ကားကို ဘဏ်ချေးငွေဖြင့် ဝယ်ယူပြီး အကြွေး မကျေသေးဘဲ အုံနာဘုတ် အတု ဖြင့် လိမ်လည် ရောင်းချမှုများရှိနေ


မော်တော်ယာဉ်များကို ဘဏ်ချေးငွေဖြင့်ဝယ်ယူပြီး အကြွေး မကျေသေးဘဲ အုံနာဘုတ် အတုဖြင့် လိမ်လည်ရောင်းချမှုများ ရှိလာကြောင်း မော်တော်ယာဉ် ရောင်းဝယ်သူများထံမှ သိရသည်။


မော်တော်ကား အဟောင်းစျေးကွက်အတွင်း ယင်းသို့ လိမ်လည်ရောင်းချမှုများမှာ လွန်ခဲ့သည့် တစ်လကျော်မှ စတင်ပေါ်ပေါက်လာခြင်း ဖြစ်သည်။

“Showroom ကနေ ဘဏ်ချေးငွေနဲ့ ကားဝယ်လိုက်တယ်။ အခုကာလ ငွေကလည်း ဆက်မသွင်းနိုင်တော့ အုံနာဘုတ်ကို အင်ထုပြီး ပြန်ရောင်းနေကြတာတွေ ဖြစ်လာတယ်။ အုံနာဘုတ်အမှန်က အကြွေးကျေမှ ပေးတာ လေ။ အကြွေး မကြေသေးရင် ဘယ်ကုမ္ပဏီက မှ မပေးဘူး” ဟု မော်တော်ယာဉ် ရောင်းဝယ်ရေးလုပ်ကိုင်သူတစ်ဦးက ပြောကြားသည်။

မော်တော်ယာဉ် ဝယ်ယူမည်ဆိုပါက ရန်ကုန်တိုင်း ကညနတွင် ယာဉ် မှန် မမှန်၊ အုံနာဘုတ် မှန် မမှန် စစ်ဆေးခြင်းများကို လုပ် ဆောင်ရန်လိုအပ်ကြောင်း မော်တော်ယာဉ် ရောင်းဝယ်သူများထံမှ သိရသည်။

“ကားဝယ်မယ်ဆိုရင် အဲဒီမှာ သွားစစ်လိုက်တာ အကောင်းဆုံးပဲ။ ဒါပေမဲ့ အွန်လိုင်း ကနေ Booking တင်ရတော့ လူတွေက သိပ် မစစ်ဆေးတော့ဘူး။ တချို့ကျတော့လည်း ဝယ်ပေးတဲ့သူရဲ့ အာမခံချက်နဲ့ပဲ ဝယ်လိုက် ကြတာများတယ်။ ကောင်းတာက သွားစစ် တာအကောင်းဆုံးပဲ” ဟု မော်တော်ယာဉ် ရောင်းဝယ်သူတစ်ဦးက ပြောကြားသည်။

ကုမ္ပဏီမှ ဘဏ်ချေးငွေဖြင့်ဝယ်ယူပြီး ငွေအကြေမချေနိုင်ဘဲ ဘဏ်သို့လည်း ငွေပေးသွင်းခြင်းမပြုနိုင်သည့် အခြေအနေများလည်း ဖြစ်ပေါ်နေသည်ဟု မော်တော်ယာဉ်ရောင်း ဝယ်သူများထံမှ သိရသည်။

“ပိုက်ဆံမသွင်းနိုင်လို့ ကားပြန်သိမ်းခံရ တာတွေလည်းရှိတယ်။ တချို့ကျတော့လည်း ပိုက်ဆံကို မသွင်းဘဲ ကားကိုရောင်းနေကြလို့ ပြသာနာဖြစ်နေတာတွေလည်း အများကြီးဖြစ် နေတယ်” ဟု မော်တော်ယာဉ် ရောင်းဝယ်ရေးလုပ်ငန်း ကျွမ်းကျင်သူတစ်ဦးက ဆိုသည်။

အချို့သော မော်တော်ယာဉ်ရောင်းဝယ်ရေးကုမ္ပဏီများအနေဖြင့် ငွေအကြေမချေနိုင်ဘဲ ငွေလည်း ထပ်မံပေးသွင်းခြင်းမပြုသည့် လူပုဂ္ဂိုလ်များနှင့် မော်တော်ယာဉ်နံပါတ်များကို လူမှုကွန်ရက်စာမျက်နှာအချို့တွင် ကြေ ညာထားပြီး ရောင်းဝယ်ခြင်းမပြုကြရန် ပြောကြားထားသည်ကို တွေ့ရသည်။

လတ်တလောတွင် မော်တော်ယာဉ်အဟောင်းစျေးကွက်အတွင်း စျေးနှုန်းမြင့်တက်ခြင်းမရှိဘဲ အရောင်းအဝယ် အေးနေသည်။

news-eleven.com/

 

 

Read 836 times