လေတံခါး (Throttle Body ) ချို့ယွင်းမှုလက္ခဏာ


လေတံခါး (throttle body) နဲ့ လေတံခါးအာရုံခံကရိယာ (throttle position sensor -TPS) မကောင်းခြင်းကြောင့် ဖြစ်ပေါ်နိုင်တဲ့ ကားရောဂါတွေကို ဖော်ပြပေးပါမယ်။

Throttle Body (လေတံခါး)

လေတံခါးဆိုတာက အတွင်းပိုင်းမီးလောင်ပေါက်ကွဲမှုအင်ဂျင် (internal combustion engine) တွေ မီးလောင်ပေါက်ကွဲဖို့လိုအပ်တဲ့ လေကိုထည့်သွင်းပေးရတဲ့ intake system မှာအဓိက တာဝန်ထမ်းဆောင်နေတဲ့အရာဖြစ်ပါတယ်။Throttle body (လေတံခါး) ကို ယေဘုယျအားဖြင့် အင်တိတ်မီနီဖိုး (intake manifold) နဲ့ လေစစ်ဘူး ( air filter) တို့ကြားထဲမှာတပ်ဆင်ထားပြီး ကားမောင်းသူရဲ့ လီဘာနင်းမှုအပေါ်မူတည်ကာ အင်ဂျင်ထဲကို မီးလောင်ပေါက်ကွဲဖို့ လေအနည်းအများ ဘယ်လောက်ပမာဏသွင်းမယ်ဆိုတာကို သူ့မှာပါဝင်တဲ့ butterfly valve တွေနဲ့ regulate လုပ်ပေးခြင်းဖြင့် ထိန်းချုပ်ပေးတာပါ။ ဒါက throttle body (လေတံခါး) ရဲ့ အဓိက တာဝန်ထမ်းဆောင်နေတဲ့ပုံစံဖြစ်ပါတယ်။

ဒီလို တာဝန်ထမ်းဆောင်နေတဲ့ လေတံခါးက လေမသန့်လို့ဖြစ်စေ၊ အခြားအကြောင်းအမျိုးမျိုးကြောင့် throttle body (လေတံခါး) ဟာ ကြေးတွေ၊ ဖုန်တွေ၊ အညစ်အကြေးတွေနဲ့ပိတ်ဆို့သွားမယ်ဆိုရင် သူထမ်းဆောင်ရတဲ့ တာဝန်ဖြစ်တဲ့ လေအနည်းအများပမာဏထည့်သွင်းခြင်းကို အတိအကျမလုပ်ဆောင်နိုင်တော့ဘဲ အညစ်အကြေးပိတ်ဆို့မှု အနည်းအများပမာဏအပေါ်မူတည်ပြီး သင့်ကားမှာ အောက်ပါ ရောဂါလက္ခဏာတွေဖြစ်ပေါ်လာပါလိမ့်မယ်။

(၁) စက်နှိုးရကြာမယ်၊ စက်နှိုးရာမှာ ပုံမှန်ထက် ကရိုင်းရှပ် (crankshaft) လည်ပတ်ရနှုန်းတွေပိုများလာမယ်။

(၂) အင်ဂျင်အနှေးလည်ပတ်မှုအခြေအနေ (idle speed) မတည်မငြိမ်ဖြစ်မယ်၊ အင်ဂျင်အနှေးလည်ပတ်နေတဲ့အချိန်မှာ ပုံမှန်မဖြစ်ဘဲ အတက်အကျမတည်မငြိမ်ဖြစ်ပေါ်မယ်။

(၃) အင်ဂျင်အနှေးလည်ပတ်နေတဲ့ အခြေအနေမှာ လေတံခါးအတွင်းပိတ်ဆို့နေတဲ့ကြေးတွေကြောင့် အဖွင့်အပိတ်မမှန်ဖြစ်ပြီး လေယိုစိမ့်မှုဖြစ်ကာ စက်သေသွားမယ်၊ ဒါမှမဟုတ် slow speed ဖြစ်သွားပါမယ်။

(၄) အင်ဂျင်တုံ့ဆိုင်းဆိုင်းဖြစ်မယ်၊ ဥပမာအားဖြင့် ကားမောင်းနေရင်း အကြောင်းတစ်ခုခုကြောင့် လီဗာကိုလျော့လိုက်တယ်ဆိုရင် စက်ကတုံ့ဆိုင်းဆိုင်းဖြစ်သွားပြီး စက်သေချင်သလိုလိုဖြစ်တာမျိုး၊ မီးပွိုင့်မိလို့ စက်ရှိန်လျော့လိုက်တာနဲ့ စက်သေသွားတာမျိုးတွေဖြစ်လာပါမယ်။

ဒီလိုဖြစ်လာပြီဆိုရင် throttle body (လေတံခါး) ကိုဖြုတ်ပြီး လေတံခါးထဲက အညစ်အကြေးတွေ၊ ဂျိုးတွေကို ဆေးကြောသန့်စင်ဖို့လိုနေပါပြီ။ လေတံခါးသန့်ရှင်းတဲ့ဆေးရည်တွေနဲ့ ဆေးကြောနိုင်သလို၊ အများအားဖြင့် ဓာတ်ဆီနဲ့လည်းဆေးကြောနေတာတွေ့ရပါတယ်။

Readmore;အမေရိကန်ဆီဒန်ကားများဖြစ်သည့် Ford Taurus နှင့် Chevrolet Cruze တို့ ထုတ်လုပ်မှု တရားဝင်ရပ်ဆိုင်း

TPS (throttle position sensor)

လေတံခါးအာရုံခံကရိယာဆိုတာက ကားမှာရှိတဲ့လေတံခါးရဲ့ အလုပ်လုပ်ပုံတွေကို ကူညီထိန်းချုပ်လုပ်ဆောင်ပေးတဲ့ အရာပါ။ ယေဘုယျအားဖြင့်တော့ လေတံခါးထဲမှာရှိတဲ့ butterfly valve တွေရဲ့အပိတ်အဖွင့်နဲ့တည်နေပုံတွေကို အာရုံခံပေးပြီး ထိန်းချုပ်လုပ်ဆောင်ခြင်းဖြစ်ပါတယ်။ မော်ဒယ်မြင့်ကားတွေမှာတော့ ECU (engine control unit) ကနေပြီး အာရုံခံစနစ်တွေ၊ သတင်းပို့စနစ်တွေကို အသုံးပြုကာ ETC (electronic throttle control) စနစ်တွေအနေနဲ့ လုပ်ဆောင်ပေးပါတယ်။

တခြားလုပ်ဆောင်ချက်အနေနဲ့ကတော့ လေတံခါးအာရုံခံကရိယာတွေနဲ့ automatic transmission လို့ခေါ်တဲ့ အော်တိုဂီယာစနစ်တွေ တွဲဖက်လုပ်ဆောင်ပြီး ဂီယာပြောင်းလဲမှုဖြစ်စဉ်တွေကို ထိန်းချုပ်လုပ်ဆောင်ခြင်းပါပဲ။ ဒီလိုလုပ်ဆောင်ချက်တွေကို လုပ်ဆောင်ပေးနေတဲ့ အာရုံခံကရိယာတွေ ချို့ယွင်းပျက်စီးမယ်ဆိုရင် သင့်ကားမှာ အောက်ပါရောဂါလက္ခဏာတွေဖြစ်ပေါ်လာပါမယ်။

(၁) ကားအရှိန်တက်မှုနှေးကွေးမယ်

ပုံမှန်အားဖြင့် ကားတွေမှာ ကားလီဗာနဲ့ ကားရဲ့အရှိန်ဟာတိုက်ရိုက်ဆက်သွယ်နေပါတယ်၊ လေတံခါး အာရုံခံကရိယာတွေ ကြောင်လာမယ်ဆိုရင်တော့ လီဗာနင်းရင် နင်းသလောက် ကားအရှိန် မြင့်တက်လာမှာမဟုတ်တော့ပါဘူး။လီဘာကိုနင်းလိုက်တဲ့ အရှိန်နဲ့ ကားရဲ့အရှိန်မြင့်တက်လာမှု ကွာဟနေမယ်ဆိုရင်တော့ သင့်ကားရဲ့ လေတံခါးအာရုံခံကရိယာတွေ ကြောင်နေပါပြီ။ အထူးသဖြင့် ကားအရှိန်တက်လာပြီးမှ ရုတ်တရက် တုံ့ဆိုင်းဆိုင်းဖြစ်သွားတာမျိုးပါ။

(၂) ခဏခဏ စက်သေသေသွားခြင်း

အခြားလေတံခါးအာရုံခံကရိယာ မကောင်းခြင်းကြောင့်ဖြစ်စေတဲ့ ထင်ရှားတဲ့ရောဂါလက္ခဏာကတော့ အင်ဂျင်စက်နှိုးကြည့်ထားချိန်နဲ့ မောင်းနှင်နေတဲ့အချိန်နှစ်ခုလုံးမှာ ခဏခဏစက်သေသွားခြင်းပါပဲ။ အင်ဂျင်စက်သေသေသွားရခြင်းရဲ့ ရောဂါတွေ အများကြီးရှိတဲ့အထဲကမှ ပုံမှန်စက်ခဏခဏသေသွားတတ်ခြင်းက လေတံခါးရောဂါကြောင့်ပါဆိုပြီး ပညာရှင်တွေက သတ်မှတ်ထားပါတယ်။

(၃) အရှိန်အလိုလိုမြန်လာခြင်း

လီဗာကို အရှိန်တစ်ခုရအောင် ပုံမှန်နင်းထားရာကနေ ကားအရှိန်တွေကပုံမှန်မဟုတ်ဘဲ အလိုလိုမြန်လာမယ်၊ တိုးပြီးတက်လာမယ်ဆိုရင်လည်း အဲဒါလေတံခါးအာရုံခံကရိယာကြောင့်ဖြစ်တတ်တဲ့ ရောဂါလက္ခဏာရပ်ပါပဲ။

(၄) ဂီယာအပြောင်းအကူးပြဿနာ

TPS (throttle position sensor) တွေက လီဘာဘယ်လောက်နင်းတယ်ဆိုတာကို တိတိကျကျသတင်းမပို့နိုင်ရင် သင့်အရှိန်အနိမ့်အမြင့်ကို အင်ဂျင်ထိန်းချုပ်စနစ်က သေချာမသိဘဲ ဂီယာအကူးအပြောင်းတွေ ပြုလုပ်ခြင်းဆိုတဲ့ ပြဿနာတွေဖြစ်လာနိုင်ပါသေးတယ်။

(၅) Engine check မီးလင်းလာတာ

Engine check မီးလင်းလာရခြင်းအကြောင်းအရာတွေ များစွာရှိရတဲ့အထဲကမှ အပေါ်ကလက္ခဏာရပ်တွေလည်းဖြစ်တယ်၊ engine check မီးလည်းလင်းလာမယ်ဆိုရင်တော့ အဲဒါ TPS (throttle position sensor) ကြောင့်ဖြစ်ရတဲ့ ရောဂါပါပဲ။ဒီလိုရောဂါလက္ခဏာရပ်တွေပေါ်လာပြီဆိုရင်တော့ on board diagnosis (OBD) နည်းပညာများဖြင့်ပြစ်ချက်ရှာစစ်ဆေးပြီး စနစ်တကျပြုပြင်သင့်ပါတယ်။

Credit;Lynn Za Nee (P.T.U)

Read 4400 times