စက်သုံးဆီ ဈေးတွေ တက်လာနေပြီး စက်သုံးဆီ အရောင်းဆိုင်တချို့ပိတ်


ပြည်တွင်းမှာ စက်သုံးဆီဈေးတွေ တက်လာနေပြီး လိုသလောက်ဝယ်ယူနိုင်ဖို့ အခက်အခဲရှိနေသလို ဒေသတချို့မှာတော့ ဆီဆိုင်တွေပိတ်ထားရတဲ့အခြေအနေမှာ ရှိနေပါတယ်။ သတ်မှတ်ထားတဲ့ ဈေးနှုန်းအတိုင်း ရောင်းချပေးနေတဲ့ ဆိုင်တွေရှိပေမယ့် အရင်ကထက် ဈေးမြင့်လာတာကြောင့် ဆီဝယ်သူတွေ အခက်တွေ့နေပါတယ်။


နိုင်ငံတွင်း ရွှေဈေး၊ ဒေါ်လာဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်း အပြောင်းအလဲတွေနဲ့အတူ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းနေပြီး ကုန်စည်ဈေးနှုန်းတွေနဲ့ စက်သုံးဆီဈေးတွေလည်း တက်လာနေပါတယ်။ အခုလို တရိပ်ရိပ်တက်လာတဲ့ ဈေးနှုန်းတွေကြောင့် စက်သုံးဆီပြတ်မှာကို စိတ်ပူနေကြပြီး ဝယ်ယူစုဆောင်းသူတွေ ရှိသလို တချို့ကတော့ ဒီထက်ပို ဈေးတက်မလာခင် မဖြစ်မနေသုံးဖို့ နိုင်သလောက် ဝယ်ယူထားတာတွေလည်း ရှိပါတယ်။ ဒီလို ကြိုတင်စုဆောင်းတာ၊ ဈေးကွက်ထဲ သတ်မှတ်ထားတဲ့နှုန်းအတိုင်း ရောင်းချဖို့ ခက်ခဲတာတွေကြောင့် ဆီဆိုင်တချို့ ပိတ်လိုက်ရတဲ့အခြေအနေထိ ရောက်ခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့မှာ ဖွင့်လှစ်ထားတဲ့ ဆီဆိုင်တွေထဲက တချို့ဆိုင်တွေဆို ပစ္စည်းပြတ်လို့ ပိတ်လိုက်ရသလို ဖွင့်ထားတဲ့ဆိုင်တွေမှာလည်း တန်းစီပြီး ဝယ်ယူနေရတယ်လို့ နောင်ချိုဒေသခံတဦးက ပြောပါတယ်။

"အခုကျတော့လည်း တန်းစီနေရတယ်။ တချို့ဆီဆိုင်တွေတော့ ပိတ်ကုန်ပြီပဲ။ ဝယ်ဖို့တော့ မလွယ်ဘူး ဒီဘက်မှာ။ တချို့ဆိုင်တွေဆိုရင်တော့ တိုကင်နဲ့ပေါ့နော်၊ တန်းစီနေရတာပေါ့။ အခုဆို၊ လိုသလောက်တော့ မရဘူး။ အကန့်အသတ်နဲ့တော့ ပေးနေတယ်ပေါ့နော်။ အခုကျတော့ ဘယ်လိုပြောရမလဲ.... လိုအပ်တဲ့နေရာတွေ သုံးတယ်၊ မလိုအပ်တဲ့နေရာတွေ မသုံးဘဲနဲ့ နေမှရမယ့် အခြေအနေဖြစ်နေတယ်။ ဘာလို့လဲဆိုတော့ ဆီဈေးတွေကလည်း အခု ၂,၀၀၀ နီးပါးနားကို ကပ်နေပြီဆိုတော့လေ။"

စီးပွားကူးသန်းဌာနနဲ့ စက်သုံးဆီ တင်သွင်း ဖြန့်ဖြူးရောင်းချရေးအသင်းက ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်က ဆီဆိုင်တွေမှာ သတ်မှတ်ထားတဲ့နှုန်းထားအတိုင်း ရောင်းချဖို့ ဈေးနှုန်းတွေ သတ်မှတ်ထားပြီး ဈေးပိုရောင်းတဲ့ဆိုင်တွေကို တိုင်ကြားနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဈေးကွက်ထဲမှာတော့ သတ်မှတ်ထားတဲ့ဈေးထက် အနည်းဆုံး ၅၀၀ ပိုပေးပြီး ဝယ်ယူနေရတယ်လို့ ဆီဝယ်သူတွေဆီက သိရပါတယ်။ လားရှိုးမြို့မှာတော့ စက်သုံးဆီလိုသလောက် ဝယ်ယူနိုင်ပေမယ့် ဈေးတက်လို့ အခက်ကြုံနေရတယ် လို့ ဒေသခံတဦးက ပြောပါတယ်။

"လောလောဆယ် မနက်က သူတို့ဆီဆိုင်က ဆိုင်းဘုတ်တွေမှာ ကြော်ငြာထားတာကျတော့ အောက်တိန်းဆီဆိုရင် တလီတာကို ၁,၇၅၀ ၊ တချို့ဟာတွေက ၁,၅၅၀ ၊ ၁,၅၀၀ ၊ ၁,၅၅၀ ၊ ၁,၆၀၀ အဲလိုရှိတယ်။ ဆိုတော့ ဆီဈေးက တအားတက်တော့ ဒီနေ့ မနက်ကျတော့ လူတွေ၊ ကားတွေထွက်တာ နည်းသွားတာပေါ့။ ဆီသွားထည့်တဲ့လူလည်း နည်းသွားတာပေါ့။ ကျနော်တို့လည်း နည်းနည်းပါးပါးပဲ သွားထည့်တာဆိုတော့ သိပ်ပြဿနာတော့ မရှိပါဘူး။ ကားတွေလည်း သူ့ဟာသူ ဝယ်နေကြတာပဲ။ ဟိုလိုမျိုး ကန့်သတ်ပြီးတော့ ရောင်းတာတော့ မရှိပါဘူး။ ဆီဈေးတက်တော့ စားကုန်သောက်ကုန် တက်မှာပေါ့။ ကျနော်တို့ ဒီကုန်ဈေးနှုန်းတွေ တက်တာကျတော့ လူတွေပိုပြီး ခက်ခဲမှာပေါ့။"

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာလည်း ဆီဆိုင်တွေ ပုံမှန်ဖွင့်ထားပြီး ဝယ်သူတွေ လိုသလောက်ရနေပေမယ့် ဈေးတက်နေတာကြောင့် မြို့တွင်းမှာ အသွားအလာသိပ်မရှိဘူးလို့ ဒေသခံတဦးက ပြောပါတယ်။

"ကျနော်တို့ ပုသိမ်မှာကတော့ ဆိုင်တွေပိတ်တာတော့ သိပ်မရှိဘူးဗျ။ သူ့ဟာနဲ့သူတော့ ထည့်နေတာပေါ့ဗျာ။ အခုဟာက ဆိုင်ကယ်အနေအထားဆိုရင် ၁,၀၀၀ ဖိုးထည့်ရင်တောင်မှ ဘာမှ သိပ်အရာမရောက်ဘူး။ ၂,၀၀၀ ၊ ၂,၅၀၀ ဖိုး အဲလိုထည့်ရတဲ့ အနေအထားတော့ရှိတယ်။ ကားဆိုရင် ဆီအပြည့်တခါဖြည့်ရင် ၉ သောင်းခွဲနီးနီး ဖြည့်ရတယ်။ ၁ သိန်းနားတောင် ကပ်နေပြီပေါ့နော်။ အရင်ကဆို ဆီတခါဖြည့် ၆ သောင်းပတ်ချာလည်လောက်ဆို ပြည့်သွားပြီလေ။ အခုဟာက ၉ သောင်းခွဲ ပတ်ချာလည်လောက် ဖြည့်နေရတယ်။ နောက်ဆုံး Aircon ဖွင့်စီးဖို့တောင် မစီးရဲဘူး ဖြစ်နေတယ်။"

92 တလီတာကို ၁,၁၂၂ ကျပ်၊ ရိုးရိုးဒီဇယ် တလီတာ ၁,၁၁၇ ကျပ်နဲ့ ပရီမီယမ်ဒီဇယ် တလီတာကို ၁,၁၂၄ ကျပ်ဆိုပြီး ရန်ကုန်က ဆီဈေးကို သတ်မှတ်ထားတာပါ။ မန္တလေးမြို့မှာတော့ 92 တလီတာ ၁,၁၆၇ ကျပ်၊ ရိုးရိုးဒီဇယ် တလီတာ ၁,၁၅၂ ကျပ်နဲ့ ပရီမီယမ်ဒီဇယ် တလီတာ ၁,၁၅၉ ကျပ်ဆိုပြီး သတ်မှတ်ထားပါတယ်။ နေပြည်တော်မှာလည်း 92 တလီတာ ၁,၁၆၂ ကျပ်၊ ရိုးရိုးဒီဇယ် တလီတာ ၁,၁၅၇ ကျပ်နဲ့ ပရီမီယမ်ဒီဇယ် တလီတာကို ၁,၁၆၄ ကျပ် ဆိုပြီး သတ်မှတ်ထားပါတယ်။ ဒါပေမယ့်လည်း နယ်မြို့တွေမှာတော့ စက်သုံးဆီဈေးနှုန်းက တဆိုင်နဲ့တဆိုင် မတူသလို လွယ်လွယ်ကူကူရနိုင်ဖို့ကလည်း အရင်ထက် ခက်ခဲလာတယ်လို့ ဒေသခံတွေက ပြောနေပါတယ်။

ဗီအိုအေ

Read 1594 times