ပေါင်သန်းနှင့်ချီဝင်ငွေရှိနေသော ပရီးမီးယားလိဂ်ဘောလုံးသမားသည် မော်တော်ကားအပါအဝင် နောက်ဆုံးပေါ် ဇိမ်ခံပစ္စည်း အသုံးအဆောင်များကို အတိုင်းအဆမရှိ ဝယ်ယူသုံးစွဲလေ့ရှိပါသည်။
မော်တော်ကားရွေးချယ်ရာတွင်လည်း များသောအားဖြင့် သာမန်လူများ မတက်နိုင်လောက်အောင် စျေးကြီးသော ရှားပါးတန်ဖိုးကြီးကားများနှင့်အတူ အထူးထုတ်ကားမျိုးများကို နှစ်နှစ်ခြိုက်ခြိုက်ဝယ်ယူ အသုံးပြုကြပါသည်။
ထို့ကြောင့် ယခုခေတ်တွင် နာမည်ကျော်ပရီးမီးယားလိဂ်ဘောလုံးသမားများ အသုံးပြုများသော ထိပ်တန်းကား ၅ စီးကို ဗဟုသုတရရန် ဖော်ပြပေးလိုက်ပါသည်။
1.Lamborghini Huracan
Lamborghini ၏အရောင်းရဆုံး နာမည်ကျော်ကားမိုဒယ် Gallardo ကို အစားထိုးထုတ်လုပ်လိုက်သော Huracan ပြိုင်ကားသည် ကမ္ဘာကျော်ကြေးရတတ်ဘောလုံးသမားများရွေးချယ်အသုံးပြုကြသော အမိုက်စားကားတစ်စီးပဲဖြစ်ကြောင်းသိရသည်။
အမိုက်စားကိုယ်ထည် ဒီဇိုင်းတင်မက မြင့်မားသော စွမ်းဆောင်ရည်ကိုလည်းပိုင်ဆိုင်ထားသော Huracan သည်၂ဝ၁၄ခုနှစ်က Top Gear မဂ္ဂဇင်း၏ တစ်နှစ်တာအတွက် အကောင်းဆုံးစူပါပြိုင်ကားဆုကို ရရှိခဲ့ကြောင်း သိရသည်။
2.Kahn Wrangler
ဗြိတိသျှ ကားမွမ်းမံဖန်တီးရေးကုမ္ပဏီတစ်ခုဖြစ်သော Kahn Design မှ ဖန်တီးထားသော ကားများသည် မြင်သူတကာငေးမောကြည့်ရလောက်အောင်ဆန်းသစ်လှပနေသည်။
Kahn Wrangler သည်လည်း Jeep Wrangler ကိုအခြေခံပြီးKahnကနေ မွမ်းမံပြင်ဆင်ထားသော အထူးထုတ်မိုဒယ်တစ်ခုဖြစ်သည်။
ကမ္ဘာကျော် ဘောလုံးသမားများကြားတွင် ရေပန်းစားနေသော Kahn Wrangler ကား၏ Sahara ဗားရှင်းကို ၂ဝ၁၅ခုနှစ်က ထုတ်လုပ်ခဲ့ပြီး ၂ဝ၁၆ခုနှစ်တွင် Kahn Wragler Black Hawk Edition အသစ်ကို ပွဲထုတ်ခဲ့ကြောင်း သိရသည်။
3.Porsche 911 GTS
နာမည်ကျော်Porsche 911 မိုဒယ်၏ စွမ်းဆောင်ရည်မြင့်ဗားရှင်းဖြစ်သော 911 GTS ခေါ် 911 GT3 ပြိုင်ပွဲဝင်ကားအဖြစ် အသုံးပြုရန် ရည်ရွယ်ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။
Porsche 911 GTS သည် စွမ်းဆောင်ရည်မြင့်မားပြီး မြန်ဆန်ဖျက်လတ်သောကြောင့် အမြန်မောင်း အမိုက်စားကားများကို သဘောတွေ့ကြသော ကမ္ဘာကျော်ကြေးရတတ် ဘောလုံးသမားများရွေးချယ် အသုံးပြုလေ့ရှိသော ပြိုင်ကားတစ်စီးပင်ဖြစ်ကြောင်းသိရသည်။
4.Bentley Bentayga
ကမ္ဘာကျော်ဘောလုံးသမားများနောက်ထပ်ရွေးချယ်တတ်သော ကားတစ်စီးမှာ Bentley ၏ပထမဆုံး SUV ဟုဆိုရမည့် Bentley Bentayga ပင်ဖြစ်သည်။
၂ဝ၁၆ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့သော Bentayga သည်ကမ္ဘာ့အမြန်ဆုံးထုတ်လုပ်မှုမိုဒယ် SUV ဖြစ်သကဲ့သို့ ကမ္ဘာ့စျေးအကြီးဆုံးစျေးကွက်ဝင် SUV ကားမိုဒယ်လည်းဖြစ်သည်။
လေးဘီးယက်စနစ်သုံး ဇိမ်ခံ SUV ကားကြီး Bentley Bentayga ၏အတွင်းခန်းထိုင်ခုံအထားအသိုတွင် ထိုင်ခုံလေးခုံ၊ငါးခုံနှင့် ခုနှစ်ခုံတို့ကို ရွေးချယ်ရရှိနိုင်ကြောင်း သိရသည်။
5.McLaren 675LT Spider
ဗြိတိသျှကားကုမ္ပဏီတစ်ခုဖြစ်သော McLaren မှ ထုတ်လုပ်လိုက်သော အလန်းစားအမိုးဖွင့်ပြိုင်ကားလေး 675LT Spider သည်လည်း ကမ္ဘာကျော်ဘောလုံးသမားတို့ဝယ်ယူအသုံးပြုလေ့ရှိသော အချစ်တော်ကား တစ်စီးဖြစ်သည်။
McLaren 65OS ၏ပြိုင်ပွဲဝင် မိုဒယ်တစ်ခုအဖြစ်မွမ်းမံဖန်တီးထားသော 675LT Spider တွင် LT သည် အနောက်ပိုင်းရှည်လျားသော Long Tail ဆိုသော အဓိပ္ပာယ်အားအတိုကောက်ယူထားခြင်းဖြစ်သည်။
၂ဝ၁၅ခုနှစ်ကတည်းက စတင်မိတ်ဆက်ပွဲထုတ်ခဲ့ခြင်းဖြစ်ပြီး Top Gear ၏Test Track တွင် အမြန်ဆုံးပြိုင်ကားတစ်စီးဖြစ်ခဲ့ကြောင်းသိရသည်။