တရုတ်နိုင်ငံတွင် ကားအစိတ်အပိုင်းအတုများကို တိုက်ဖျက်ရန် ကားလုပ်ငန်း ၁၁ ခု ပူးပေါင်းလုပ်ဆောင်


တရုတ်နိုင်ငံတွင် ကားအစိတ်အပိုင်းအတုများကို တိုက်ဖျက်ရန် ကားလုပ်ငန်း ၁၁ ခု ပူးပေါင်းလုပ်ဆောင်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


တရုတ်နိုင်ငံတွင် ကားထုတ်လုပ်သူများသည် အတုအပများကို အမြစ်ပြတ်ချေမှုန်းရန် ကြိုးပမ်း‌နေကြပြီး လူအများက အတုအစစ် ကွဲကွဲပြားပြား သတိပြုမိကြ‌စေဖို့ လုပ်ဆောင်နေကြသည်။
မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံတွင် အတုအပ ယာဉ်အစိတ်အပိုင်းများ နည်းပါးလာသော်လည်း ပြဿနာက ပြန်လည်ကြီးထွားလာနေသည်။

 

ကွမ်ကျိုးမြို့မှ ယာဉ်အစိတ်အပိုင်းဈေးကွက်

ကမ္ဘာ့အကြီးဆုံး မော်တော်ယာဥ်ဈေးကွက်ဖြစ်တဲ့ တရုတ်နိုင်ငံမှာ အတုအပ ယာဉ်အစိတ်အပိုင်း  ပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့ အဓိက ကားထုတ်လုပ်ရေးလုပ်ငန်း ဆယ့် ၁၁ ခုက စုစုစည်းစည်းဖြင့်  လုပ်ဆောင်နေကြပြီး အာဏာပိုင်အဖွဲ့အစည်းများနှင့် အွန်လိုင်းဈေးရောင်းသူ မဟာလုပ်ငန်းစုကြီး Alibaba Group Holding တို့ ပူးပေါင်းပါဝင်ကြပါသည်။

ကုမ္ပဏီများသည် ကုန်အမှတ်တံဆိပ်ချိုးဖောက်မှုများဆိုင်ရာ အချက်အလက်များကို မျှဝေသည်။
အတုအစစ် ကွဲကွဲပြားပြား လူအများ သတိပြုမိကြ‌စေဖို့ အသိပညာများ တိုးပွားစေရန် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ဘရိတ်ရူးပြားများ အပါအဝင် အစိတ်အပိုင်းအတုများ ပပျောက်ရေး ဆောင်ရွက်ရာ၌ အစိုးရ အာဏာပိုင်များ အခက်အခဲ အမျိုးမျိုး ရှိနေသည်ကိုလည်း နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ပြီး အထောက်အကူများ ပံ့ပိုးပေးပါသည်။

Honda Motor ၏ ဦးဆောင်မှုဖြင့် စတင်ခဲ့သည့် ပူးပေါင်းဆောင်ရွက်မှုတွင် ဂျပန်ကားထုတ်လုပ်ရေး လုပ်ငန်းများ၊  Volkswagen ၊ Land Rover ၊ တရုတ်နိုင်ငံ၏ အကြီးဆုံးပုဂ္ဂလိက ကားထုတ်လုပ်သူ  Zhejiang Geely Holding Group၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း Chongqing Changan Automobile တို့ ပါဝင်ကြပါသည်။  .

ဟွန်ဒါ၏ အမေရိကန်လက်တံ လုပ်ငန်းခွဲသည် e-commerce ပလက်ဖောင်းပေါ်တွင် လေအိတ်အတုများ ရောင်းချနေသည်ကို တွေ့ရှိပြီးနောက် ဂျပန်နှင့် အနောက်တိုင်းကားထုတ်လုပ်သူ ရှစ်ဦးတို့ ပစ္စည်းအတုများ တိုက်ဖျက်ရေးအတွက် ၂၀၂၁ ခုနှစ်တွင် စတင်စုစည်းခဲ့ကြပါသည်။

အဆိုပါအဖွဲ့က အတုထုတ်လုပ်နေသည့် စက်ရုံများကို ရှာဖွေရန် အတုအပ အစိတ်အပိုင်းများထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းဆိုင်ရာ အချက်အလက်များကို အချင်းချင်း မျှဝေပြီးစုစည်းထားပါသည်။ သက်ဆိုင်ရာ ဒေသအာဏာပိုင် အဖွဲ့အစည်းများက အရေးယူဆောင်ရွက်ရန် သတင်းပေးပြီး ဆောင်ရွက်ခဲ့ရာ အတုအပ အစိတ်အပိုင်းများ အမြောက်အများ ဖမ်းဆီးရမိခဲ့ပါသည်။ အတုထုတ်လုပ်သည့် စက်ရုံများမှ တာဝန်ရှိသူများကိုလည်း ဖမ်ဆီးအရေးယူခဲ့ပါသည်။

ယခုအခါ အဖွဲ့ဝင် လုပ်ငန်း ၁၁ ခုပါသည့် အဖွဲ့တွင် တရုတ်ပြည်တွင်းမှ လုပ်ငန်းကြီးများလည်း ပါဝင်သည်။
Geely က ၎င်းပိုင်ဆိုင်သည့်  ဥရောပဇိမ်ခံအမှတ်တံဆိပ် Volvo Cars နှင့် Lotus တို့အနေဖြင့် ပါဝင်သည်။ Changan သည် Mazda နှင့် Ford Motor တို့နှင့် ဖက်စပ်လုပ်ကိုင်လျက်ရှိသည့် ဖက်စပ်လုပ်ငန်းများအနေဖြင့် ပါဝင်သည်။
အချို့သော တရုတ်ကုမ္ပဏီများသည် ဂျပန်နှင့် အနောက်တိုင်းလုပ်ငန်းများထံမှ ဒီဇိုင်းများနှင့် အသိပညာများကို ခိုးယူခြင်း သို့မဟုတ် မလျော်ကန်သောအသုံးပြုမှုဆိုင်ရာ ပြဿနာများ ရှိ‌နေကြသည်။
"ဒါပေမဲ့ သူတို့က နိုင်ငံတကာကို ချဲ့ထွင်လာတဲ့အခါ ဉာဏပစ္စည်းမူပိုင်ခွင့်ကို ကာကွယ်စောင့်ရှောက်ဖို့ လိုအပ်ကြောင်း ပိုပြီးတော့ အသိတရားတွေ ရှိလာပါတယ်" ဟု လေ့လာဆန်းစစ်သူတစ်ဦးက ပြောကြားသည်။

မော်တော်ကားထုတ်လုပ်သူများသည် တရုတ်နိုင်ငံနှင့် ပြင်ပတွင် မော်တော်ကားအစိတ်အပိုင်းများကို အွန်လိုင်းတွင် အများအပြားရောင်းချနေသည့် Alibaba နှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
အတုအပများကို နှိမ်နင်းရန် လုပ်ဆောင်နေသည့် ရဲတပ်ဖွဲ့နှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရန် စီစဉ်ထားသည်။

တရုတ်ရဲများသည် သိမ်းဆည်းရမိသည့် အစိတ်အပိုင်းများ၏ တန်ဖိုးကို ဆုံးဖြတ်ရန်နှင့် ဒဏ်ကြေးများချမှတ်ရန်အတွက် အတုပြုလုပ်သည့် ကုမ္ပဏီများနှင့် ပတ်သက်သည့် အရောင်းအဝယ်များတွင် Alibaba ထံမှ အချက်အလက်များကို အသုံးပြုခဲ့သည်။
ယခုလို နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ကြသည့်အတွက်  ပြဿနာကို ပိုမိုထိရောက်စွာနှင့် ကုန်ကျစရိတ်သက်သာစွာဖြင့် ကိုင်တွယ်ဖြေရှင်းနိုင်စေသည်။
လူအများ သတိမူမိစေရန်နှင့် အသိပညာ ဗဟုသုတများ မြှင့်တင်ရန် ကားထုတ်လုပ်သူများသည် တရုတ်နိုင်ငံ၏ Weibo မိုက်ခရိုဘလော့ဂ်ဝန်ဆောင်မှုကို အသုံးပြုသည်။
Japan External Trade Organization ၏ အတုအပဆန့်ကျင်ရေးအဖွဲ့နှင့်လည်း လက်တွဲထားသည်။
အတုအပများ လုပ်ကိုင်နေသည်ဟု ယူဆရသည့် နယ်မြေများရှိ ရဲများထံသို့လည်း သွားရောက်ပြီး သတင်းဖလှယ်ကြသည်။

မော်တော်ယာဥ် ထုတ်လုပ်သူများသည် အစိတ်အပိုင်း အတုများကို ဆန့်ကျင်သည့် တရုတ်အစိုးရ ကမ်ပိန်းကြောင့်လည်း အကျိုး အမြတ်များ ရရှိကြသည်။ အတုအပ ထုတ်လုပ်နေသည့် လုပ်ငန်းအများအပြား ပိတ်သိမ်းကြရသည်။
Honda သည် ၂၀၁၈ တွင် အတုအပ အစိတ်အပိုင်းနှင့် ဒီဇိုင်း အမျိုးမျိုး ခုရေ ၁၉၀,၀၀၀ ဝန်းကျင် မှတ်တမ်းတင်ခဲ့သည်။ ၂၀၂၁ တွင် ခုရေ ၇၀,၀၀၀ အောက်တွင်သာ ရှိတော့သည်အထိ လျော့ကျသွားသည်။
သို့သော် ယခုအခါ အတုလုပ်သူများသည် နည်းလမ်းသစ်များဖြင့် ပြည်ပသို့ တင်ပို့လာကြသည်။ 
Honda သည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအတွင်း အစိတ်အပိုင်းအတု ၆၅,၀၀၀ ကျော်ကို တွေ့ရှိခဲ့သည်။ သို့ဖြစ်ရာ တစ်နှစ်ပြည့်ချိန်တွင် ၂၀၂၁ ထက် ပိုများလိမ့်မည် ဖြစ်သည်။

အတုအပပြုလုပ်သူများသည် ပြည်ပမှ အွန်လိုင်းအမှာစာများ လက်ခံရရှိပြီးသည့်အခါ အပိုင်းငယ်များကိုသာ ထုတ်လုပ်ပြီး တင်ပို့သည်။ အပြီးအစီး တပ်ဆင်ပေးခြင်း မပြုချေ။ မှာကြားသူထံ ရောက်ရှိသည့်အခါကျမှ အပြီးအစီးတပ်ဆင်သည်။ သို့ဖြစ်ရာ မည်သည့်ပစ္စည်းအတုကို တင်ပို့ကြောင်း သိဖို့ ခဲယဉ်းနေစေသည်။
သို့ဖြစ်ရာ အတုအပပြုလုပ်သူများထံတွင် အသင့်တပ်ဆင်ပြီးသားပစ္စည်းအတု မရှိချေ။ 
သုံးစွဲသူတို့ဘက်မှာ တိုးတက်မှု လက္ခဏာအချို့ကို ပြသနေသည်။ ၂၀၁၃ ခုနှစ်တွင် ပစ္စည်းအတုဖြစ်ကြောင်း သိပါလျက်နှင့်  သုံးစွဲသူ ၄၀% နီးပါးက ဝယ်ယူခဲ့သည်။ ၂၀၂၀ ခုနှစ်တွင် ၁၀% သာ ရှိခဲ့သည်။ သို့သော် ၂၀၂၁ တွင် ၂၀% နီးပါးသို့ ပြန်မြင့်တက်လာကြောင်း Honda ၏ လေ့လာချက်အရ သိရသည်။
Source Asia Nikkei 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 225 times