ကားတစ်စီးတွင် ဆူညံသံမာျးကို ထိန်းချုပ်ရန် ထည့်သွင်းထားသော အိတ်ဇောစနစ် (Exhaust System)


မော်တော်ယာဉ်တစ်စီးတွင် အိတ်ဇောစနစ် (Exhaust System) သည် ဆူညံသံများကို လျော့နည်းစေခြင်းနှင့် လေထုညစ်ညမ်းမှုကို ဖြစ်စေသော Exhaust Emission ထုတ်လွှတ်မှုကို ထိန်းချုပ်လျော့ချပေးရန်

အတွက် ဖြစ်သည်။ အိတ်ဇောဘူးပေါက်နေသော ကားတစ်စီး၏ ဆူညံသံများသည် ကျယ်လောင်လွန်းလှပြီး ပတ်ဝန်းကျင်မှ အများပြည်သူတို့အား စိတ်အနှောက်အယှက် ဖြစ်စေသည်။

ကျယ်လောင်စူးရှသော ဆူညံသံများကို ပတ်ဝန်းကျင် ထိခိုက်စေသော အရာများဟု သတ်မှတ်ထားသည်။ ဆူညံသံများသည် လူတို့၏စိတ်ပိုင်းဆိုင်ရာ သာမက နားကျန်းမာရေးနှင့် အကြား အာရုံကိုလည်း

ထိခိုက်စေနိုင်သည်။

 မော်တော်ယာဉ်စီးရေ တိုးတက်များပြား လာခြင်းနှင့်အတူ ယာဉ်ကြောပိတ်ဆို့မှုသာမက အင်ဂျင်အိတ်ဇောဓာတ်ငွေ့များ စွန့်ထုတ်မှုကြောင့် မြို့ကြီးပြကြီးများရှိ လေထုအရည်အသွေးသည် ကျဆင်းလျှက် ရှိသည်။

လေထုညစ်ညမ်းမှုပြဿနာသည် စက်မှုထွန်းကားသော မြို့ကြီးများတွင် နေထိုင်ကြရသော အများပြည်သူများအတွက် ဆိုးဝါးသောကျန်းမာရေး ပြဿနာအဖြစ် တွန်းပို့နေသည်။

မော်တော်ယာဉ် အင်ဂျင်စက်များမှ အိတ်ဇော အီမစ်ရှင်း ထုတ်လွှတ်မှုကို အိတ်ဇောစနစ်ဖြင့် ထိန်းချုပ်ထားသည်။ ရေနံလောင်စာဆီများကိုသုံးစွဲသော အင်ဂျင် များမှ မီးလောင်ပေါက်ကွဲပြီး ထွက်လာသော

အိတ်ဇောမီးခိုးများတွင် ဟိုက်ဒြိုကာဗွန်များ၊ နိုက်ထရိုဂျင်အောက်ဆိုဒ်များ (NO2)၊ အဆိပ်ဖြစ်စေသော ကာဗွန်မိုနောက်ဆိုဒ်ဓာတ်ငွေ့များ၊ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့များနှင့် ရေငွေ့များ ရောနှောပါဝင်သည်။

အိတ်ဇောစနစ်တွင် Exhaust Manifolds, Exhaust Pipe, Resonator, Catalytic Converter, Muffler နှင့် Tail Pipe တို့ ပါဝင်သည်။ အဆိုပါအစိတ်အပိုင်းများတွင် အဓိကကျသောအရာမှာ Catalytic Converter

နှင့် Muffler တို့ဖြစ်သည်။ Catalytic Converter သည် အိတ်ဇောဓာတ်ငွေ့များကို သန့်စင်ရာတွင် ဓာတ်ပြု အထောက်အကူ ပြုပေးသော ကိရိယာဖြစ်သည်။

အင်ဂျင်ပေါက်လောင်ခန်းမှ ထွက်လာသော အိတ်ဇောဓာတ်ငွေ့များတွင် မလောင်ကျွမ်းဘဲ ကျန်နေသော ဟိုက်ဒြိုကာဗွန်များ၊ ကာဗွန်မိုနောက်ဆိုဒ်များ၊ နိုက်ထရိုဂျင်အောက်ဆိုဒ်များ ပါဝင်သည်။ Catalytic Converter

ထဲ၌ ကျောက်ဆန်ကာ (ခေါ်) Cerium & Ceramic Honeycomb ကို အိတ်ဇောဓာတ်ငွေ့များ ဖြတ်သန်းသောအခါ Oxidation ဖြစ်ပြီး ကာဗွန်မိုနောက်ဆိုဒ်မှ ကာဗွန်ဒိုင်အောက်ဆိုဒ်သို့ ဓာတ်ပြောင်းသည်။

ဟိုက်ဒြိုကာဗွန်များနှင့် အောက်ဆီဂျင် ပေါင်းစပ်ပြီး ရေနှင့်ကာဗွန်ဒိုင် အောက်ဆိုဒ် အဖြစ် ဓာတ်ပြောင်းသွားသည်။ နိုက်ထရိုဂျင်အောက်ဆိုဒ်နှင့် ကာဗွန်မိုနောက်ဆိုဒ်တို့ ဓာတ်ပြုပြီး နိုက်ထရိုဂျင်ဓာတ်ငွေ့နှင့်

ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့များအဖြစ် ဓာတ်ပြောင်းသွားသည်။ ဤနည်းအားဖြင့် Catalytic Converter သည် လေထုညစ်ညမ်းမှုကို ဖြစ်စေသော ဓာတ်ငွေ့ များကို ဓာတ်ပြောင်းပေးရန် အထောက်အကူ ပြုပေးသည်။

မော်တော်ယာဉ် ထုတ်လုပ်သော ကုမ္ပဏီကြီး များသည် အိတ်ဇောအီမစ်ရှင်း ထုတ်လုပ်မှု အနည်းဆုံးဖြစ်စေရန် သုတေသန စမ်းသပ်မှု မျိုးစုံပြုလုပ်၍ အဆင့်မြင့်နည်းပညာများကို အသုံးပြုလာကြသည်။ သက်ဆိုင်ရာ

နိုင်ငံအစိုးရများကလည်း လေထုညစ်ညမ်းမှု ကာကွယ်ရေးအတွက် ဥပဒေများ ပြဋ္ဌာန်းပြီး မော်တော်ယာဉ် အိတ်ဇောအီမစ်ရှင်း ထုတ်လွှတ်မှုများကို အတတ်နိုင်ဆုံး လျော့ကျစေရန် စီမံဆောင်ရွက်ကြသည်။

Source:car lover

Read 771 times