ပေါလောပေါ် ကားဂိုဒေါင်


ရေတက်လို့ ကားမြှုပ်တဲ့ဘေးမှ လွတ်ကင်းဖို့ ကြံဆလုပ်ကိုင်ကြတာမှာ ဖိလစ်ပိုင်မှ ကားပိုင်ရှင်တစ်ဦးက သူ့ရဲ့ကား Mitsubishi Xpander ကို တိုင်ဖုန်းမုန်တိုင်း Ulysses  တိုက်နေချိန်မှာ ရေလုံတဲ့ မိုးရေကာဖျင်နဲ့ ထုတ်ပေးထားလိုက်တယ်။ ရေတက်လာချိန်မှာ အထုပ် ထုပ်ထားတဲ့ ကားလည်း ရေမြင့်တာနဲ့အမျှ မြင့်တက်ပြီး ရေမြှုပ်မယ့် ဘေးမှ လွတ်ကင်းခဲ့ပုံကို သူက Youtube မှာ တင်ပြခဲ့ပါတယ်။ 


ဖိလစ်ပိုင်မှာပဲ နောက်ထပ်ကားပိုင်ရှင်တစ်ဦးကတော့  တိုင်ဖုန်းမုန်တိုင်း Ulysses  တိုက်နေချိန်မှာ ပေါလော်ပေါ် ကားဂိုဒေါင်ကို အသုံးပြုပြီး ရေထဲ ကားမြှုပ်မယ့်အရေးမှ လွတ်ကင်းခဲ့ပါတယ်။ 
ပေါလောပေါ် ကားဂိုဒေါင်က တိုင်ဖုန်းကျရောက်ရင် ရေဘေးကင်းကင်းဖြင့် နေထိုင်နိုင်ဖို့အတွက် ကြံဆပြီး ဒီဇိုင်းထုတ်ထားတဲ့ Project Smart Home  အိမ်ပုံစံရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ တိုက်ခဲ့တဲ့ တိုင်ဖုန်းမုန်တိုင်း Ondoy တုန်းက တွေ့ကြုံခဲ့ကြရတဲ့ အတွေ့အကြုံတွေအရ အိမ်ကို ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။

 


ပေါလော်ပေါ် ကားဂိုဒေါင်အကြောင်းကို  Realty TV Podcast episode 3 အစီအစဉ်မှာ Flood Adaptive Smart Home with Floating Garage Survives Typhoon Ulysses အမည်ဖြင့် ထုတ်လွှင့်တင်ပြခဲ့ပါတယ်။

ဗိသုကာ လုပ်ငန်း Buensalido Architects က သုံးထပ်အိမ်ကို ရေကြီးတဲ့အခါ ရင်ဆိုင်ကျော်လွှားနိုင်မယ့် အချက်တွေနဲ့ ဒီဇိုင်း ထုတ်ပေးခဲ့တယ်။ 
အိမ်အောက်ထပ် ကြမ်းခင်းက လမ်းသားမျက်နှာပြင်ထက် တစ်မီတာခွဲ ပိုမြင့်ပေးထားတယ်။ မိုးရွာရင် အိမ်ထဲ ရေဝင်တာမှာ လမ်းသားမျက်နှာပြင်က အိမ်အောက်ထပ်ကြမ်းပြင်ထက် ပိုမြင့်နေတာကြောင့် ဖြစ်နေတတ်ပါတယ်။ ကုလားမခြေထောက်နဲ့ မတ်တတ်ရပ်သလိုမျိုး ခြေတံရှည်အိမ်ပုံစံကို အခြေခံထားပြီး အောက်ဆုံးထပ်ကို နေ့စဉ်သုံး အဓိကကျတာတွေ နေရာမချထားဘူး။ 
အိမ်ရဲ့ ချက်ရေးပြုတ်ရေး၊ စားရေးသောက်ရေး၊ နားနားနေနေ ထိုင်ရေးတို့ကို မြေညီထပ်မှာ မစီစဉ်ထားဘဲ ပထမထပ်နဲ့ ဒုတိယထပ်တို့မှာ နေရာချပေးထားတယ်။ မြေညီထပ် ရေဝင်လာရင် ချက်ရေးပြုတ်ရေး စားရေးသောက်ရေး အခက်အခဲ မရှိတော့ဘူး။ 
ကျောထောက်နောက်ခံ စွမ်းအင် ရရှိဖို့ ခေါင်းမိုးပေါ်မှာ ဆိုလာပြားတွေ တပ်ဆင်ပေးထားတယ်။ မုန်တိုင်း လေထန်လို့ မီးပြတ်ခဲ့ရင် ဆိုလာပါဝါဖြင့် ဓာတ်အား ရရှိနေမှာ ဖြစ်ပါတယ်။ 

တိုင်ဖုန်းမုန်တိုင်း Ulysses ဝင်လာတဲ့အခါ အောက်ထပ် ရေမြှုပ်သွားခဲ့ပါတယ်။ အိမ်ရှေ့မှာ ရှိတဲ့ ကားဂိုဒေါင်မှာလည်း ရေကြီးခဲ့ပါတယ်။ ကားကို ပေါလောပေါ်တဲ့ ခင်းပြားပေါ် ရပ်ထားတာမို့ ကားက ရေမမြှုပ်ဘဲ ရေမြင့်တာနဲ့အမျှ ခင်းပြားမြင့်တက်ပြီး ရေမြှုပ်မယ့်အရေးမှ လွတ်ကင်းခဲ့ပါတယ်။

 

 

 

 

 

အထဲမှာ ဟောင်းလောင်းဖြစ်နေတဲ့ ပလတ်စတစ်အတုံးတွေ ဖောင်ဖွဲ့ပြီး အပေါ်မှာ ခင်းပြားကို အသေထိုင်ပေးထားတာ ဖြစ်ပါတယ်။ ပလတ်စတစ်အတုံးတွေက ဖော့တုံးများသဖွယ် တာဝန်ထမ်းဆောင်ပေးလို့ ရေတက်လာတဲ့အခါ ရေပေါ်မှာ ပေါလောပေါ်တော့ ခင်းပြားက ရေမျက်နှာပြင်အထက်ကို မြင့်တက်သွားတာကြောင့် ကားရေမမြှုပ်တော့ပါဘူး။ ရေစီးမှာ မျောမပါအောင် ဘေးးဘက်မှာ တိုင်နှစ်တိုင်ဖြင့် ချုပ်ထိန်းပေးထားပါတယ်။ ပလတ်စတစ်တုံးတွေရဲ့ ဖော့အားက ခင်းပြားနဲ့ ကားတစ်စီးတို့ရဲ့ စုစုပေါင်း ဝန်အလေးကို ရေပေါ်မှာ ပေါ်နေအောင် ပြုပေးနိုင်စွမ်း ရှိအောင် တွက်ချက်စီမံထားပါတယ်။ 

 

အမှားအယွင်းတစ်ခု ရှိခဲ့တာက ကားပိုင်ရှင် မိသားစုက ကားကို အမိုးအောက် ထားချင်တာကြောင့် အပေါ်ဘက်မှာ အမိုးတစ်ခု မိုးပေးထားခဲ့ကြပါတယ်။ မူလဒီဇိုင်းမှာ အမိုးမထည့်ထားပါဘူး။ ရေတက်လို့ ကားမြင့်တက်လာတဲ့အခါ အမိုးနဲ့မလွတ်ရင် ကားကို ရေထဲဖိချထားသလို ဖြစ်နေမှာ သေချာလို့ အမိုးမထည့်ထားတာ ဖြစ်ပါတယ်။ ကံကောင်း အကြောင်းလှတယ်လို့ ဆိုရမယ်။ ရေတက်တာ ကားခေါင်မိုးနဲ့ ကားဂိုထောင်အမိုးတို့ ထိသွားတဲ့အထိ မများခဲ့ဘူး။ ဒီတော့ ကားရေမမြှုပ်ခဲ့ပါဘူး။


 

Read 2024 times