ဖင်လန်ရဲ့ တစ်မူထူးသည့်  ကန့်သတ်အမြန်နှုန်း ကျော်လွန်ဒဏ်ကြေး


ဖင်လန်ရဲ့ တစ်မူထူးသည့်  ကန့်သတ်အမြန်နှုန်း ကျော်လွန်ဒဏ်ကြေး

 

၁၉၂၀ ခုနှစ်ကတည်းက ဖင်လန်နိုင်ငံတွင် ကန့်သတ်မိုင်နှုန်းကျော်လွန် မောင်းနှင်ပါက ဒဏ်ကြေးကို ယာဉ်မောင်းသူ၏ ဝင်ငွေပေါ် မူတည်ပြီး သတ်မှတ်ရန် ပြဋ္ဌာန်းခဲ့ပါသည်။  ယာဉ်မောင်းက ကန့်သတ်အမြန်နှုန်းကို ကျော်လွန်မောင်းနှင်သဖြင့် ဖမ်းဆီးအရေးယူပြီး ဒဏ်ကြေးသတ်မှတ်သည့်အခါ ယာဉ်မောင်း၏ ဝင်ငွေပမာဏနှင့် အချိုးကျ ပေးဆောင်ရသည်။ ရသည့် ဝင်ငွေအပေါ် ဝင်ငွေခွန် စည်းကြပ်ပုံနှင့် ဆင်ဆင်တူပါသည်။

 

ဒဏ်ကြေးကို  ပေးဆောင်ရာ၌ နေ့တွက်အရ ရက်သတ်မှတ်ပြီး  ပေးဆောင်ရသဖြင့် “day-fines” ဟု ခေါ်တွင်သည်။ ဒဏ်ကြေးကို တွက်ချက်ရာ၌ ထည့်သွင်းစဉ်းစားသည့် အချက်အလက်များတွင် ယာဉ်မောင်းမှာ ရှိနေသည့် မှီခိုသူ သားသမီး ဦးရေအတွက် စရိတ်စကလည်း ပါဝင်သည်။ လစာအရ တစ်နေ့ အသားတင်ဝင်ငွေကို တွက်ချက်သည်။  ကျူးလွန်သည့် ပြစ်မှုအပေါ်မူတည်ပြီး ဒဏ်ကြေးပေးဆောင်ရမည့် ရက် အနည်းအများကို ဆုံးဖြတ်သည်။

၂၀၁၅ ခုနှစ်တွင် ဖင်လန်နိုင်ငံသား လုပ်ငန်းရှင် Reima Kuisla သည် ကီလိုမီတာ ၅၀ ကန့်သတ်ဇုန်တွင် တစ်နာရီ ၆၅ ကီလိုမီတာဖြင့် ကားမောင်းနှင်ခဲ့ရာ ဒဏ်ကြေး ယူရို ၅၄,၀၀၀ ပေးဆောင်ရသည်။ ၂၀၀၂ တွင် Nokia ဆက်သွယ်ရေးလုပ်ငန်းကြီးမှ အကြီးတန်းအရာရှိတစ်ဦးသည် ကီလိုမီတာ ၃၀ ကန့်သတ်ဇုန်တွင် တစ်နာရီ ၄၅ ကီလိုမီတာဖြင့် မော်တော်ဆိုင်ကယ်ကို မောင်းနှင်သဖြင့် ဒဏ်ကြေး ယူရို ၁၁၆,၀၀၀ ပေးဆောင်ရသည်။

 

ဒဏ်ကြေးတွက်ချက်ပုံက ရိုးရှင်းပါသည်။ တစ်လစာ ဝင်ငွေဖြင့် တစ်ရက်အတွက် ဝင်ငွေ တွက်ချက်သည်။ မှီခိုသူ သားသမီးရှိပါက သတ်မှတ်ထားသည့် သားသမီး စရိတ်ကို နုတ်ပယ်သည်။ လက်ကျန်ပမာဏသည် တစ်နေ့တာ သုံးစွဲနိုင်သည့်ငွေ ပမာဏ ဖြစ်သည်။ ၎င်းငွေပမာဏကို ၂ ဖြင့် စားသည်။ စားလဒ်သည် ပြစ်မှုကျူးလွန်သူ ပေးဖို့ တတ်နိုင်သည့် ပမာဏဟု ယူဆသည်။  ထိုနောက် ကျူးလွန်သည့် ပြစ်မှု၏ ပြင်းထန်မှုအရ ဒဏ်ကြေးပေးရမည့် ရက်ကာလကို သတ်မှတ်သည်။

 

ဥပမာအားဖြင့် အမြန်နှုန်းကန့်သတ်ချက်ထက် တစ်နာရီ ၂၀ ကီလိုမီတာ ပိုမောင်းသည်ဆိုပါက စားလဒ်ဒဏ်ကြေး ပမာဏကို ၁၂ ရက်စာ ပေးဆောင်ရမည်။ တစ်နာရီ ၂၅ ကီလိုမီတာ ပိုမောင်းသည်ဆိုပါက ၂၂ ရက်စာ ဒဏ်ကြေးပေးဆောင်ရမည် ဖြစ်သည်။ ဒဏ်ကြေးပေးဆောင်ရသည့် ရက်ကာလသည် ရက် ၁၂၀ ထက်မပိုရဟု ကန့်သတ်ထားသည်။ စားလဒ်ဒဏ်ကြေး ပမာဏမှာ အကန့်အသတ် မရှိချေ။ ဝင်ငွေ ကောင်းလျှင် ကောင်းသလောက် ဒဏ်ကြေး များမည် ဖြစ်ပါသည်။

 

Source: FMT

#MyanmarAutomobileGuide 

Telegram Channel https://t.me/Guid4U

Read 363 times