  မှ စက်ရုံတွေ ထုတ်လုပ်မှုကို ကာဘွန်ဒိုင်အောက်ဆိုဒ် ထပ်မထွက်ဖို့ ဒီဇိုင်းထုတ်ထားပါတယ်။ စက်ရုံမှ စွန့်ပစ်ပစ္စည်း မထွက်အောင်လည်း စီမံပေးထားပါတယ်။ 

Blue Oval City မှာ ဘက်ထရီအဟောင်းမှ ပစ္စည်းတွေကို တစ်ဖန်ပြန်သုံးစွဲဖို့အတွက် လုပ်ကိုင်ပေးမယ့် စက်ရုံမှ ထွက်လာတဲ့ ထုတ်ကုန်တွေကို ဘက်ထရီစက်ရုံတွေက ရယူသုံးစွဲမှာ ဖြစ်ပါတယ်။ တစ်ဖန်ပြန်သုံးစက်ရုံကို Tesla မှာ အကြီးတန်းအရာရှိအဖြစ် လုပ်ကိုင်ခဲ့သူ JB Straubel ထူထောင်ထားတဲ့ Redwood Materials ကုမ္ပဏီက  လုပ်ကိုင်မှာ ဖြစ်ပါတယ်။ 
Ford  က Redwood Materials မှာ မကြာသေးခင်ကမှ အမေရိကန်ဒေါ်လာ သန်း ၅၀ ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ ဘက်ထရီအဟောင်းရဲ့ အနည်းဆုံး ၉၅% ကို တစ်ဖန်ပြန်လည်သုံးစွဲဖို့အတွက် ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။ ကိုဘော့၊ လစ်သီယမ်၊ နီကယ် စတဲ့သတ္တုတွေကို ဘက်ထရီအဟောင်းတွေထံမှ ထုတ်ယူ ပေးမှာ ဖြစ်ပါတယ်။ 

အလုပ်သမားသမဂ္ဂကိစ္စကိုတော့ မဆုံးဖြတ်ရသေးဘူး။ စက်ရုံလည်ပတ်တော့မှ လုပ်ကိုင်နေတဲ့ အလုပ်သမားတွေက  United Auto Workers  သမဂ္ဂကို ဝင်မယ် မဝင်ဘူး ဆန္ဒမဲပေးပြီး ဆုံးဖြတ်စေမယ်လို့ ဆိုပါတယ်။ 

လျှပ်စစ်မော်တော်ယာဉ် ပြုပြင်ရေးအတွက် အမေရိကန်နိုင်ငံတစ်လွှားမှာ ကားပြင်ဆရာတွေ ထားရှိပေးနိုင်ဖို့ အမေရိကန်ဒေါ်လာ ၅၂၅ သန်း အကုန်အကျခံပြီး သင်တန်းများ လာမယ့် ငါးနှစ်တာမှာ ဖွင့်လှစ်သင်ကြားပေးမယ်လို့ ဆိုပါတယ်။ 


(CNN)
 

Read 3143 times